အသံကုထုံးပြုလုပ်ရာတွင် အသုံးပြုသည့် ကြေးဖလားအရွယ်စုံနှင့်အတူ ကုထုံးပညာရှင်ကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ • ဇာနည်ဖြိုး
တေးဆိုတဲ့ ကြေးဖလားလေးတွေရဲ့ အသံနဲ့ ကုသပေးတဲ့ အသံကုထုံး
လျှပ်စစ်မီးအလင်းရောင်တွေ ပိတ်ထားတဲ့ အခန်းကျယ်တစ်ခုထဲမှာ ခန္ဓာကိုယ်က လှဲလျက်အနေအထားနဲ့ လဲလျောင်းနေပေမဲ့ ပြေးလွှားနေတဲ့ စိတ်ကတော့ ငြိမ်သက်မနေသေးဘူး။ အသက်ကိုလည်း တစ်ချက်တစ်ချက် ခပ်ပြင်းပြင်းရှူနေမိတုန်းပဲ။ ခပ်ဖြည်းဖြည်းချင်း သက်သောင့်သက်သာဖြစ်ဖို့ ကြိုးစားနေတုန်းမှာပဲ စကားသံတစ်ခုက ဘေးကနေ ထွက်ပေါ်လာတယ်။ သူ့အသံလေးကလည်း အင်မတန်မှ နူးညံ့ပျော့ပျောင်းနေတယ်။
"မျက်လုံးလေး မှိတ်ထားမယ်။ ဒီအခန်းက ကိုယ့်အတွက် လုံခြုံမှု ရှိနေတယ်။ စိတ်ကို ဖြည်းဖြည်းချင်းလျှော့၊ ဦးခေါင်းခွံကြီးကိုလျှော့၊ မျက်ခုံးလေးတွေလျှော့၊ နှဖူးကြောလေးတွေလျှော့၊ မျက်ခွံလေးတွေလျှော့၊ ပါးလေးတွေလျှော့၊ နှုတ်ခမ်းလေးနှစ်ခုကိုလျှော့၊ မေးစေ့လေးတွေ။ လည်ပင်းကြောလေးတွေလျှော့၊ တင်းနေတဲ့ ပခုံးကြောတွေလျှော့၊ ခန္ဓာကိုယ်အပေါ်ပိုင်းကို လျှော့ချလိုက်၊ တင်ပါးကြောလေးတွေလျှော့၊ ပေါင်ကြောလေးတွေ၊ ခြေသလုံးကြောလေးတွေလျှော့၊ ခြေဖျားလေးတွေ ခြေချောင်းလေးတွေ လျှော့ချလိုက်။ ခန္ဓာကိုယ်က မြက်ခင်းစိမ်းလေးပေါ်မှာ အိပ်နေတယ်။ မြက်ပင်လေးတွေက ကိုယ့်ခြေထောက်လေးတွေကို လာထိခတ်ပြီး ဆော့ကစားနေတယ်။
p24_photo-by-zarni-ph.jpg
အသံကုထုံး ခံယူနေသူတစ်ဦးကို ဒီဇင်ဘာလနှောင်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ • ဇာနည်ဖြိုး
ငှက်ကလေးတွေရဲ့ တေးဆိုသံကို ကြားနေတယ်။ တိမ်တွေကလည်း လှပပြီး လေတဖြူးဖြူး တိုက်ခတ်နေတယ်။ ဖြည်းဖြည်းချင်း ထပြီး မြက်ခင်းလေးတွေပေါ် နင်းလျှောက်လာတယ်။ တဖြည်းဖြည်းချင်း ရေသံလေးတွေ လှိုင်းပုတ်သံတွေ ကြားလာရတယ်။ ဖြည်းဖြည်း ဆက်လျှောက်လာတဲ့အခါ ပင်လယ်ကြီးကို မြင်လာရပြီ။ သဲမွမွလေးတွေရဲ့ အထိအတွေ့ကို ခြေဖဝါးကနေတစ်ဆင့် ခံစားလာရတယ်။ လူရော စိတ်ရော အေးချမ်းပြီး လွင့်မျောနေတယ်" လို့ အသံကုထုံးပညာရှင် မအိက ဘေးကနေ ပြောပြနေပါတယ်။
