လူကတော့ ဘာမှမဖြစ်ပါဘူး၊ ဆေးစစ်လိုက်တော့ A.S.O တက်နေတယ်။ ၃၀ဝ ရှိတယ်၊ ဘာလုပ်ရမလဲ ဟိုနာ၊ ဒီနာ ဖြစ်လို့ စစ်လိုက်တာ A.S.O တက်နေတယ်၊ ဘာလုပ်ရမလဲအရင်နှစ်လကစစ်တာ A.S.O ၂၅၀ ရှိတာ၊အခု ၄၀ဝ ဖြစ်နေပြီ၊ ပင်နယ်ဆလင် သောက်တာပဲ၊ ဘာဆက်လုပ်ရမလဲ သမီးလေး လေးဖက်နာ ဖြစ်နေတာ၊ ပင်နယ်ဆလင်အဆီ ထိုးနေတာ ၃ နှစ် ရှိပြီ၊ ဆက်ထိုး ရမလား A.S.O တက်နေတယ်၊ လေးဖက်နာ ဖြစ်နေပြီ၊ ဘာဆေး သောက်ရမလဲ စာရေးသူ မကြာခဏ ကြားရသော လူနာနှင့် လူနာရှင်များ ပြောစကားများဖြစ်ပါသည်။ဆေး ခန်းသို့ လာပြသော လူနာများ ထံမှ ကြားရ တတ်သကဲ့သို့ သွားလေရာ၊ ရောက်လေရာမှာ မကြာခဏ ကြားရ တတ်သော စကားများဖြစ်သည်။ A.S.O ဆိုတာ ဘာမှန်းမသိ၊ လေးဖက်နာဆိုတာ ဘာမှန်းမသိ၊ သေချာတာ တစ်ခုကတော့ A.S.O ဆိုသည်မှာ လေးဖက်နာ ဖြစ်သည်ဟု ယူဆကြခြင်း ဖြစ်သည်။ A.S.O ဆိုသည်မှာ ဘာလဲ လေးဖက်နာ ဆိုသည်မှာ ဘာလဲဟု သိထားရန် လိုသည်။ သို့မှသာ လူနာများအနေနှင့်အဓိပ္ပာယ်ရှိရှိတွေး၊ မှန်ကန်သော ကုသမှုကို ခံယူ၊ စိုးရိမ်ပူပန်မှုများကို လျှော့ချ နိုင်မည် ဖြစ်သည်။အေအက်စ်အို (A.S.O) ၏အရှည်မှာ Anti-Streptococcal-O- Antibody ဖြစ်သည်။ လွန်ခဲ့သော ၂ ပတ်မှ ၂ လအတွင်း Streptococcus ခေါ် ဗက်တီးရီးယား ပိုးဝင်ပြီးနောက် ခန္ဓာကိုယ်၏ တုံ့ပြန်မှုအနေနှင့် ထုတ်ပေး လိုက်သော ခုခံအား၊အင်တီ ဘော်ဒီဖြစ်သည်။ ယင်းသည် ခုခံအား ဖြစ်သကဲ့သို့ Streptococcus ပိုးဝင်ခြင်း၏အမှတ်အသားလည်း ဖြစ်သည်။ ထို Strep ဗက်တီးရီးယား ပိုးသည် ခန္ဓာကိုယ်တွင် ရောဂါ မျိုးစုံ ပေးလေ့ရှိသည်။ လည် ချောင်းနာ (Sore throat)၊အဆုတ်ပွ (Chest infection)၊အရေပြားအနာ (Skin infection) စသည်ဖြင့် မျိုးစုံသည်။ ထို့ကြောင့် A.S.O သည် ယခင်က လည်ချောင်းနာ၊အရေပြားအနာ ဖြစ်ခဲ့သည်ကို ပြသည်။ A.S.O သည် ပိုးတစ်ခါ ဝင်ပြီးလျှင် ချက်ချင်း မပျောက်တတ်၊ လအနည်း ငယ် ကြာတတ်သည်။ လေးဖက်နာအဖျားကို ဆေးပညာအရ ရူမက်တစ်ဖီဘာ (Rheumatic Fever) ဟုခေါ်သည်။ Strep ပိုး ဝင်ပြီးနောက် နှစ်ပတ်အကြာတွင် ဖြစ်လာသောအဆစ်ရောင် ရောဂါ ဖြစ်သည်။ Strep ပိုးဝင်ပြီး ထွက်လာသောအင်တီဘော်ဒီ (Antibody) ခုခံအားက မိမိ ခန္ဓာကိုယ်အဆစ်များကို ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်။အဆစ် သာမက နှလုံး၊အရေပြား