သားသားမီးမီးတို့အတွက် သံဓာတ်ကြွယ်ဝသော အစားအစာများ
ondoctor.com.mm
|
2020-12-16

သံဓာတ်သည် ခန္ဓာကိုယ်အတွင်း ဆဲလ်များဆီသို့ အောက်ဆီဂျင်ပို့ဆောင်ရာတွင် အကူအညီပေးသော ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။

ထို့ပြင် ကလေးများ၏ကြီးထွားဖွံ့ဖြိုးမှု နှင့်ဦးနှောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတို့တွင်လည်း များစွာအရေးပါကြောင်း တွေ့ရှိရပါသည်။

အကယ်၍ သားသားမီးမီးတို့စားသုံးသော အစားအစာများတွင် သံဓာတ်လုံလောက်စွာပါဝင်ခြင်း မရှိလျှင် သံဓာတ်ချို့တဲ့ခြင်းဖြစ်လာစေနိုင်ပါသည်။

ထိုအခါကလေးများအား သံဓာတ်များပြန်လည် ဖြည့်ဆည်းပေးခြင်းမရှိလျှင် ၎င်းတို့၏ကြီးထွားဖွံ့ဖြိုးမှုများကို ထိခိုက်လာမည်ဖြစ်ပါသည်။


သံဓာတ်ကြွယ်ဝသော အစားအစာများ

သံဓာတ်ကြွယ်ဝသော အစားအစာများကို အမျိုးအစားနှစ်မျိုးခွဲခြားနိုင်ပါသည်။


(၁)သတ္တဝါများမှ အရင်းအမြစ်အဖြစ်ရရှိသော သံဓာတ်အမျိုးအစား။

၎င်းသံဓာတ်အမျိုးအစားကို ခန္ဓာကိုယ်မှ ကောင်းစွာစုပ်ယူနိုင်ကြောင်းတွေ့ရှိရပါသည်။

(ဥပမာ အနီရောင်ရှိသောအသားများနှင့် ပင်လယ်စာများ) စသော အစားအစာများတွင် သံဓာတ်ကြွယ်ဝစွာ ပါဝင်ပါသည်။


(၂)အပင်များမှ အရင်းအမြစ်အဖြစ်ရရှိသော သံဓာတ်အမျိုးအစား။

ထိုသံဓာတ်အမျိုးအစားကို ခန္ဓာကိုယ်မှ လုံလောက်စွာစုပ်ယူနိုင်ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

(ဥပမာ ပဲအမျိုးမျိုး၊ နှံစားသီးနှံများနှင့် အစိမ်းရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ) အစရှိသော အစားအစာများဖြစ်ကြပါသည်။

ထို့ကြောင့် သက်သတ်လွတ်အစားအစာများကိုသာ စားသုံးသောကလေးများအား သံဓာတ်လုံလောက်ပြည့်ဝစွာကျွေးမွေးရန် အလွန်အရေးကြီးပါသည်။

ထို့ပြင် အချို့သော အစားအစာများသည် သံဓာတ်စုပ်ယူခြင်းကို အားပေးသော်လည်း အချို့သည် သံဓာတ်စုပ်ယူရာတွင် တားဆီးနိုင်ကြောင်းတွေ့ရှိရပါသည်။

သံဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ရန် သံဓာတ်ကြွယ်ဝသော အစားအစာများကို စားသောက်ရုံမက သံဓာတ်စုပ်ယူခြင်းကို အကျိုးသက်ရောက်သော အစားအစာများကို ရွေးချယ်စားသောက်ရန် လိုအပ်ပါသည်။


( ၁ ) ဗီတာမင် စီ သည် သံဓာတ်စုပ်ယူခြင်းကို အားပေးသောကြောင့် Vitamin C ကြွယ်ဝသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို သံဓာတ်ပြည့်ဝသော အစားအစာများနှင့် တွဲ၍စားသုံးပါ။


