တက္ကသီလာ နာလန္ဒာသို့ တမ်းချင်း
mmtimes.com
|
2018-11-02



နာလန္ဒာတက္ကသိုလ်သည် ရှေးယခင်ကအလွန်ကျော်ကြားခဲ့သော တက္ကသိုလ်ကြီး၏အမည်ဖြစ်၍ တက္ကသီလာနှင့်အပြိုင်ဖြစ်ပြီး 'ပေးကမ်း၍မကုန်နိုင်' ဟုအဓိပ္ပာယ်ရသည်။ ဗုဒ္ဓဘုရားရှင်၏ သဒ္ဓါတရား၊ ပညာဖြန့်ဝေမှုအရည်အချင်းတစ်ခုပင်ဖြစ်၏။ သို့သော် ယခုအခါတွင်မူ 'ဘာရာဂုဏ်' (Baragoan) ခေါ် ရွာကလေးအဖြစ် ပတ္တနားမြို့မှ ကီလိုမီတာ ၉၀၊ ရာဇဂြိုဟ်မှ ၁၁ ကီလိုမီတာ၊ ဗုဒ္ဓဂယာမှ ကီလိုမီတာ ၈၀အကွာတွင် တည်ရှိသည်။


နာလန္ဒာတက္ကသိုလ်၏သမိုင်း (အကျဉ်းချုပ်)

ယခုအခါ တစ်ချိန်ကအလွန်ကြီးကျယ်ခဲ့သော နာလန္ဒာတက္ကသိုလ်ဝင်းအတွင်းအခြေခံအောက်ခုံ များကိုသာ တွေ့မြင်ကြရသည်။ ယင်းအဆောက်အအုံပုံစံ၏အောက်ခြေခုံ (Foundation) များသည်ပင်လျှင်အံ့သြစရာကောင်းလှသည်။ ယင်းအဆောက်အအုံများသည် ဘုရားရှင် လက်ထက်ကပင်ရှိခဲ့သည်ဆိုသော်လည်း ယင်း တက္ကသိုလ်၏ သမိုင်းအထောက်အထားမှာအေဒီငါးရာစုမှအစရှိခဲ့သည်။ ဧကရာဇ် 'ကုမာ ဂွတ်ပလာ' (Kumargupta) လက်ထက်မှ စတည်ခဲ့သည်ဟုအထောက်အထားရှိသည်။

အေဒီကိုးရာစု ဒေဝပါလမင်းလက်ထက်တွင်အထွန်းကားဆုံးဖြစ်၍အေဒီ ၁၂ ရာစု၌ တူရကီနိုင်ငံမှလာသော မွတ်စလင်စစ်တပ်က ဖျက်ဆီး၍ ပျက်စီးမီးလောင်ခဲ့ပြီး ဗုဒ္ဓဘာသာ ဝင် ရဟန်းတော်များစွာ သေဆုံးကာ တချို့မှာ တိဗက်ပြည်သို့ ထွက်ပြေးခဲ့ကြရသည်ဟု သိရှိရ သည်။

ထိုခေတ်က နာလန္ဒာတက္ကသိုလ်တွင် သင်္ချာ၊ နက္ခတ္တဗေဒ၊ ဗုဒ္ဓစာပေနှင့် ဆေးပညာများ သင်ကြားပေးခဲ့သည်ဟု ဆိုသည်။ 'နာဂဇွန်န' (Nagazuna) ဟုခေါ်သော ပညာရှင်သည် နာလန္ဒာတက္ကသိုလ်ထွက်ပင်ဖြစ်သည်။


