ဆိုင်ကယ်ကို ဂီရာထိုးပြီး စီးထွက်လာလိုက်သည်ဆိုသည်နှင့်အေးမြလတ်ဆတ်သောမိုးသက်လေပြေနုနုလေးများက ကျွန်တော့်အားဆီးယူသိမ်းဖက်လိုက်လေသည်။တကိုယ်လုံးအသည်းခိုက်အောင်အေးမြသွားပြီး တနေ့တာလုံးပင်ပန်းနေသည့် နွမ်နယ်မူများက ယူထုတ်ပစ်လိုက်သလိုပြေပျောက်သွား၏။
ဆိုင်ကယ်စီးရင်းတိုက်ခတ်လာသောလေပြေနုနုလေးများကို နှလုံးသားထဲထိရောက်အောင်အားပါတရ ကျွန်တော် ရှုရှိုက်လိုက်မိလေသည်။ညနေကအနည်းငယ်ရွာထားသောမိုးများကြောင့် မိုးမြေနံ့သင်းသင်းတို့က လေပြေထဲမှာ ရောပြီးမွှေးပျံလို့။ရေစိုနေသော မြို့၏ကတ္တရာလမ်းတို့က စိုပြီးမည်းနက်နေ၏။ကားလမ်းဘေးရှိညဈေးတန်းဆိုင်များမှ မှဈေးသည်များ တောင်အစီအရီခင်းရင်းလို့နေလေပြီ။
အနောက်တောင်တန်း ကြီ:များအပေါ်တွင်ကောင်းကင်အနားတိမ်ညိုအဖျားများက နေရောင်ဟမ်မူကြောင့် နီရဲလို့နေ၏။
ယခုချိန်လောက်ဆိုနေမင်းကြီးလည်းဝင်သွားလောက်လေပြီ။
ရုတ်တရက် မြို့ပေါ်လမ်းမီးတိုင်များလင်းလက်လာပြီး ညချမ်းဆိုသည့်အချိန်ကို ကြိုဆိုကြလေပြီ။လမ်းမှာထင်ထင်ရှား ရှားအလင်းရောင်ရှိနေသေးသော်လည်းအရိပ်ကျသောနေရာတို့တွင်ကားအမှောင်ရိပ်တို့က ထင်ရှားလို့နေလေပြီ။
ကျွန်တော် ဆိုင်ကယ်မောင်းရင်း ဘယ်ဘက်လက်တွင်ပတ်ထားသောနာရီကိုကြည့်လိုက်မိ၏။
``အို……….။ ခြောက်နာရီနှင့်မိနစ်လေးဆယ်တောင်ရှိပြီပဲ….။’’
နာရီကိုကြည့်ပြီး သက်တစ်ချက်ဟင်းခနဲ့ချလို်က်မိသေး၏။
အမေမှာလိုက်သေးသည့်ပစ္စည်းများ ဝယ်ရဦးမည်ဖြစ်သောကြောင့် ဆိုင်ကယ်ကို လမ်းဘေးကုန်စုံဆိုင်တစ်ဆိုင်တွင်ထိုးရပ် လိုက်သည်။ထို့နောက် စာရင်းဖြင့်အသေအချာရေးမှာလားတေသာအမေ့ရဲ့ စာရင်းစာရွက်သေးသေးလေးကို ဂျင်းဂျာကင်အိတ်ကပ်ထဲက ထုတ်ကာ ဆိုင်တွင်တွက်ချက်ကာဝယ်လိုက်၏။
တစ်လစာမီးဖိုချောင်သုံးပစ္စည်းများကအတော်လေးများပါသည်။သုံးပိသာလောက်အလေးရှိသောအထုတ်ကို ဆိုင် ကယ်ရှေ့ ဒူးနှစ်ခုကြားထဲညှပ်ကာထည့်ရင်း ထပ်မံစီးထွက်လာခဲ့၏။အချိန်က ခုလောက်ဆို ၇ နာရီထိုးလုလုတောင်ရှိရောပေါ့။
ဘဏ်မှာအလုပ်လျှောက်စဉ် က သုံးနာရီဘဏ်ပိတ်သည်ကို ကြည့်၍လေးနာရီလောက်ရုံးဆင်းရမည်အထင်ဖြင့် လာလျှောက်ခဲ့ပြီး တကယ်အလုပ်လည်းရရော ရုံးဆင်းချိန်က ၆နာရီအစောဆုံးသာဖြစ်နေခဲ့တော့ကြောင့် ကျွန်တော်ကိုယ်တိုင်စိတ်ပျက်မိသည်မှာအမှန်ပင်။
အလုပ်မှာသာအချိန်ပြည့်ပေးရလွန်းလို့ ဝါသနာပါရာ စာရေးခြင်းအလုပ်ကိုလုပ်တောင် ရပ်ထားလိုက်တာ ဘယ်လောက်ကြာပြီလဲမသိ။ခုနေများစာ စရေးလျှင်ဘယ်ကနေစရမည်ကိုတောင်မေ့နေသလိုလိုတောင်ရှိချေပြီ။
သို့သော်လည်းမတတ်နိုင်..။ ဘွဲ့ရတွေအတွက်အလုပ်အကိုင်ရှားပါးလွန်းသောအချိန်တွင်အလုပ်တစ်ခုရှိနေခြင်းက ကိုယ့်ကိုယ်ကိုကံကောင်းသူဟုသာသတ်မှတ်ရတော့မလိုလိုပင်။အိမ်နှင့်အသွားပြန်လုပ်ရသောအလုပ်တစ်ခုဖြစ်နေလို့သာ တော်ပါသေးလေသည်။
အသွားအပြန်ရုံးတက်ရသည်ဆိုသော်လည်း ထင်သလောက်တော့မလွယ်ပါ။သုံးမိုင်ကျော်ဝေးသောရွာနှင့်ဘဏ်ကို ဆိုင်ကယ်က နာရီဝက်လောက်ကအသာလေးစီးရ၏။မိုးရွာသည့်အခါများဆို ဒုက္ခရောက်တာ ပြောမပြတတ်အောင်ပါပဲ။ရွာလမ်း ဆိုသည်နှင့်အညီ လမ်းကကိုယ်ထူကိုယ်က ကျောက်ချောလမ်းဖြစ်တာမို့ မိုးရွာချိန် ဆလစ်ဖြစ်ပြီးလှဲတာလည်းအကြီမ်ကြိမ် ။
ဆိုင်ကယ်နှင့်ကျွန်တော့်ဒူးတို့သည်လည်း ဒဏ်ရာများပရပွ။
တဖြည်းဖြည်းအမှောင်ရိပ်ကကြီးစိုးလာပြီဖြစ်သောကြောင့် ကျွန်တော်ဆိုင်ကယ်ရှေ့မီးကို ဖွင့်လိုက်သည်။ ဟောင်းအိုနေပြီဖြစ်တဲ့ဆိုင်ကယ်မီးက ထင်သလောက်တော့မလင်းတာအမှန်ပါ။မျက်လုံးကိုအားစိုက်ကြီးပြီး လမ်းတွေကို ကိုယ့်ဘာသာပုံဖော်နေရသည်ကများ၏။
သွားနေကြလမ်းဖြစ်သောကြောင့်အလွတ်ရနေ၍သာတော်ပါသေးသည်။
ဆိုင်ကယ်ရှေ့မီးကိုအဝေးထိုးလိုက်အနီးထိုးလိုက်မောင်းလာရင်းက ခရီးတော့ တစ်ဝက်လောက်ကျိုးလေပြီ။လူနေအိမ်မရှိသည့် တောင်ကုန်းလေး နှစ်ကုန်းလောက်ကျော်လျှင်တော့ ကျွန်တော်တို့ရွာလေးကိုရောက်ပါတော့မည်။
ပတ်ဝန်းကျင်က မှောင်သထက်မှောင်လာသောကြောင့် သိပ်မလင်းသည့်ဆိုင်ကယ်မီးဖြင့်လမ်းကိုအားယူကြည့်နေရ သည်မှာသိပ်တော့မသက်သာလှ။ကျေးလက်ယာတောများဆီသို့ရောက်သည့်အချိန် စပါးအနံထွက်ချိန်ဖြစ်၍ စပါးနှံ့တို့က လေနှင့်အတူသင်းပျံလို့နေ၏။ညနေကရွာထားသောမိုးကြောင့် ရှုရှိုက်ရသောလေတို့သည် နဂိုထက်လည်းအေးမြလတ်ဆတ်လျက်ရှိ လေသည်။
တစ်ဦးတည်း သီချင်းလေးညည်းကာ လမ်းကိုအားစိုက်ကြည့်ကာမောင်းနေရင်း ရှေ့မှ ရုတ်တရက်ပေါ်လာသောအမျိုးသမီးတစ်ဦးကြောင့် ကျွန်တော်အရှိန်မထိန်းနိုင်ပဲတိုက်မိတော့မလိုဖြစ်သွား၏။ထို့ကြောင့် ဆိုင်ကယ်ဘရိတ်ကို ကျီခနဲ့မြည်အောင်အုပ်လိုက်မိသည်။ရုတ်တရက်မို့ ဆိုင်ကယ်ဆောင့်ကာထိုးရပ်သွားပြီး လှဲမလိုဖြစ်သွားသောကြောင့်ခြေထောက်နှင့်လှမ်းထောက်ထားလိုက်၏။
အချိန်မှီ၍သော်ပါသေးသည်။မဟုတ်ပါက နေရာမှာတင်လှဲနိုင်၏။
ဆိုင်ကယ်လှဲမလိုဖြစ်သည်ကတစ်ကြောင်း ၊ တစ်ယောက်တည်းအတွေးများဖြင့်လာနေစဉ်ထိုအမျိုးသမီးအားရုတ် တရက်တွေ့လိုက်ရသည်က တစ်ကြောင်းကြောင့် လန့်သွားပြီးရင်ခုန်သံတို့တဒိန်းဒိန်းဖြစ်သွား၏။
ဆိုင်ကယ်မီးရောင်အောင်တွင် သနပ်ခါးပါးကွက်ကြားနှင့်အဖြူရောင်အကွက်ဝမ်းဆက်ဝတ်စုံဝတ်ထားသောအမျိုး သမီးကိုကျွန်တော်ကောင်းစွာတွေ့လိုက်၏။အခုမှရေမိုးချိုးထားသည့်ပုံစံဖြင့်သူမပုံစံမှသစ်လွင်တောက်ပြောင်နေသည်။ သနပ်ခါးနံ့လိုလို ရေမွှေးနံ့လိုလိုအနံ့က လေပြေတွေနှင့်အတူကျွန်တော့်နှာခေါင်းထဲသို့ဝင်ရောက်လာ၏။
လူနေအိမ်မရှိသည့် ယခုလိုနေရာတွင် ညကြီးမိုးချုပ်တစ်ယောက်တည်းရှိနေခြင်းကြောင့်ကျွန်တော်အလွန်တရာအံ့သြ သွား၏။ကျွန်တော်တစ်ယောက်တည်းစိတ်ထဲကသုံးသပ်လို့မပြီးသေးခင်သူမက-
``အကို….။ ညီမ ဆိုင်ကယ်အကြုံလိုက်ချင်လို့…။ ညီမက ဒီမြို့ဘက်လမ်းချိုးလေးက ကုန်စုံဆိုင်မှာအရောင်းဝန်ထမ်းလုပ်တာပါ …။ ဒီနေ့အိမ်ပြန်နောက်ကျလို့မှောင်သွားတာ….။ထွက်လာတုန်းကတော့အလင်းကြီးရှိပါသေးတယ်ရှင်…။ တဖြည်းဖြည်းနဲ့မှောင်လာလို့ ဆိုင်ကယ်ဖြစ်ဖြစ် ကားကြုံဖြစ်ဖြစ်ရှာဖို့ ညီမဒီမှာပဲရပ်စောင့် နေလိုက်တာပါ…။အကို့ကိုတွေ့လို့တော်ပါသေးရဲ့’’
အရွယ်ကတော့ကျွန်တော့်ထက်ငယ်လှမှသုံးလေးနှစ်ပေါ့။သနပ်ခါးကိုပါးနှစ်ဖက်မှာထင်းနေအောင်ကွက်ထားပြီးအလုပ်လုပ်လာသည့်ပုံနှင့်မတူ။စကားပြောသံခပ်ဝဲ၀ဲကြောင့်ကျွန်တော်တို့ဒေသသံတော့ ပေါက်နေပါသည်။အရပ်အမောင်း ကောင်းကောင်းနှင့်အသားတွေးက ဝင်းဝါလို့နေ၏။ည ဆိုင်ကယ်မီးရောင်နဲ့တင် တော်တော်လေးချောမောလှပသောမိန်းကလေးဆိုတာ သိသာပါသည်။