ပြောပြီးတာနဲ့ မအိရဲ့ ကြေးလင်းကွင်းသေးသေးလေးနှစ်ခု ခပ်ဖြည်းဖြည်းထိခတ်လိုက်တဲ့ သာယာတဲ့အသံက နားထဲစိမ့်ဝင်လာပြီး သူ့ရဲ့အသံကုထုံးကို စတင်လိုက်တယ်။ အရွယ်အစားမတူညီတဲ့ ကြေးဖလားခုနစ်လုံးကို ပိတ်စပတ်ထားတဲ့ သစ်သားဘုနဲ့ ဖြည်းဖြည်းချင်း ထိခတ်လိုက်တဲ့အသံတွေကနေ မတူညီတဲ့ အသံတွေအဖြစ် ပြောင်းလဲ သွားပြီး ကြေးဖလားဆီက ထွက်ကျလာတယ်။ အသံမြည်နေတုန်း ဖလားကို လှုပ်ခတ်ကစားလိုက်ရင် အသံတွေက ဖလားဆီပြန်ရိုက်ခတ်ပြီး ပိုစိတ်ဝင်စားစရာကောင်းတဲ့ အသံတွေ ထွက်ပေါ်လာတယ်။
အသံကုထုံးပညာရှင် (Sound Healer) က သူ့ရဲ့လက်တစ်ဖက်က တေးဆိုတတ်တဲ့ တိဘက်ကြေးဖလားတစ်လုံးကို မလိုက်၊ နောက်လက် တစ်ဖက်က သစ်သားဘုကိုသုံးပြီး တီးခတ်လိုက်နဲ့ အသံတွေကို ကျွမ်းကျင်စွာ ဖန်တီးနေတယ်။ ကြေးဖလားရဲ့အရွယ်အစားနဲ့ သူ့လက်ရဲ့ ညင်သာတဲ့ အဖိ အဖော့တွေအလိုက် ကြေးဖလားတွေဆီက ထွက်လာတဲ့ တေးသံတွေဟာ ကွဲပြားနေတယ်။
ခန္ဓာကိုယ်ထဲ နဒီလေးတွေ ကောင်းကောင်းမွန်မွန် စီးဆင်းနေရင် ပြဿနာမရှိဘဲ နဒီလမ်းကြောင်းက နှလုံးမှာ အတားအဆီး ဖြစ်သွားတယ်ဆို နှလုံးနဲ့ပတ်သက်တဲ့ ကျန်းမာရေး မကောင်းလို့
တစ်ခါတစ်ခါ အသံတွေက ခန်းမထဲကလူတွေဆီ အကျယ်ကြီး ရောက်လာလိုက် တစ်ခါတလေ အေးဆေးညင်သာလွန်းတဲ့ပုံစံအဖြစ် ပြောင်းသွားလိုက်၊ တစ်ခါတလေ အသံတွေက ဝေးသွားလိုက် နီးလာလိုက် ကိုယ်နဲ့ ညင်သာငြိမ့်ညောင်းတဲ့အသံတွေပဲ ထိတွေ့နိုင်တဲ့နေရာတစ်ခုကို ရောက်နေသလိုပါပဲ။ပေါ့ပါးနေတဲ့ စိတ်နဲ့အတူ အသံအနိမ့်အမြင့် တုန်ခါမှု တွေ လိုက်နားထောင်ရင်း ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးပါ မရှိတော့သလို အသံတွေနဲ့အတူ ကိုယ်ပါလိုက်ပြီး လွင့်မျောနေသလို လူတွေကို ခံစားစေပါတယ်။
ဒါကတော့ အာရှဒေသတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိနေတဲ့Sound healing ခေါ်Sound Therapy လို့ လူသိများတဲ့ အသံကုထုံးပညာပါ။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး စိတ်ရောလူပါ ပြန်လည်လန်းဆန်းလာစေတဲ့ ညင်သာလွန်းတဲ့ အသံကုထုံးကို လူတွေပိုပြီး စိတ်ဝင်စားလာခဲ့ပါတယ်။ တိဘက်တေးဆိုဖလားလို့ခေါ်တဲ့ ကြေးဖလား တွေကိုသုံးပြီး ဖန်တီးရတဲ့ အသံကုထုံးပညာဟာ တိဘက်ကနေ ဆင်းသက်လာတာ ဖြစ်နိုင်ခြေများပါတယ်။ အိန္ဒိယဘက်မှာလည်း အသံကုထုံးပညာကို ယောဂကျင့်စဉ်နဲ့ တွဲဖက်အသုံးပြုကြပါတယ်။