Vitamin C ကြွယ်ဝသော အစားအစာများမှာ

– ချဉ်သော သစ်သီးများ (သံပုရာသီး၊ သံပယိုသီး)

– မာလကာသီး

– စပျစ်သီး

– လိမ္မော်သီး

– နာနတ်သီး

– ပန်းသီး

– လိုင်ချီသီး

– စတော်ဘယ်ရီသီးစသော သစ်သီးအမျိုးမျိုး

– ဟင်းနုနွယ်

– ဘရိုကိုလီ စသော အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များဖြစ်ကြပါသည်။

( ၂ ) ကလေးများအား အစားအစာကျွေးမွေးရာတွင် အပင်နှင့်သတ္တဝါ အရင်းအမြစ်နှစ်မျိုးစလုံး မှရရှိသော သံဓာတ်ပါဝင်မှုရှိအောင် ကျွေးမွေးပါ။

ထို့အပြင် အသားဓာတ်သည် အပင်များမှရရှိသော သံဓာတ်စုပ်ယူမှုကို အားပေးသောကြောင့် ဖြစ်ပါသည်။

( ၃ ) နို့နှင့် နို့ထွက်ပစ္စည်းများကို သံဓာတ် ပါဝင်သော အစားအစာများစားနေစဉ် သို့မဟုတ် စားပြီးနောက် ချက်ချင်းစားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။

အကြောင်းရင်းမှာ ၎င်းအစားအစာများတွင်ပါဝင်သော ကယ်လ်ဆီယမ်ဓာတ်သည် သံဓာတ်စုပ်ယူခြင်းကို တားဆီးနိုင်သော အကျိုးသက်ရောက်မှုရှိသောကြောင့် ဖြစ်ပါသည်။

( ၄ ) ကလေးများအား အစားအစာကျွေးမွေးချိန်တွင် ကော်ဖီ၊ လက်ဖက်ရည် တိုက်ကျွေးခြင်းမှရှောင်ကြဉ်ပါ။

ကော်ဖီနှင့်လက်ဖက်ရည်တို့သည် သံဓာတ်စုပ်ယူမှုကို နှောင့်နှေးစေသော အာနိသင်ရှိသော အစားအစာများဖြစ်သောကြောင့် ဖြစ်ပါသည်။


( ၅ ) ကလေးများအားLysine ဓာတ်ပါဝင်သော အားဆေးများကို အစာမစားခင်တိုင်း တိုက်ကျွေးပါ။


Lysine ဓာတ်သည် သံဓာတ်ကိုကောင်းစွာစုပ်ယူရန်အားပေးသော အမိုင်နိုအက်ဆစ်ဓာတ်တစ်မျိုး ဖြစ်သောကြောင့် သားသားမီးမီးတို့အား Lysine ဓာတ်ပါဝင်သော အားဆေးများကို တိုက်ကျွေးသင့်ပါသည်။

အပင်များမှရရှိသော သံဓာတ်ကြွယ်ဝသော အစားအစာများမှာ

– သစ်သီးခြောက်များ

– ချောကလက်အမည်း

– အုန်းသီး

– အုန်းနို့

– တိုဖူး

– ဟင်းနုနွယ်

– မှို

– ပဲအမျိုးမျိုး

– အာလူး

– ခရမ်းချဉ်သီး

– နှံစားသီးနှံ

– သီဟိုဠ်စေ့

– ဖရဲသီး စသည်တို့ဖြစ်ပါသည်။

သတ္တဝါများမှ ရရှိသော သံဓာတ်ကြွယ်ဝသော အစားအစာများမှာ

– ကြက်အသည်း၊ အမဲအသည်း

– အမဲသား

– ဘဲသား

– ဆားဒင်းငါး

– တူနားငါး

– ဆယ်လ်မွန်ငါး

– ကမာကောင်

– ကြက်ဥ၊ဘဲဥ အနှစ် စသည်တို့ ဖြစ်ပါသည်။

Author : Dr. မိုး (ဆေး ၁)




Some text some message..