``ကျွန်မ လိုက်ခဲ့လို့ရတယ်မလားဟင်အကို…။’’
``အော်…..။အေးပါ…။ ရပါတယ်။လိုက်ခဲ့လေ…။’’
``ဟုတ်ကဲ့ ကျေးဇူးပါပဲအကိုရယ်…။’’
ပြောပြောဆိုဆိုဆိုင်ကယ်နောက်က ဝင်ထိုင်တော့ ဘာရယ်မသိကျွန်တော့်ကျောတွေစိမ့်ခနဲ့ဖြစ်သွား၏။ထိုနောက်ဆံပင်များ ထောင်လာသလိုခံစားလိုက်ရပြီးကြက်သီးဖျန်းဖျန်းထသွားခဲ့သည်။လေအေးတွေအဆက်မပြတ်တိုက်ခတ်နေသောကြောင့် လည်းဖြစ်နိုင်ပါ၏။
``ဒါနဲ့…။ ညီမက ဘယ်အထိပြန်မှာလဲ …။အကိုက ဒီက သဖန်းကုန် ရွာထိပဲ..။အကို့အိမ်က သဖန်းကုန်းရွာမှာ..။’’
``သြော်….။ ဟုတ်ကဲ့ပါအကို …။ ညီမကအဲဒီရွာမရောက်ခင်ဆင်းမှာပါ…။’’
``ဟင်………….။’’
ကျွန်တော်စိတ်ထဲက ဟင်ခနဲ့ဖြစ်သွား၏။ကျွန်တော်တို့ရွာမရောက်ခင် လမ်းတွင်ဘယ်ရွာမှမရှိ။လူနေအိမ်မရှိသည့်အပြင် ရွာရဲ့ ယာတော ကွင်းပြင်ကျယ်ကြီးတာ တမျှော်တခေါ်ဖြစ်၏။
သို့သော်… ကျွန်တော်စောဒကတက်ပြီးဆက်မမေးတော့ ။ သူများကိစ္စကိုလည်းအစကတည်းက ဝင်ပါရတာ ဝါသနာ မပါသူပီပီ တိတ်ဆိတ်၍သာဆိုင်ကယ်ကို သတိထားမောင်းလာခဲ့တော့သည်။
ဆိုင်ကယ်က တဖြည်းဖြည်း လေးလာသလိုခံစားမိ၏။စက်သံပင်အော်လာလေသည်။ထိုမိန်းကလေးလည်း ထိုမျှလောက်မလေးပဲ ဆိုင်ကယ်က ဂီယာနံပါတ် 2နှင့်တောင်သိပ်မရုန်းချင်တော့။အင်ဂျင်ဝိုင်မလှဲတာကြာလို့ဖြစ်နိုင်ပါတယ် လေဟု ကိုယ့်ဘာသာဖြည့်တွေးပြီးတိတ်တဆိတ်သာ ကျွန်တော်ဆက်မောင်းလာခဲ့ပါတော့သည်။
ရင်ထဲမှာတော့တစ်ခုခုကိုစိတ်လေးနေသလိုခံစားရပြီး ထိုကောင်မလေးကိုလည်းကျွန်တော်စကားမပြောဖြစ်တော့။ သူလည်းနောက်မှာ လိုက်လာသည်ဟုပင်မထင်ရလောက်အောင်တိတ်ဆိတ်လို့နေပါသည်။သူလည်းကျွန်တော့်ကဲ့သို့သူ့အတွေးနှင့်တူ ဖြစ်ဟန်တူ၏။
ညကတဖြည်းဖြည်းမှောင်သထက်မှောင်လာသည်နှင့်အညီ တိတ်ဆိတ်သေပတ်ဝန်းကျင်တွင် တောဇီးကွက်ငှက်အော်သံများက ဆိုင်ကယ်သံကိုထိုးဖောက်ပြီးဝင်ရောက်လာ၏။
``အကို ရေ…။ ရပြီ.. ရပြီ .. ရှေ့က မန်ကျည်းပင်လေးမှာ ညီမကိုရပ်ပေး…။’’
ကျွန်တော်လည်းပြောပြောဆိုဆို ဆိုင်ကယ်ကိုထိုးရပ်လိုက်၏။ဘေးပတ်ဝန်းကျင်တွင်မှောင်အတိလွှမ်းလို့နေ၏။လပြည့်ကျော် ရက်ပိုင်းဖြစ်သောကြောင့် လက တော်တော်နှင့်ထွက်မလာသေး။ညနေကတည်းက မိုးရိပ်တွေနှင့်တိမ်တွေတက်နေသော ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှောင်သထက်မှောင်လို့ဖြစ်လေသည်။
ယခုရပ်ပေးလိုက်သောမန်ကျည်းပင်တွင် လူနေအိမ်မရှိ။လူမနီးသူမနီးနေရာဖြစ်၏။အနီးဆုံးဟူ၍ ရှမ်းသချို ၤးပျက်ကြီးသာ ရှိ၏။ထိုသချို ၤးပျက်ကြီးသည်ကား ရှေးရှမ်းစောဘွားများ၏သချို ၤးဖြစ်ပြီးအချိန်ကြာလာသည်နှင့်အမျှဆွေးမြေ့ ပျက်စီးကာအုတ်ဂူများပင်ပျိုကျပျက်စီးကုန်လေပြီ။ဘေးတွေ တောင်ယာလုပ်သမားများ၏ခုတ်ထင်ရှင်းလင်းမူကြောင့်ပြောင် ရှင်းနေပြီး သချို ၤးပျက်ဟူ၍နာမည်သာ ကျန်ပါတော့သည်။
``ဒီနေရာမှာဆင်းမလို့လား…။’’
``ဟုတ်ကဲ့အကို ညီမအိမ်လည်းရောက်တော့မှာဆိုတော့ ဒီမှာပဲဆင်းလိုက်တော့မယ်…။’’