အသံကုထုံးပညာရှင် မအိကတော့ ပန်းချီနဲ့ ပါဖောမန့်စ်အနုပညာ တွေကို နိုင်ငံတကာအထိ သွားရောက်ဖန်တီးနေတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်သလို ယောဂကျင့်စဉ်ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ရှိကတည်းက ကျင့်လာတဲ့သူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က အိန္ဒိယနိုင်ငံRishikesh မြို့မှာရှိတဲ့World Peace Yoga School မှာ ယောဂကျင့်စဉ်နဲ့တွဲဖက်ပြီး အသံကုထုံးပညာကိုပါ သွားရောက်သင် ယူလေ့လာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်လာပြီးတဲ့နောက်"Me Yoga"သင်တန်းကို ဖွင့်ထားပြီး ယောဂလည်း သင်ပေးသလို အသံကုထုံးပြုလုပ်ချင်ရင်လည်း သူ့ဆီတိုက်ရိုက် ဖုန်းဆက်ကာ ကိုယ်ကြိုက်တဲ့ အချိန်ညှိပြီး လုပ်လို့ရပါတယ်။
"ပထမတော့ အသံကုထုံးဆိုတာ စကားလုံးပဲ သိတယ်။ အိန္ဒိယရောက် တော့ အသံကုထုံးပညာပါ ယောဂနဲ့တွဲပြီး သင်လို့ရတယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားပြီး သင်ဖြစ်သွားတာ။ အသံကုထုံးက ဖလားနဲ့ရော၊ မောင်းအကြီးကြီးတွေရော၊ ကျွဲခလောက်လိုဟာမျိုးရော အသံမြည်စေတဲ့ ပစ္စည်းတူရိယာတွေက အများကြီးရှိတယ်။အခြေခံကတော့ တူတူပဲ။ အစ်မကတော့"Tibetan Singing Bowl" လို့ခေါ်တဲ့ ဒီကြေးဖလားလေး တွေကို ပိုကြိုက်တယ်။ သူက တုန်ခါမှု (Vibration) ရှိတယ်။ ဖလားကို အပေါ်အောက်သွားတယ်၊ စက်ဝိုင်းပုံသွားတယ် အဲဒီအပေါ်လိုက်ပြီး အသံလေးတွေက ပြောင်းသွားတာကို သဘောကျလို့"လို့ မအိက သူ့ရဲ့ အသံကုထုံးပညာသင်ဖြစ်တဲ့ အတွေ့အကြုံကို ပြောပါတယ်။
"နောက် သူတို့ပြောတာ စကြဝဠာကြီးတစ်ခုလုံးက တုန်ခါမှု( (Vibration) တည်ဆောက်ထားတာပေါ့နော်။ လူတွေက ဒီလိုပဲ သာမန်နေပေမဲ့ တုန်ခါမှုက အချိန်တိုင်းမှာ ရှိနေတယ်။ တရားနဲ့ ဆက်စပ်ရင်လည်း အချိန်တိုင်းမှာ ဖြစ်ပြီးပျက်နေတာလေ။ အချိန်တိုင်းမှာ ဖြစ်နေတာတွေကို ကိုယ်က မမြင်ရဘူး။ အဲဒီတော့ ကိုယ့်ခန္ဓာကိုယ်မှာလည်း တုန်ခါမှု Vibration))နဲ့ ကြေးဖလားကထွက်လာတဲ့ အသံတုန်ခါမှုVibration) အချင်းချင်း တွန်းတိုက်ပေးသလိုဖြစ်သွားတာပေါ့" လို့ မအိက အသံကုထုံးရဲ့ သက်ရောက်မှုအကြောင်း ရှင်းပြပါတယ်။