တို့တွင်လည်း ရောဂါ လက္ခဏာပေါ်စေသည်။ လေးဖက်နာအဖျားတွင် ထူးခြား ချက်များ ရှိသည်။အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်းအဖြစ် များသည်။အရွယ်မရွေး ဖြစ်နိုင် သော်လည်းအသက်ကြီး သူများတွင် ဖြစ်နိုင်ခြေ နည်းသည်။အရွယ်မရွေး ဖြစ်နိုင်သော်လည်းအသက် ကြီးသူ များတွင် ဖြစ်နိုင်ခြေ နည်းသည်။ ထို့ကြောင့် ဆရာဝန်ကအဆစ်ရောင်သော ကလေးနှင့် ဆယ်ကျော်သက် လူငယ်တို့တွင် လေးဖက်နာ ဖြစ်နိုင်ခြေကို ဦးစားပေး စဉ်းစားလေ့ ရှိသော်လည်းအသက်ကြီးလူနာအဆစ်နာ ပါကအခြား ရောဂါများကို ပိုစဉ်းစားလေ့ ရှိသည်။ လေးဖက်နာအဆစ်နာခြင်းသည်အဆစ်ကြီးများ နာလေ့ ရှိသည်။အလွန်အမင်း နာသည်။အဆစ်များရောင်ကိုင်း၍ လှုပ် မရလောက်အောင် နာသည်။အိပ်ရာတွင် နား နေရ လောက်အောင် နာသည်။အဆစ်အများစု ထိသည်။ တစ်ဆစ်ပြီးမှ တစ်ဆစ် နာသည်။ တစ်ဆစ်တွင် နည်းနည်းသက်သာ၊ နောက်တစ်ဆစ်တွင် စနာ စသည်ဖြင့် လှည့်ပြီး နာလေ့ရှိသည်။အလွန်အမင်းနာသော်လည်း ပျောက်သွားပါက လုံးဝပြန်ကောင်းသွားလေ့ ရှိသည်။ နာတာရှည်အဆစ်နာပြဿနာ ကျန်လေ့ မရှိ။အဆစ် များမှာ ပုံပျက် ပန်းပျက် ပျက်စီး သွားလေ့ မရှိ။ လူအများစိုးရိမ်ကြသည်မှာ နှလုံး ထိခိုက်မှု ဖြစ်သည်။ လေးဖက်နာသည်အဆစ် ရောင်ရုံ သာမက နှလုံးပါ ရောင်ပါက လူနာသည် ရင်တုန်၊ နှလုံးနာ၊ မောပန်း၊ ခြေထောက်ရောင်၊အမောဖောက် စသည်တို့ခံစားရသည်။ ထို့အပြင်အရေပြားအကွက်ပေါ်၊အရေပြားအဖုအလုံးပေါ်၊ မူမမှန် ခန္ဓာကိုယ် လှုပ်ရှား စသည်ဖြင့်လည်း ပေါ်တတ်သည်။ ဤလက္ခဏာအားလုံးသည် လေးဖက်နာအဖျား၏ လက္ခဏာများ ဖြစ်သည်။အဖြစ်အများဆုံးမှာအဆစ် ရောင်ခြင်း ဖြစ်ပြီးအရေးအကြီးဆုံးမှာ နှလုံး ရောင်ခြင်း ဖြစ်သည်။ နှလုံး ရောင်ပါက လုံးဝ ပျက်စီး သွားလေ့ရှိပြီး နာတာရှည် နှလုံး ရောဂါ ဖြစ်စေသည်။ ထို့ကြောင့် လေးဖက်နာသည်အဆစ်ကို လျှာနှင့် လျက်ရုံ လျက်၍ နှလုံးကိုအနာရွတ် ထင်အောင် ကိုက်သည်ဟု တင်စားလေ့ရှိသည်။အဆစ်၊ နှလုံး၊အရေပြား လက္ခဏာ တို့ကို လေးဖက်နာတွင် သာမကအခြား ရောဂါများတွင်ပါ တွေ့ရလေ့ ရှိရာအဓိက ကွာခြားချက်မှာ လေးဖက်နာ တွင် A.S.O မြင့်တက် နေခြင်းဖြစ်သည်။ ထို့ကြောင့်အဆစ်ရောင် ကျယ်၊ပြီး A.S.O တက်လျှင် လေးဖက်နာဟု သတ်မှတ် နိုင်သော်လည်းအဆစ် မရောင်ဘဲ A.S.O သာ တက်ပါက လေးဖက်နာဟု သတ်မှတ်ခြင်းမှာအင်္ဂါ မစုံ၊ မပြည့် မစုံ သတ်မှတ်ခြင်းဟု ဆိုရပေမည်။ ယခင်က Strep ပိုးဝင်ခြင်းကို ပြ သည်ထက် မပိုဟု ဆိုနိုင်သည်။ လေးဖက်နာအဖျား၏ နောက်ဆက်တွဲ ပြဿနာ Strep ဗက်တီးရီးယား ပိုးဝင်၊ A.S.O တက်၊ လူနာအချို့ လေးဖက်နာအဖျား (Rheumatic Fever) ဖြစ်၊ ထိုလူနာများအနက်အချို့သည် နာတာရှည် နှလုံးရောဂါ ဖြစ်တော့သည်။ လေး ဖက်နာအဖျား တစ်ခါဖြစ်၊ နှစ်ခါ ဖြစ်ရာမှ ထပ်ခါထပ်ခါ ဖြစ်လေ နှလုံးကို ထိခိုက်လေ ဖြစ်သည်။ လေးဖက်နာ နှလုံး ရောဂါ (Rheumatic Heart Disease) ဟုခေါ်သည်။ နှလုံးအခန်း များအကြားရှိအပေါက်များကျဉ်း၊ ကျယ် မလုံ စသည်ဖြင့် မျိုးစုံဖြစ်လေ့ရှိသည်။ လူနာအနေနှင့် ရင်တုန်၊အမောဖောက်၊ ခြေထောက်ရောင်၊ရေဖျဉ်းစွဲ စသည်ဖြင့် မျိုးစုံခံစားရသည်။ နာတာရှည် ရောဂါ ဖြစ်သည့်အလျောက် ပညာရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးထိခိုက်တော့သည်။အေအက်စ်အိုနှင့် လေးဖက်နာအေအက်စ်အိုသည် Strep ဗက်တီးရီးယား ပိုးဝင်ခဲ့သည်ကို ပြသည့်အတွက် A.S.O တက်လျှင်လေးဖက်နာ ဖြစ်နိုင်သည်ဟုအကြမ်းဖျင်း ဆိုနိုင် သော်လည်း A.S.O တက်တိုင်း လေးဖက် နာဖြစ်သည် မဟုတ်ပေ။ A.S.O တက်သူ မည်မျှသည် လေးဖက်နာဖြစ် သည်ဟု သေသေချာချာ မသိနိုင်သော်လည်း ရာခိုင်နှုန်းအားဖြင့် နည်းသည်ဟု ဆိုနိုင်သည်။အလားတူ လေးဖက်နာအဖျား ရာခိုင်နှုန်း မည်မျှသည် နာတာရှည် လေးဖက်နာ နှလုံး ရောဂါဖြစ်သည်လည်း မသိကြချေ။ သို့ရာတွင် လေးဖက်နာ ဖျားစဉ်အဆစ်ရောင်ရုံ သာမက နှလုံးပါ ရောင်ပါက နာတာရှည် နှလုံးရောဂါ ပိုဖြစ်လေ့ရှိသည်။ A.S.O ကုသခြင်း - လေးဖက်နာ ကာကွယ်ခြင်း A.S.O တက်နေခြင်းသည် မကြာခင်က Strep ဗက်တီးရီးယား ပိုးဝင် ခဲ့သည်ကို ပြသည့်အလျောက် ဆက်လက် ရှိနေနိုင်သော ပိုးကို ပင်နယ် ဆလင် (Penicillin) ပေး၍ ကုသလေ့ရှိသည်။ လူနာသည် လည်ချောင်းနာ၊အရေပြားအနာ ရှိနေပါက ပို၍ပင် ကုသင့် ပါသည်။ - ပင်နယ်ဆလင်ကို တစ်ပတ်ကြာ ပေးလေ့ရှိသည်။ A.S.O မြင့်နေသူများကို လေးဖက်နာကာကွယ် ရန် ပင်နယ်ဆလင် နှစ်ချီ၍ ပေးသင့်သလား။အများ စိတ်ဝင်စားသော မေးခွန်း ဖြစ်သည်။ လေးဖက်နာ ကာကွယ်ခြင်း သုံးဆင့် ရှိသည်။ A.S.O သာ မြင့်တက်ပြီး တစ်ကြိမ်တစ်ခါမျှ လေးဖက်နာအဖျား၊အဆစ်ရောင်သူ မဖြစ်ဖူး သူတွင် ကာကွယ် ပါက ပထမအဆင့် ကာကွယ်ခြင်း ဟုခေါ်သည်။ လေးဖက်နာ ဖြစ်ဖူးသူတွင် နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ကာကွယ် ခြင်းကိုဒုတိယအဆင့်၊ လေးဖက်နာ နှလုံးရောဂါ ဖြစ်ပြီးမှ နောက်ထပ် လေးဖက်နာအဖျား မဖြစ်အောင် ကာကွယ်ခြင်းကို တတိယအဆင့် ကာကွယ်ခြင်းဟု ခေါ်သည်။လေးဖက်နာ ဖြစ်ဖူး သူနှင့် လေးဖက်နာ နှလုံးရောဂါ ရှိသူများတွင် ကာကွယ်ခြင်း ဖြစ်သည့် ဒုတိယအဆင့်နှင့် တတိယအဆင့် ကာကွယ်ခြင်း တို့မှာအငြင်းပွားဖွယ် မရှိချေ။လူနာသည် ပင်နယ်ဆ လင်ကို နှစ်ချီ၍ ကုသမှု ခံယူ သင့်သည်။ ပထမအဆင့် ကာကွယ်ခြင်းဖြစ်သည့် A.S.O တက်ရုံဖြင့် ပယ်နယ် ဆလင် နှစ်ချီ၍ သောက်ခြင်းမှာမူ စဉ်းစားရန် လိုသည်။ A.S.O တက်တိုင်း လေးဖက်နာ ဖြစ်သည် မဟုတ်သောကြောင့် ဖြစ်သည်။ လူနာက ကလေး၊ လူငယ်၊ A.S.O တက်ရုံ သာမကအဆစ်ပါ ရောင်ပါက လေးဖက်နာ ကာကွယ်ရန်အလေးသာသည်ဟု ဆိုချင် သည်။အသက်ကြီးကြီး၊ ၄၀ ကျော် ၅၀၊ ဘာမှမဖြစ်၊ A.S.O တက်ရုံသာ ဆိုလျှင်တော့ မလိုဟု ယူဆပါသည်။ လည်ချောင်း မကြာခဏနာတတ်သူ များတွင်လည်း ပင်နယ်ဆလင်အချိန် ကြာကြာ ပေးလေ့ ရှိသည်။ - ပင်နယ်ဆလင် ပေးရမည့် ကာလ လေးဖက်နာအဖျား ဖြစ်ဖူးသူနှင့် နာတာရှည် လေးဖက်နာ နှလုံး ရောဂါ ခံစား နေရသူများတွင် ပင်နယ် ဆလင် နှစ်ချီ၍ ပေးလေ့ ရှိသည်။ သောက်ဆေး သို့မဟုတ် သုံးပတ် တစ်ခါထိုးရ သော ဆေးသုံးလေ့ ရှိသည်။ မည်မျှ ကြာကြာ ပေးသင့်သည်မှာအခြေအနေပေါ် မူတည်သည်။ လေးဖက်နာအဖျား ဖြစ်ပြီး ၅ နှစ်ကြာ ထိပေးရန်၊အသက် ၂၁ နှစ် ထိပေးရန်၊ တစ် သက် လုံးပေးရန် စသည်ဖြင့်အယူအဆ မျိုးစုံ ရှိသည်။ ကလေး၊ လူငယ် တစ်ယောက်တွင် လေးဖက်နာအဖျား တစ်ကြိမ် ဖြစ်ဖူးပါက ကြာကြာ ပေးလေ ကောင်းလေဟု ယူဆကြသည်။ လေး ဖက်နာ နှလုံး ရောဂါ ခံစား နေရသူများအတွက်မူ တစ်သက်လုံး ကာကွယ်လေ့ ရှိသည်။ တချို့ကအသက် ၄၀ ထိ ကာကွယ်သည်။ ယခုအခါတွင် လူအများစုက A.S.O တက်ရုံဖြင့် ပင်နယ် ဆလင် သောက်လေ့ ရှိကြသည်။ မှားသည်၊ မှန်သည် ဆိုရ ခက်သည်။ ကလေး လူငယ်များတွင်တော့ ပိုသောက်သင့် သည်ဟု ယူဆသည်။ ပင်နယ်ဆလင် ကြိုသောက် ကြသော ကြောင့်လား မသိ။ ယခုအခါတွင် လေးဖက်နာ နာတာရှည် နှလုံး ရောဂါ လူနာများကို ယခင် ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက် မတွေ့ရတော့ချေ။ Credit : ပါမောက္ခ နေဝင်း(ဆေးပညာ)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။