ဟင်….။အိမ်ရောက်တော့မယ်ဆိုပါလား…။ ကျွန်တော်သိသလောက်တော့ ဒီပတ်ဝန်းကျင်တွင်အိမ်မရှိသည်မှာသေချာသည်။ သို့သော်လည်း ယာစောင့်တဲများတော့ရှိ၏။တချို့တောင်ယာလုပ်သမားများက ထိုတဲတွင်နေ၍အလုပ်လုပ်ကြသည် လည်းရှိ၏။ထို့ကြောင့် ထိုကောင်မလေးသည်လည်း မိဘတွေရှိရာယာတဲဆီသို့ပြန်ခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။
``အေးအေးအာ့ဆိုလည်းဆင်းလေ….။’’
``ဟုတ်….။’’
ရုတ်တရက်သူမဆိုင်ကယ်ပေါ်ကအဆင်းကျွန်တော့်ပုခုံးကို လက်နှင့်လှမ်းကိုင်ပြီးအားယူလိုက်စဉ်သူမလက်ချောင်းအဖျားလေး များကျွန်တော့်လည်ဂုတ်သို့လာထိ၏။အေးစက်သောအထိအတွေ့ကြောင့် ကျွန်တော့်တကိုယ်လုံးတုန်လှုပ်သွားခဲ့ရသည်။ ထို့နောက် ရုတ်တရက်ထိုကောင်မလေးအားလှည့်ကြည့်လိုက်မိ၏။
သူမကတော့ပြုံးရွှင်သောမျက်နှာဖြင့်
``ကျေးဇူးနော်…အကို…။’’
``အော်…။အေးအေး…။ ရပါတယ်…။’’
ပြုံးရွှင်စွာ ယဉ်ယဉ်ကျေးကျေးနုတ်ဆက်တော့ ထိုကောင်မလေးအတော်ချစ်စရာကောင်းကြောင်းကျွန်တော်သိလိုက်၏ ။ဘာရယ်မသိကျွန်တော်ပါ ထိုကောင်မလေးအား လှိုက်လှိုက်လှဲလှဲပြုံးပြနုတ်ဆက်လိုက်မိလေသည်။
``နောက်နေ့တွေအိမ်ပြန်နောက်ကျရင်လည်းကျွန်တော့်ကိုစောင့်လေ..။ ကျွန်တော်က ဒီအချိန်ပဲအိမ်ပြန်ချိန်က..။’’
``ဟုတ်ကဲ့ … ကျေးဇူးပါအကို….။မနက်ဖန်လည်းညီမနောက်ကျလောက်တယ်…။အကို့ကိုဆက်ဆက်စောင့်နေ ပါ့မယ်ရှင်…………။’’
``ဟုတ်…အာ့ဆို ကျွန်တော့်ကိုခွင့်ပြုပါဦး…။’’
``ဟုတ်ကဲ့…………။’’
ဘာရယ်မသိ ကျွန်တော့်စိတ်ထဲတွင် ထိုကောင်မလေးအား နောက်တစ်ခေါက်ထပ်တွေ့ချင်စိတ်ဖြစ်နေသောကြောင့် နောက်နေ့တွေအတွက်ပါကျွန်တော်ချိန်းလိုက်မိ၏။ကျွန်တော်ထိုကောင်မလေးအား စိတ်ဝင်စားသွားသည်လား ကျွန်တော်မသိပါ။ သေချာတာတော့ ထိုကောင်မလေးမျက်နှာ နှင့်အပြုံးတို့က ကျွန်တော့်မျက်ဝန်းထဲက မထွက်။ ထို့ကြောင့် ကောင်မလေးအား မြင်ရနိုးနိုးဖြင့် ဆိုင်ကယ်နောက်ကြည့်မှန်ကကြည့်ကြည့်သော်လည်း မှောင်မည်းနေသောပတ်ဝန်းကျင်ကြောင့် ဘာကိုမှမမြင်ရပါ။
နောက်ပြန်လှည့်ကြည့်မိသော်လည်း မှောင်မည်းနေသောကြောင့်ထင်၏။ရှည်မြောမြောအနက်ရောင်မန်ကျည်းပင်ကြီး ကိုသာ တွေ့ရပါသည်။
အခုမှ ကျွန်တော့်ဆိုင်ကယ်က် ဝိတ်ပေါ့သွားသည့်အလား မြန်မြန်ပြေးလေတော့သည်။
ကျွန်တော် ကောက်ချက်ချမိလိုက်သေး၏။
``ရုပ်ကလေးချောသလောက် … တော်တော်အလေးချိန်များတဲ့ကောင်မလေး…။’’
ထို့နောက်ကျွန်တော်အားပါးတရပြုံးလိုက်မိပါသေးသည်။
*************
ယနေ့ရုံးဆင်းချိန်လည်းမိုးချုပ်ပြန်ပြီ။
လကုန်ခါနီးရက်ပိုင်းမို့ ဘဏ်မှာ customer များသည်ကတစ်ကြောင်း၊အရေးထဲငွေစာရင်းအချုပ်မကိုက်သည့် ကတစ်ကြောင်းတို့ကြောင့် ၇ နာရီထိုးခါနီးမှအိမ်ပြန်ဖို့ပြင်ရလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှောင်နေပြီဖြစ်သောကြောင့်မနေ့ကကဲ့သို့ လေကိုအားပါးတရရှုရှိုက်နေဖို့လည်းအချိန်မရှိတော့။ တနေကုန်ပင်ပန်းထားသည့်တန်ကြောင့်အိမ်ကိုအမြန်ပြန်ကာရေမိုးချိုးစားသောက်ပြီးအိပ်ပစ်လိုက်ချင်သည့်စိတ်သာကြီးစိုးလို့ နေပါသည်။
ဆိုင်ကယ်လီဗာကိုတတ်နိုင်သလောက်ဆွဲပြီးအိမ်ကိုရောက်ဖို့အရေးကျွန်တော်စိတ်တွေလောနေမိ၏။