ရှင်သာရိပုတ္တရာစေတီ

ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါက ရှင်သာရိပုတ္တရာမထေရ်မြတ်သည် နာလန္ဒာအနီးရှိ ရွာတစ်ရွာမှဖြစ်၍ နာလန္ဒာမှာပင် ပရိနိဗ္ဗာန်ပြုသည်။ ထို့ကြောင့် ရှင်သာရိပုတ္တရာ စေတီကို နာလန္ဒာတက္ကသိုလ်ဝင်းအတွင်းမှာ တွေ့ရှိရသည်။ ရှင်သာရိပုတ္တရာမထေရ်မြတ်သည် မြတ်ဗုဒ္ဓက သုံးလအတွင်း ပရိနိဗ္ဗာန်စံဝင်မည်ဟု ကြိုတင်ပြောဆိုသောအခါ သူကအလျင်ပြုသွား သည်။ ပရိနိဗ္ဗာန်မပြုမီ မြတ်ဗုဒ္ဓကိုအကြိမ် ၁၀ဝ လှည့်ပတ်၍ ပူဇော်ခဲ့သည်ဟု သိရှိရသည်။ မြတ်ဗုဒ္ဓ၏ လက်ဝဲတော်ရံ ရှင်မဟာမောဂ္ဂလာန် နှင့် လက်ယာတော်ရံ ရှင်သာရိပုတ္တရာ သာဝကကြီး များ ]ဗုဒ္ဓမရှိတော့လျှင်သည်သာသနာမှာ ငါသာ လျှင်အကြီးဆုံး၊ ငါသာလျှင်အာဏာပိုင်}ဟု မပြု လုပ်ကြဘဲ သူတို့ကအလျင်နိဗ္ဗာန်ဝင်ကြသည်။


နာလန္ဒာသမိုင်း (အကျယ်)

နာလန္ဒာမြို့သည် ရှင်သာရိပုတ္တရာ၏ မွေးဖွားရာဇာတိဖြစ်၍ ယခုတွေ့မြင်ရသော စေတီတော်မှာအရှင်သာရိပုတ္တရာဖွားတော်မူသည့် တိုက်ခန်းနေရာ၌ တည်ဆောက်ထားသည်။ စေတီတော်၏ မူလဒါယကာမှာမူအသောက မင်းကြီးဖြစ်သည်။ နာလန္ဒာမြို့အကြောင်းကို ဂျိန်းစာပေများ၌ ဖော်ပြထားရာ နာလန္ဒာမြို့၌ ဂျိန်းဘုရား 'မဟာဝီရ' ၏ တပည့်များစွာရှိခဲ့သည် ဟုဆိုသည်။

မြတ်စွာဘုရားသည် နာလန္ဒာမြို့သို့ ကြိမ်ဖန် များစွာ ကြွမြန်းတော်မူရာ နောက်ဆုံးပရိနိဗ္ဗာန် စံဝင်တော်မူသည့် နှစ်မှာပင် ရာဇဂြိုဟ်မှအပြန်၌ နာလန္ဒာသြွို့ကမြန်းတော်မူခဲ့သည်။ ရာဇဂြိုဟ်မြို့နှင့် နာလန္ဒာမြို့အကြားတွင် 'အမ္ဗလဋ္ဌိကာ'အမည် ရှိသော ဘုရင့်ဥယျာဉ်တော်ရှိပြီး နာလရွာ၊ နာလက ရွာတို့မှာလည်း နာလန္ဒာမြို့အနီးမှာပင် ရှိသည်။

တိဗက်မှ 'တာရာနထ' ၏ သမိုင်းမှတ်တမ်းအရ နာလန္ဒာတက္ကသိုလ်ကို 'နာဂအဇ္ဇုန' ဆရာ တော်က စတင်တည်ထောင်ခဲ့သည်ဟုအဆိုရှိ သည်။ 'နာဂအဇ္ဇုန' သည် ပထမဦးဆုံးတိုက်အုပ် ဆရာတော်ဖြစ်၍ 'မဟာယာန' ဝါဒကို တီထွင် ခဲ့သည်။ မကြာမီမှာပင် နာလန္ဒာသည် ကြီးပွား တိုးတက်လာ၍ စာသင်ရဟန်း ၁၀ဝဝဝအထိ တိုးပွားလာသည်။ နေထိုင်အသုံးစရိတ်အားလုံးကို တက္ကသိုလ်ကျောင်းတော်က တာဝန်ယူရာတွင် ကုန်ကျစရိတ်များအား ဘုရင်နှင့်နယ်စားများက လှူဒါန်းကြခြင်းဖြစ်သည်။ ဂုတ္တမင်းဆက်၌ ရှေးဦးစွာ 'သက္ကအာဒိတျ' မင်းက နာလန္ဒာတွင် ကျောင်းဆောက်လုပ် လှူဒါန်းသည်။ ထို့နောက် သူ၏အဆက်အနွှယ် များဖြစ်ကြသော 'ဗုဒ္ဓဂုတ္တ' ၊ 'တထာ ဂတဂုတ္တ'၊ 'ဗာလာဒိတျ' ၊ 'ကုမာရဂုတ္တ' နှင့် 'ဝဇီရ' ဘုရင် တို့က ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