အိန္ဒိယအယူအဆအရ ခန္ဓာကိုယ်ထဲက နဒီ(မြစ်)ဆိုတဲ့ လမ်းကြောင်း လေးတွေ ရှိတယ်။ နဒီလေးတွေ စီးဆင်းရင်း ဆုံတဲ့နေရာလေးတွေကChakra (ချခရ)ပေါ့။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ငယ်ထိပ်ကနေ မြီးညောင်းရိုး အထိ ချခရ ခုနစ်ခုရှိတယ်။ သေချာကျင့်ကြံရင် ချခရလေးတွေ တစ်ခုချင်း ပွင့်သွားတယ်။ နောက်ဆုံး ငယ်ထိပ်က ချခရလေးပွင့်သွားရင် ဥဏ်အလင်းရသွားတာဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲ နဒီလေးတွေ ကောင်းကောင်းမွန်မွန် စီးဆင်းနေရင် ပြဿနာမရှိဘဲ နဒီလမ်းကြောင်းက နှလုံးမှာ အတားအဆီးဖြစ်သွားတယ်ဆို နှလုံးနဲ့ပတ်သက်တဲ့ကျန်းမာရေး မကောင်းလို့၊ ကျောက်ကပ်မှာဖြစ်တယ်ဆို ကျောက်ကပ်မကောင်းလို့ ဖြစ်ပါတယ်။ ဆက်စပ်ကြည့်မယ်ဆိုရင်တော့ တစ်ကိုယ်လုံး တွန့်လိမ် ကောက်ကွေးပြီးကျင့်ရတဲ့ ယောဂကျင့်တယ်ဆိုတာဟာ တစ်ကိုယ်လုံးမှာ ရှိတဲ့ ဆက်ထားတဲ့ အရိုးအဆစ်တွေ ြွကက်သားတွေကို ဆွဲဆန့်ပြီး ကိုယ်ခန္ဓာထဲမှာ ကောင်းကောင်းမွန်မွန် စီးဆင်းအောင် လုပ်ပေးတာ ဖြစ်ပါတယ်။ အသံကုထုံး (Sound healing @ Sound Therapy) ကကျတော့ အသံရဲ့တုန်ခါမှု (Vibration)နဲ့ ခန္ဓာကိုယ်ထဲမှာ နဒီလေးတွေ ကောင်းကောင်းမွန်မွန် လည်ပတ်စီးဆင်းအောင် လုပ်ပေးတာမျိုးပါ။
p24_dsc93.jpg
အသံကုထုံးခံယူသူများနှင့် ကုထုံးပညာရှင် မအိ။ ဓာတ်ပုံ • ညိုမီ
အသံကုထုံးကုတာကတော့ ကုထုံးခံယူသူကို မီးမှိတ်ထားတဲ့ တိတ်ဆိတ်တဲ့အခန်းထဲက ယောဂဖျာပေါ်မှာ မျက်လုံးပါပိတ်ကာ သက်သောင့်သက်သာ လဲလျောင်းနေစေပြီး စိတ်ရောကိုယ်ပါ သက်သောင့်သက်လာဖြစ်လာပြီဆိုမှ အသံကုထုံးပညာရှင်က သာယာညင်းပျောင်းတဲ့အသံလေးတွေ ဖန်တီးပြီး စိတ်ရော လူရော ကိုယ်အနားပေးကာ ကုပေးတဲ့ပညာ ဖြစ်ပါတယ်။ ရှေးနှစ်ပေါင်း များစွာကတည်းက အသံကုထုံးပညာကို ဒီဘက်ခေတ်အလုပ်နဲ့ ပြင်ပလူမှုရေးရာလောကမှာ စိတ်ဖိစီးမှုများခြင်းကို ဖြေဖျောက်ဖို့ ပြန်လည် အသုံးပြုလာကြတာပါ။
အသံကုထုံး ခံယူနေတဲ့အချိန်မှာ တိတ်ဆိတ်တဲ့အခန်းထဲ ကုထုံးပညာရှင် ဖန်တီးပေးနေတဲ့ သာယာတဲ့ အသံတစ်ခုပဲ ရှိနေပြီး လူကလည်း သက်သောင့်သက်သာ လှဲနေတာမို့ စိတ်က ဒီအသံတစ်ခုတည်းဆီမှာပဲ ရှိနေတာပါ။ ကျယ်လာလိုက် တိုးသွားလိုက် အသံရဲ့တုန်ခါမှုတွေနောက်လိုက် လိုက် လိုက် ဝေးသွားတဲ့အသံတွေကို လိုက်နားထောင်လိုက်နဲ့ တစ်နာရီလုံးလုံး ကိုယ့်အာရုံက