မြို့ပေါ်မှသည် ရွာဘက်ဘက်လမ်းချိုးလေးကိုကွေ့လိုက်သည်ဆိုသည်နှင့် ချောက်တွေ များသောလမ်းနှင့် မှောင်မည်းနေ သောပတ်ဝန်းကျင်ကြီးကို စတင်မိတ်ဆက်ရပြန်လေသည်။ဆိုင်ကယ်မီးကိုအဝေးသို့ထိုးကာမောင်းလာရင်း ရှေ့တွင်အမျိုးသမီး တစ်ဦးလမ်းလျှောက်သုတ်ခြေတင်နေသောကြောင့် ကျွန်တော်အရှိန်ကိုလျော့လိုက်၏။
လမ်းလယ်ခေါင်တည့်တည့်တွင်လျှောက်နေသောထိုအမျိုးသမီးမှာဆိုင်ကယ်လာနေသည်ကိုပင် ဂရုစိုက်သည့်အရိပ်ယောင်မပြပါ။
သူ့အနီးရောက်သည်အထိ လမ်းကိုမော်ဒယ်လျှောက်သလိုလျှောက်နေဆဲဖြစ်၏။ခါးလောက်ရှိသောသူမဆံပင်များကို ဖြန့်ထားသောကြောင့်ဆံပင်များက ကျွန်တော့်၏ခပ်မှိန်မှန်ဆိုင်ကယ်မီးရောင်အောက်တွင်အရောင်တောက်လို့နေပါသည်။ ဆိုင်ကယ် ဟွန်းတီးရမည်ကိုအားနားသောကြောင့်အနီးရောက်သည်အထိဆိုင်ကယ်လီဗာကိုဆွဲကာအသံပေးလိုက်၏။
သို့သော်…။ ဆိုင်ကယ်လာနေသည်ကို ရှိသည်လို့ပင်သတ်မှတ်ပုံမပေါ်ပါ။ဆက်သွားလျှင်လည်းတိုက်မိမည်စိုးသော ကြောင့်ကျွန်တော် ဟွန်းခလုတ်ကိုလက်မနှင့်ဖိလိုက်ပါတော့သည်။
``တီ… တီ….။’’
ဆံပင်ကိုခါယမ်းကာလှည့်ကြည့်လာသောသူမအကြည့်ကြောင့်ကျွန်တော်ပါးစပ်အဟောင်းသာဖြစ်သွား၏။မနေ့က ကျွန်တော့် ဆိုင်ကယ်နောက်လိုက်ခဲ့သောကောင်မလေးဖြစ်၏။မနေ့က တွေ့သောနေရာသို့မရောက်သေးခင်သူမအားတွေ့ရပြန်သည်။
မနေ့ညက သူမ၏နောက်ကျောကိုမမြင် လိုက်ရသောကြောင့် သူမဆံပင်များကို ကျွန်တော်မမြင်လိုက်ရပါ။ဒီလောက်ရှည်ပြီးမည်းနက်နေသောဆံပင်များက သူမအလှကို ထပ်ပြီးဖြည့်ဆည်းပေးထားသလိုလို။
``သြော်….။ တွေ့ပြန်ပြီနော်…။’’
``ဟုတ်ပ …။ဘယ်သူများလဲလို့ မနေ့ညက တွေ့တဲ့အကိုပဲ…။’’
``မှတ်မိသားပဲ ကျွန်တော့်ကို….။’’
``မှတ်မိတာပေါ့အကိုရယ်….။အကိုက ကျွန်မကျေးဇူးရှင်ပဲ…။’’
``ဒီညလည်းနောက်ကျပြန်ပြီလား…’’
``ဟုတ်တယ်အကိုရေ…။ ဒီရက်ပိုင်းအလုပ်တွေများတယ်…။’’
``ညီမ ကသတ္တိတော့ရှိသားနော်…။ ဒီလမ်းခရီးကို တစ်ယောက်တည်း ညမှောင်မည်းထဲပြန်ရဲတယ်…။ သရဲ တစ္ဆေတွေမကြောက်တတ်ဘူးလား…….။’’
``ဟား…ဟား… မကြောက်တတ်ပါဘူးအကိုရယ်…။ဒီနယ်က ညီမနယ်လေ …။ ဒီနယ်မှာညီမနေလာတာ လည်းနှစ်ပေါင်းမှမနည်းတော့တာ မကြောက်ပါဘူး…။ ခစ်..ခစ်…။’’
သူမကပြောပြောဆိုဆိုရယ်တော့ကျွန်တော်ပါလိုက်ရယ်မိခဲ့သည်။စိတ်ထဲတွင်တော့သူမပြောသောစကားများကိုသိပ်တော့နား မလည်ချင်။
သို့သော်…။ သူမနှင့်နောက်တစ်ကြိမ်ထပ်တွေ့ခြင်းက ကျွန်တော်ကံကောင်းသည်ဟုဆိုရပေမည်။ဤမျှချောမောလှပ သည့်မိန်းမပျိုလေးနှင့်တွေ့ဆုံခွင့်ပေးသည့်လောကကြီးကိုပင်ကျေးဇူးတင်ရတော့မလိုလို။
``ကဲ….။ ဒါဖြင့်လည်း ကျွန်တော်ဆိုင်ကယ်နှင့်ပဲလိုက်ခဲ့ပါတော့ဗျာ…။ ညီမသွားချင်တဲ့နေရာထိ ကျွန်တော်လိုက်ပို့ ပေးပါ့မယ်…။’’
``အို ….။ ကျေးဇူးတင်ပါတယ်အကိုရယ်…။ ညီမအားတောင်နာလာပြီ…။’’
``အားနာစရာမလိုပါဘူးဗျာ…။ ကျွန်တော်လည်း တစ်ယောက်တည်းပြန်မယ့်တူတူ စကားပြောဖော်ရတာပေါ့။’’
ကောင်မလေးတက်လိုက်သည်နှင့်ဆိုင်ကယ်ကအတော်လေးအိကျသွား၏။ခန္ခာကိုယ်ဘယ်လောက်မှမဝပါပဲ ဘာကြောင့်ဒီလောက်လေးနေသည်ကို ကျွန်တော်စဉ်းစား၍မရနိုင်။နောက်ဝိတ်များနေသောကြောင့်ကျွန်တော် ဆိုင်ကယ်ကိုဖြေးဖြးသာ သတိထားပြီးမောင်းနေရသည်။