ဂုတ္တမင်းဆက်၏နောက်ဆုံးဘုရင် 'ဟဿ' မင်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်၍ နာလန္ဒာကျောင်း တော်ကိုအစွမ်းကုန် ချီးမြှင့်ထောက်ပံ့သည်။ ကြေးပြာသာဒ်ကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ ရွာပေါင်း ၁၀ဝ၊အိမ်ခြေ ၂၀ဝ၀ ကို ကျောင်းတော်သို့ လှူဒါန်းခဲ့သည်။အေဒီ ၈၁၅-၈၅၄ 'ဒေဝပါလ' မင်း၏ကြေးပြား၌ 'ဆုမတြ' ဘုရင်က ရာဇဂြိုဟ်အနီးရှိ ရွာငါးရွာကို နာလန္ဒာကျောင်းတော်သို့ လှူဒါန်းကြောင်း ကမ္ပည်းထိုးဖော်ပြထားသည်။


နာလန္ဒာပါမောက္ဓများ

နာလန္ဒာသည် မဟာယာနဗုဒ္ဓဘာသာ၏ ဗဟိုအချက်အချာဖြစ်သည့်အလျောက် ကျောင်းအုပ်ဆရာတော်များနှင့် ပါမောက္ခများကို ဆန်းစစ်ကြည့်ပါက နာလန္ဒာသည်အဘယ်ကြောင့် ကမ္ဘာကျော်ခဲ့သည်ကို သိရှိနိုင်ပါသည်။ ၎င်းတို့ မှာ -

သန္တရဏ္ခိတ(တိဗက်တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ သို့ ကူးပြောင်းစေ၍ ပိဋကတ်တော်ကို တိဗက်ဘာသာ ပြန်ဆိုသူ)

မှတ်ချက် ။ ။ နာလန္ဒာတက္ကသိုလ်သို့ တရုတ်ပြည်မှ 'ဟူယင်ဆန်' ၊ 'အိချင်' ၊ 'ဆူ မတြား' ကျွန်းနှင့် ကိုရီးယားမှ ပညာသင်ရဟန်းများ လာရောက်နေထိုင် ပညာသင်ယူခဲ့ကြသည်။