အသံတစ်ခုတည်းမှာပဲ ရှိနေတဲ့အတွက် လူက ခန္ဓာကိုယ်တစ်ခုလုံး မရှိတော့သလိုပေါ့ပါးလွင့်မျောနေပါတယ်။ ဒီတစ်နာရီကို သက်သောင့်သက်သာ ခံစားပြီးတာနဲ့ စိတ်ရောလူပါ ပေါ့ပါးပြီးနေရတာ ကုထုံးကုဖို့ လာခံယူတဲ့ အချိန်ကနဲ့ မတူတော့ပါဘူး။ ဒါဟာ အသံကုထုံးပညာရဲ့ ထူးခြားချက်ပါပဲ။ တစ်ပတ်မှာ တစ်ခါလောက် အသံကုထုံးခံယူမယ်ဆိုရင် စိတ်ဖိစီးမှုတွေ ပြေပျောက်ပြီး စိတ်ရောလူပါ လန်းဆန်းကျန်းမာကာ နေလို့ အရမ်း ကောင်းတယ်လို့လည်း ကုထုံးပညာရှင် မအိကပြောပါတယ်။
အသံကုထုံးကို တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါ အမြဲလိုလို လုပ်ဖြစ် နေတဲ့ မဇွန်အိဖြူက ခံစားမှုက တစ်ခါနဲ့တစ်ခါမတူဘဲ အခေါက်တိုင်း အေးချမ်းမှုကို ခံစားလာရကြောင်းနဲ့ တစ်နာရီဝန်းကျင် လုံးဝမလှုပ်ဘဲ ငြိမ်နေရပေမဲ့ ထုံကျင်တာမျိုး မရှိကြောင်း ဆိုပါတယ်။
"သူက တရားထိုင်သလိုမျိုးပဲ။ တချို့ကျ ဝေဒနာပေါ်လာတာမျိုးလည်း ရှိတယ်။ နောက် ဇွန်အိက အသံလှိုင်းတွေ ခံစားလာရပြီး မျက်စိမှိတ်ထား ပေမဲ့ အရောင်တွေနဲ့ အဲဒီလှိုင်းတွေ မြင်လာသလို ခံစားရတယ်။ ဇွန်အိအစ်မ မမစန္ဒာဆို အဲဒီအသံကုထုံးလုပ်တဲ့အချိန် ဒူးနာနေတာ ဆိုတော့ လုပ်နေတဲ့အချိန်အတွင်း တဖြည်းဖြည်းနဲ့ ဒူးက ပိုပြီးနာလာသလို ခံစားလာရတယ်။ ဒါပေမဲ့ ဒီကုထုံးပြီးသွားတဲ့အချိန်မှာ ဒူးက လုံးဝမနာတော့ဘူး" လို့ မဇွန်အိဖြူက ပြောပါတယ်။
အဲဒီနာကျင်မှုကို ကျော်သွားရင်၊ ကုထုံးရပ်လိုက်တဲ့ အချိန်ကျရင် မနာတော့ဘဲ ပေါ့ပါးသွားတယ်လို့ သူခံစားမိတဲ့ အသံကုထုံးအကြောင်းကို မဇွန်အိဖြူက ဆို
ကြေးဖလားတွေဆီက ထွက်လာတဲ့တုန်ခါမှု (Vibration) တွေက လူမှာရှိနေတဲ့Vibration wave တွေနဲ့ သွားတွေ့ပြီး အာရုံကြောတွေကို သွားလှုံ့ဆော်ပြီး ဖွင့်ပေးလိုက်သလိုဖြစ်စေတယ်။ အဲဒီအတွက် နာနေတဲ့နေရာကို ပိုနာအောင် လှုံ့ဆော်ပေးသလိုဖြစ်တယ်။ ဒါပေမဲ့ အဲဒီနာကျင်မှုကို ကျော်သွားရင်၊ ကုထုံးရပ်လိုက်တဲ့ အချိန်ကျရင် မနာတော့ဘဲ ပေါ့ပါးသွားတယ်လို့ သူခံစားမိတဲ့ အသံကုထုံးအကြောင်းကို မဇွန်အိဖြူက ဆိုပါတယ်။