ဤသို့လျှင် တဖြည်းဖြည်းကျွန်တော်တို့တိတ်ဆိတ်စွာမောင်းလာရင်း တစ်နေရာအရောက်တွင် တောင်ကုန်းပေါ်မှ ခွေးလေခွေးလွှင့်များအားပါးတရအူသောကြောင့် ကျွန်တော်ကျောများစိမ့်ခနဲ့အေးကာ ကြက်သီးများဖျန်းဖျန်းထလာ၏။ ဦးတည်ရာမဲ့အရပ်မှလာနေသောခွေးအူသံများက တောတောညံလျက်ရှိလေသည်။
အနီအနားသစ်ပင်များဆီမှ ဇးီကွက်တို့အော်သံများ ငှက်ဆိုးထိုးသံများက သံခေါင်ယံညအလားအကျည်းတန်ခြောက် ခြားစရာကောင်းလှ၏။ယနေ့ညမှထူးထူးခြားခြားခွေးတွေအူနေသလို ငှက်ဆိုးများကလည်း ကျွန်တော့်ဆိုင်ကယ်နောက်လိုက် နေသည့်အလားခေါင်းပေါ်တွင်တဝဲ၀ဲပျံနေ၏။
ကျွန်တော်ကြောက်စိတ်တို့အလိုလိုဝင်လာပြီး ဆိုင်ကယ်ကိုသတိထားမောင်းနေရသည်။နောက်တွင်အဖော်ပါ၍ တော်သေးသည်ဟုပင်ပြောရမလိုလို။နဂိုကတည်းက သရဲကြောက်တတ်သောကျွန်တော် ခုလိုခွေးတွေအူချိန်၊ ငှက်ဆိုးထိုးသံတွေကြားချိန်တစ်ယောက်တည်း ဤလမ်းခရီးကိုဖြတ်ကျော်ရပါက မတွေးရဲစရာပင်။
နောက်ကလိုက်လာသောကောင်မလေးသည်လည်းကျွန်တော့်ကဲ့သို့စကားနည်းလေသည်လားမသိ။ဆိုင်ကယ်ပေါ် ရောက်ပြီးကတည်းကစကားသံတစ်ခွန်းမှထွက်မလာတော့။သူမက မကြောက်တတ်ဘူးဟုဆိုသောကြောင့် သူ့မရှေ့တွင့် ကျွန်တော်က ကြောက်ပြနေ၍ကမဖြစ်သေး။
အိမ်ကိုအမြန်ပြန်ရောက်ချင်သော်လည်း ဆိုင်ကယ်က ဝိတ်လေးနေသောကြောင့် ရှေ့ကိုတော်တော်နှင့်မဆွဲ။ နံပါတ် 1 နှင့်မောင်းနေတောင် တော်တော်နှင့် ရှေ့ကိုမရောက်ချင် ။ ကုန်းတက်များဆို စက်သံက တဂီဂီအော်ပြီး မနည်းတက်ရ၏။
ရုတ်တရက်ကြီုးစားမောင်းနေရင်မှ ရှေ့တွင်လာနေသောကားမီးရောင်ကြောင့် ကျွန်တော့်မျက်လုံးများ စူးခနဲ့ုဖြစ်သွား ခဲ့သည်။
တော်ပါသေး၏။ကြောက်နေသည့်အချိန်ကားတစ်စီးနှင့်တွေ့၍သာ..။
မီးကောင်းလွန်းသောကားကအဝေးထိုးမီးဖြင့်မောင်းလာသောကြောင့်အလင်းရောင်က ကျွန်တော့်မျက်စိရှေ့သို့ တိုက်ရိုက်လာရောက်လာ၏။ထို့ကြောင့် ကျွန်တော် လက်တစ်ဖက်ဖြင့် မီးရောင်ကိုကာထားလိုက်မိသည်။
ထိုစဉ် ကျွန်တော်မျက်လုံးတို့သည့် ဆိုင်ကယ်နောက်ကြည့်မှန်သို့အကြည့်ရောက်သွား၏။
ဆိုင်ကယ်နောက်ကြည့်မှန်ထဲတွင်ဖရိုဖရဲဆံပင်တွေကြားက ဖြူဖွေးနေသောမျက်နှာတစ်စုံက ကျွန်တော်အားကြည့်နေ၏။မျက်ကွင်းတို့သည် ညိုမည်းနေပြီး မျက်နှာပေါ်တွင်လောက်လိုလိုအကောင်များပရပွဖြင့် ။ မဲပြာနေသော နုတ်ခမ်းအစုံ၏အထက်တွင်အစွယ်လိုလို သွားအဖြူနှစ်ချောင်းကြီးကငေါထွက်နေ၏။ရှေ့တွင်ထိုးထားသောကားမီးရောင်ကြောင့် ဆိုင်ကယ်နောက်ကြည့် မှန်မှသည် နောက်မှာရှိသောအရာများကိုအတိုင်းသားမြင်နေရ၏။
ထိုမျက်နှာတစ်စုံသည်ကားတခြားက လာသည်မဟုတ်။ ကျွန်တော်ဆိုင်ကယ်နောက်မှဖြစ်၏။ဆိုင်ကယ်နောက်မှအဖြူရောင်ဝတ်စုံပိုင်ရှင်၏မျက်နှာနှင့်အတူ နောက်တွင်မှီတွဲပြီးလိုက်နေသောမျောက်လိုလိုလူလိုလိုပုကွကွအမွှေးအမျှင်တွေ နှင့် ရုပ်ဆိုးဆိုးမည်းကျိန်းကျိန်းအကောင်များ။