မှတ်တမ်းများ

အေဒီခုနစ်ရာစုနှစ်က 'ဟူယင်ဆန်'၏ မှတ်တမ်း၌ နာလန္ဒာချီးမွမ်းခန်းအပြည့်အစုံ ပါဝင်သည်။ သူကိုယ်တိုင် ခုနစ်နှစ်ကြာ နေထိုင် ခဲ့သောကြောင့်ဖြစ်သည်။ ထိုအချိန်က တက္ကသိုလ် ကျောင်းအုပ်ဆရာတော်မှာ 'သီလဘဒြ' ဖြစ် သည်။ 'ဟူယင်ဆန်' သည် ဟေတုဝိဇ္ဇာ (Logic)၊ သဒ္ဒဝိဇ္ဇာ၊ စိကိစ်ဆာဝိဇ္ဇာနှင့် ဝေဒကျမ်းစာများ သင်ယူခဲ့သည်ဟု ဆိုသည်။အေဒီငါးရာစုနှစ်က 'ဖာဟိယန်' သည် 'နာလန္ဒာရွာ၊ သာရိပုတ္တရာစေတီတော်မြတ်ကြီးအကြောင်း'ကို မှတ်တမ်းတင်ခဲ့သော်လည်း နာလန္ဒာတက္ကသိုလ်အကြောင်းကိုမူ လုံးဝမဖော် ပြခဲ့ချေ။ ထို့ကြောင့်အေဒီငါးရာစုနှစ်နောက်ပိုင်း ကျမှသာ ထိုတက္ကသိုလ်ကြီးထွန်းကားလာသည်ဟု ယူဆရပေသည်။ နာလန္ဒာတက္ကသိုလ်၏တည်နေရာ ရာဇဂြိုဟ်မှပတ္တနားမြို့သို့သွားသော ရထား၊ ကားလမ်း၌တည်ရှိ၍ ရာဇဂြိုဟ်ဘူတာမှဆိုလျှင် လေးမိုင်ကွာဝေးသည်။ ဗိဟာပြည်နယ်၏မြို့တော်ဖြစ်သော ပတ္တနားမြို့ (ရှေးယခင်-ပါဋလိပုတ်)မှ ၅၅ မိုင်ကွာဝေးသည်။ နာလန္ဒာ တက္ကသိုလ်ကျောင်းတော်ရာအနီး၌ 'ဘရ်ဂွန်း' ခေါ်ရွာကလေး ရှိသည်။ ကျောင်းတော်ရာ၏ တောင်ဘက်နှစ်ဖာလုံခန့်အကွာတွင် နာလန္ဒာ တက္ကသိုလ်ကျောင်းအသစ်ရှိသည်။


လမ်းပန်းဆက်သွယ်ရေး

ကာလကတ္တားမြို့မှ နယူးဒေလီမြို့သို့ သွား သော မီးရထားကိုစီးနင်းပါက ဘခ်စတိယာပူရ် (ဘဒ္ဒိယမြို့)ဘူတာတွင်ဆင်းပြီး ရာဇဂြိုဟ်သို့ သွားသောမီးရထားကို ပြောင်း၍စီးပြီးလျှင် နာလန္ဒာဘူတာ၌ဆင်းကာ တစ်မိုင်ခွဲခန့်လမ်း လျှောက်သွားနိုင်သည်။အကောင်းဆုံးနည်း လမ်းမှာ ရာဇဂြိုဟ်မြို့သို့ ရှေးဦးစွာသွားရောက်၍ ရာဇဂြိုဟ်မြို့မှတစ်ဆင့် မော်တော်ကားဖြင့် သွားရောက်ခြင်းက ပိုမိုအဆင်ပြေပါသည်။


စေတီတော်နှင့် ကျောင်းတော်ရာများ

နာလန္ဒာကျောင်းတော်ရာကိုအဝေးမှကြည့် ပါက ရဲတိုက်ခံတပ်ကြီးတစ်ခုဟု ထင်မှတ်ရသည်။အဆောက်အအုံများဆောက်လုပ်ပုံမှာ လွန်စွာ စနစ်ကျသည်။ စေတီနှင့် ဇရပ်များကတစ်တန်း၊ တက္ကသိုလ်ကျောင်းဆောင်ကြီးများက တစ်တန်း ဟူ၍ နှစ်တန်းခွဲခြားထားသည်။ တောင်ဘက်မှ မြောက်ဘက်သို့ ကျောင်းတော်ရာ (၁၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁) တို့သည်လည်းကောင်း၊အနောက်ဘက်အတန်း၌ စေတီတော်အမှတ် (၃၊ ၁၂၊ ၁၃၊ ၁၄)တို့သည်လည်းကောင်းအစဉ်အတိုင်းတည်ရှိသည့်အပြင် တောင်ဘက်ဆုံး၌ ကျောင်းဆောင်အမှတ် (B1 နှင့် B2) တို့ရှိကြ သည်။