"နောက် သူငယ်ချင်း ဗိုက်ကြီးသည်တစ်ယောက်ဆိုလည်း ဒီကုထုံး ကုနေတဲ့အချိန်ဆို ဗိုက်ထဲက ကလေးလေးက ပိုလှုပ်ပြီး ပိုပျော်နေတယ် လို့ ခံစားရတယ်။ အမေနဲ့ ကလေးနဲ့ကြားမှာလည်း ပိုပြီး ရင်းနှီးနွေးထွေး စေတယ်လို့ ခံစားရတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကိုယ်ဝန်လွယ်ထားရရင် တော့ ငါးလနောက်ပိုင်းလောက်မှ လုပ်တာ ပိုကောင်းတယ်။ ကိုယ်ဝန် သက်တမ်း ကိုးလလောက်ဆိုရင်တော့ ထိုင်ပြီးတော့ပဲ ကုထုံးလုပ်တာ သူ့အတွက် ပိုပြီး အဆင်ပြေမယ်ထင်တယ်" လို့ သူက ဆက်ပြောပါတယ်။
ပထမဆုံး အသံကုထုံးကို ခံစားဖူးတဲ့ အသက် ၆၈ နှစ်အရွယ် အန်တီဖြူကလည်း စိတ်ရောလူပါ အားလုံးလျှော့ချထားပြီး လှဲအိပ်နေတာ ကြောင့် မျောနေသလို ခံစားရကြောင်း၊ တီးလုံးသံလေးတွေ နားထောင်ရင်း မျောနေတဲ့ ခံစားမှုလေးကို နှစ်သက်ကြောင်း ပြောပါတယ်။
ကမ္ဘာပေါ်မှာ စိတ်အပန်းပြေပြီး ပြန်လည်လန်းဆန်းတကြွ်ကလာဖို့ စိတ်ရော လူပါ ကျန်းမာရွှင်လန်းနေဖို့ ကျန်းမာရေးနည်းလမ်းတွေကို အထူးအာရုံစိုက်ပြီး ပြန်လည်အသုံးပြုလာကြပါတယ်။ စိတ်ဖိစီးမှုများတဲ့ လူတွေအတွက် ဖိစီးမှုတွေပြေပျောက်ပြီး ပြန်လည်လန်းဆန်းလာတာမို့ ငွေကြေးအကုန်ကျခံကာ အသံကုထုံး ပညာရှင်ဆီသွားကာ တကူးတက ခံယူပြုလုပ်လာကြသူတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အသံကုထုံးရယ်လို့ ကုပေးတဲ့သူတွေ သိပ်အများကြီး မရှိပါဘူး။
အသံကုထုံးပညာရှင် မအိကတော့ တစ်ဦးတည်းသီးသန့် အသံကုထုံး လုပ်ချင်တယ်ဆိုရင် ဝန်ဆောင်ခအနေနဲ့ တစ်နာရီကို ကျပ် ၃၀ဝဝဝယူပြီး လေးငါးဦးစုပြီး ကုထုံးကို ခံစားကြမယ်ဆိုရင်တော့ တစ်ဦးကို ၈ဝဝဝ လောက်ပဲ ကျမှာဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်သလို အောင်မြင်တဲ့ အနုပညာသည်တစ်ယောက်လည်းဖြစ်တဲ့ မဇွန်အိဖြူနဲ့အတူ အနုပညာကုထုံး Art Therapy နဲ့ အသံကုထုံး (Sound Healing) တွဲဖက်ထားတဲ့ လူအယောက် ၂၀ စာ"Art and Healing Workshop" ကို အခမဲ့အနေနဲ့ တစ်လမှာ တစ်ခါလောက် ပြုလုပ်ပေးတာမျိုးလည်း ရှိပါတယ်။ အသံကုထုံးနဲ့"Art and Healing Workshop" ကို စိတ်ဝင်စားလို့ ကိုယ်တိုင် စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ ဖုန်း ဝ၉၄၃၀၈၂၉၀၈ ကိုစုံစမ်းကာ Me Yogaသင်တန်းဖွင့်ထားတဲ့ အမှတ် ၉၊ ၈ လွှာ (ဘီ)၊ မြဝတီလမ်းနဲ့ ကျောင်းလမ်းထောင့်၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်မှာ သွားရောက
သွားရောက်စမ်းသပ်လို့ရပါတယ်။
Read More