ထို့နောက် ဝတ်စုံအဖြူပိုင်ရှင်မိန်းကလေး၏ဒူးပေါ်တင် ချိုထွက်ပြီးနားရွက်တွေကားနေသော ကလေးငယ်အရွယ်သုံးကောင်က မှီတွဲလျက်…။ (ထို့ကြောင့်ကျွန်တော့်ဆိုင်ကယ်ထိုမျှလောက်လေးနေခြင်းဖြစ်မည်ကိုနောက်မှတွေးမိလေသည်။) ထို့နောက် ကျွန်တော့်ဆိုင်ကယ်နောက်ကို နီရဲနေသောလျှာတွေ တစ်တောင် လောက်ထွက်ပြီးပြေးလိုက်လာနေသော မျက်လုံးတွေအရောင်တောက်နေသည့်ခွေးမည်းတစ်အုပ်။ကျွန်တော် တုန်လှုပ်ခြောက်ခြားစွာနောက်ကြည့်မှန်ထဲကိုအသေအချာဝှေ့ကြည့်နေရင်းမှ ငယ်သံပါအောင်အော်လိုက်မိလေသည်။
``အမလေး…………အမေရေ ကယ်ပါ….။”
အော်သံနှင့်အတူ ကျွန်တော်သည်လည်းဆိုင်ကယ်ပေါ်မှ ဘုန်းခနဲ့ပစ်လှဲကျသွားပါတော့သည်။ပက်လက်လှန်အနေ ထားလိုက်လှဲကျရင်း ကျွန်တော်နောက်သို့ ကြောက်အားလန့်အားဖြင့်လှည့်ကြည့်လိုက်၏။
စောစောက ကျွန်တော်တွေ့သော ချောမောလှပသည့်ကောင်မလေးမှာ ပွလံနေသောဆံပင်ရှည်များကို ယမ်းခါပြီးအားပါးတရရယ်နေ။ဖြူဖွေးနေသာအစွယ်များနှင့်အတူ မျက်နှာပေါ်တွင်ပုပ်ပွနေသောအရည်များက ဆွဲစိုကာစီးကျ နေ၏။
အပုပ်နံ့ဆိုးတို့သည်လည်း နှာခေါင်းထဲအလုံးအရင်းလိုက်ဝင်လာကာ ကျွန်တော်အန်ထွက်မတတ်ခံစားနေရသည်။ ထို့နောက်အမျိုးအမည်မဖော်ပြတတ်သည့်အရိပ်မည်းမည်းလိုလိုအကောင်ရှည်ကြီးများ နှင့် ဂျိုသားလိုလို မှင်စာလိုလို ပုကွကွ ရုပ်ဆိုးဆိုးအကောင်ကြီးများက ကျွန်တော့်အားပုံစံမျိုးစုံလုပ်ပြနေ၏။
ထို့နောက်မည်းပြီး မျက်လုံးတွေတွေ မာကျူရီရောင်ပေါက်နေသော ခွေးနက်သုံးကောင်က သွားရေတမျှမျှဖြင့် ကျွန်တော့်အားအမဲလိုက်ခွေးများသားကောင်တွေ့သလို ထိုးဟောင်နေလေသည်။အလယ်တွင်ဝတ်စုံအဖြူနှင့်ရပ်နေသော ပုပ်ပွနေသည့် သရဲမက ကျွန်တော့်ထံ တဖြည်းဖြည်းလျှောက်လာနေ၏။စောစောက ကျွန်တော့်ဆိုင်ကယ်ပေါ်တွင်လိုက်စီးသော မိန်းကလေးဖြစ်ဟန်တူပါသည်။
ဇက်ကျိုးကာငိုက်စိုက်ကျနေသောသူမခေါင်ကို ဆတ်ခနဲထောင်ကာ ကျွန်တော့်ထံလက်လှမ်း၏။
ကျွန်တော့်ကြောက်စိတ်တို့သည်အဆုံးစွန်ထိရောက်ရှိသွားပြီး မျက်ရည်များ ကအားပါတရစီးကျလာ၏။အသားတို့ သည်တဆတ်ဆတ်တုန်ကာ ကြောက်အားလန့်အားဖြင့် လက်နှစ်ဖက်ကိုနောက်သို့ထောက်ရင်း တရွတ်တိုက်သွားကာ မလုပ် ဖို့ တောင်းပန်နေမိသည်။
နာကျဉ်နေသောဒူးအစုံတို့က ထောက်၍မရသောကြောင့် ကျောက်စရစ်ခဲများခင်းထားသောလမ်းပေါ်တွင် ကျွန်တော်ကျောအပ်ကာ တရွတ်တိုက်ပွတ်ကာသွားနေမိ၏။နဖူးမှ သွေးနှင့်ချွေးများရောယှက်ကာအသွင်သွင်စီးကျလို့နေ ပါသည်။
ထိုသရဲမနှင့်ခွေးနက်များ ၊ ဘီလူးကောင်များကျွန်တော့်အနီးသို့ရောက်လာချိန် ကျွန်တော်ငယ်သံပါအောင်အားပါးတရအော်လိုက်မိပါတော့သည်။
``အား…………မလုပ်ပါနဲ့…. မလုပ်ကြပါနဲ့ဗျာ…..။ကယ်ကြပါဦး…။ ကျွန်တော့်ကိုကယ်ကြပါဦး……..။’’
``တီ……..။ တီ……………။’’
ကားဟွန်းတီးသံများ နှင့် ခွေးအူသံများ ကျွန်တော့်နားထဲသို့ဆူညံစွာဝင်ရောက်လာပြီး ကျွန်တော့်အနီးနားပိတ်ဝန်းကျင် တစ်ခုလုံးကားမီးရောင်ကြောင့်လင်းလက်သွား၏။မီးရောင်အောက်တွင်အပုပ်နံ့ဆိုးကြီးများကလှိုင်လှိုင်ထလျက်။အဖြူရောင်ဝတ်စုံနှင့် ဇက်ကျိုးနေပြီးအစွယ်တွေထွက်နေသောသရဲမ တစ်ကောင်နှင့်အတူ တကိုယ်လုံးမည်းနက်နေသောခွေးနက်ကြီးသုံးကောင်၊အရိပ်လိုလိုအကောင်လိုလို ရှည်မြောမြောအကောင်ကြီးတစ်ကောင် နှင့် မှင်စာများလိုလို ခပ်သေးသေးပုကွကွ နားရွက်ရှည် ကြီးများဖြင့် ကြောက်စရာကောင်းလှသောအကောင်သုံးကောင်တို့က ကျွန်တော့်မြင်ကွင်းထဲတွင်အပြည့်။
ကျွန်တော်ဆက်မကြည့်ရဲတော့ပါ။ကျွန်တော့်အသိစိတ်တို့သည် လွင့်မြောသွားပြီးအမြင်အာရုံတို့သည်လည်း ဝေးဝါးသွား၏။အပုပ်နံတွေကနှာခေါင်းထဲသို့လှိုင်လှိုင်ဝင်နေဆဲ…။ကျွန်တော်လက်အစုံကို မျက်နှာသို့အုပ်လိုက်ပြီး ကြောက်အားကြီးသမျှငယ်သံပါအောင်အော်လိုက်ပါတော့သည်။
``အား…………………………………….။’’
``ညီလေး……………….။ဘာဖြစ်တာလဲ…။’’
စောစောက ကားမှာကျွန်တော့်ရှေ့တွင်ထိုးရပ်လိုက်ပြီး ကားပေါ်မှလူများ ကျွန်တော့်ကိုခေါ်ကာဆင်းပြေးလာကြသည်။ထိုလူ များကျွန်တော့်အားအပြေးလာထူပြီး ကျွန်တော့်ကိုပွေ့ချီလိုက်ကြ၏။
ကျွန်တော်သည်လည်း ပါးစပ်မှငိုသံများနှင့်အတူ ရောက်တတ်ရာရာစကားလုံးများထွက်ပြီး တစ္ဆေများရှိသည့်နေ ရာသို့ လက်ညှိုးညွှန်ပြမိသည်။ကျွန်တော်ကတော့ ထိုနေရာသို့လုံးဝမကြည့်ရဲတော့သည့်အတွက်မျက်နှာလွှဲထားလိုက်၏။ထို့နောက်
လူကြီးတစ်ယောက်၏
``ဘာမှမရှိပါဘူး ညီလေးရယ်……..။’’
ဆိုသည့်အသံကြားမှ နောက်သို့ဆတ်ခနဲ့လှည့်ကြည့်လိုက်သည့်အချိန် ရှည်ရှည်မြောမြောမန်ကျည်းပင်ကြီးတစ်ပင်နှင့် မရှုမလှဲကျနေသော ကျွန်တော့်ဆိုင်ကယ် နှင့် ရုံးကယူလာသည့်အလုပ်ဖိုင်များ ၊ ထမင်းချိုင်များကမြေပေါ်တွင်ပျံကျဲလျက်..။
``ကဲ… ကဲ….။ မကြောက်နဲ့တော့ …။ ဘာမှမရှိဘူး…။ မင်းသဖန်းကုန်းကုန်းက ဒေါ်ညိုမြ သားမဟုတ်လား…။’’
ကျွန်တော့်အားသိနေ၍ကျွန်တော်ထိုလူကြီးအားမော့ကြည့်လိုက်သည်မိသည်။ကျွန်တော်တို့ရွာ၏ သိမ်ကျောင်းဆောက်လုပ် လှူဒါန်းထားသည့် ဘုရားဒကာ ဦးအောင်သောင်းဖြစ်နေ၏။
``ကဲ.. မင်းခြေထောက်မှာရော … ။ခေါက်မှာရောက်သွေးတွေနှင့်…။ ကဲ… ဖိုးအောင် ကောင်းလေးကို ကားပေါ်မတင်လိုက် ပြီးရင်သူ့ဆိုင်ကယ်နဲ့ ထမင်းချိုင်တွေပါကားပေါ်တင်လိုက်ကွာ…။ဒီကောင်လေးကိုငါတို့လိုက်ပို့လိုက်ကြ ရအောင်…။’’
ပြောပြောဆိုဆို ကျွန်တော့်ကို ကားပေါ်ပွေ့ချီတင်လိုက်ကြ၏။
ကျွန်တော်သည်လည်း လုံခြုံသွားပြီဆိုသည့်အသိဖြင့် မျက်လုံးအစုံကိုအသာမှိတ်လိုက်မိတော့သည်။သို့သော် တချက်တချက် ရှိုက်သံနှင့်အတူအသားများက တဆတ်ဆတ်တုန်နေဆဲ….။
မျက်ဝန်းအိမ်ထဲတွင် လှပချောမောသောမိန်းမပျိုလေးတစ်ဦး၏မျက်နှာနှင့်အတူ ကြောက်စရာအတိပြီးနေသော တစ္ဆေများ၏ များ၏ပုံရိပ်တို့က ခုချိန်ထိမြင်ယောင်နေဆဲ။ လူယောင်ဖန်ဆင်းကာကျွန်တော့်ဆိုင်ကယ်နောက်လိုက်ခဲ့ သော သရဲမ ဖြစ်ကြောင်းကို နားလည်သွားတိုင်း ကြက်သီးများက ခုချိန်ထိတဖျန်းဖျန်းထလု့ိကောင်းတုန်း။
တဖြည်းဖြည်းကားခေါင်းကွေ့ပြီးထိုနေရာက ခွာမှ ကျွန်တော် စိတ်အေးရပါတော့သည်။အကြည့်တို့က မည်သည့်နေရာ ကိုမှမကြည့်ရဲ။မျက်ရည်တွေပြည့်နေသည့် ကျွန်တော့်မျက်လုံးအားတင်းကြပ်စွာမှိတ်ထားလိုက်ပါတော့သည်။
ဤအကြောင်းကိုအိမ်ရောက်သည့်အခါအမေ့ကိုကျွန်တော်အကြောင်းစုံပြောပြရပေဦးမည်…..။
နောက်နေ့ညတွေမှာ ထိုလမ်းကို ကျွန်တော်မည်သည့်သတ္တိဖြင့်ဖြတ်ရဦးမည်ကိုတော့ မစဉ်းစားရဲသေး………………….။
ညီလေးငယ်