ကျောင်းတော်ရာအတွင်းသို့ လမ်းဟောင်းကြီးအတိုင်း ဝင်သွားသောအခါ ကျောင်းဆောင်အမှတ် (၁) ကိုလက်ဝဲဘက်၌ လည်းကောင်း၊ ကျောင်းဆောင်အမှတ် (၄) နှင့် (၅)ကို လက်ယာ ဘက်၌လည်းကောင်း တွေ့ရပြီး ထိုလမ်းအတိုင်း ဆက်လက်သွားရောက်ပါက စေတီတော်ကြီးအမှတ် (၁) သို့ ရောက်ရှိသည်။ ယင်းစေတီတော်မှာ လေးထောင့်ဖြစ်၍အပေါ်ထပ်သို့လှေကား ကျယ်ကြီးအတိုင်း တက်သွားနိုင်သည်။ စေတီ တော်၏ထိပ်၌ မြောက်ဘက်သို့မျက်နှာမူလျက် ကျောင်းဆောင်ခန်းမကြီးရှိသော်လည်းအမိုးအကာမရှိတော့ဘဲ တိုင်လုံးနေရာများကိုသာ တွေ့ရတော့သည်။ (မြန်မာနိုင်ငံမှ မန္တလေး နန်းဦးတွင် ဘုရင်တည်ထားကိုးကွယ်ခဲ့သော 'စွယ်တော်စင်' ဘုရားနှင့်တူသည်။) ဤစေတီသည်အရှင်သာရိပုတ္တရာ ဖွားမြင်တော်မူသော တိုက် ခန်းနေရာ၌ တည်ဆောက်ထားသည်ဟုဆိုကြ သည်။အရှင်သာရိပုတ္တရာသည် ထိုတိုက်ခန်း၌ပင် ပရိနိဗ္ဗာန်ပြုတော်မူသည်။

ယင်းစေတီတော်ကြီး၏အရှေ့မြောက်ဘက်ရှိ သစ်သားကျောင်းဆောင်ငယ်အတွင်း၌ 'အဝ လောကိတေရွှရ' ရုပ်တုရှိသည်။ စေတီတော်ကြီးနှင့် ကပ်လျက်စေတီငယ်များကို ခေတ်အဆက်ဆက် တည်ဆောက်ခဲ့ကြသဖြင့် ပူးတွဲပေါင်းစပ်လျက် ရှိသည်။ စေတီတော်ပတ်လည်ရှိ ရုပ်တုရုပ်လုံး များသည် 'ဂုတ္တ' ခေတ်လက်ရာများဖြစ်ကြသည်။ စေတီတော်ကြီး၏အရှေ့တောင်ဘက်၌ရှိသော ရုပ်တုမှာ နာလန္ဒာတက္ကသိုလ်၏ ပထမကျောင်းအုပ် ဆရာတော် 'နာဂရဂျူးနား' (နာဂအဇ္ဇုန) ၏ ပုံဖြစ်သည်ဟု ခန့်မှန်းရသည်။





ပြတိုက်

ပြတိုက်အတွင်း၌ ရုပ်တုများ၊ ရုပ်တုထွင်းထု ထားသော ကျောက်ပြားများနှင့်အုတ်ခွက်များ၊ ဒင်္ဂါးများရှိသည်။ ကမ္ပည်းစာများ၊ တံဆိပ်တုံးနှင့် ကျောက်ပြားများ၊အိုးများကိုမူ သီးသန့်စီစဉ် ပြသထားသည်။

၁။ ကမ္ပည်းစာများ ။ ။ ကမ္ပည်းစာများမှာ နာလန္ဒာ၏ ရာဇဝင်သမိုင်းကို ဖော်ပြထားသည်။ ကြေးပြားပေါ်၌ ရေးသားထားခြင်းဖြစ်သည်။ သမုဒြဂုတ္တမင်း၊ ဒေဝပါလမင်းနှင့် ဓမ္မပါလမင်း တို့၏ ကမ္ပည်းစာများရှိသည့်အနက် 'ယသော ဝမ္မဒေဝ' နှင့် 'ဝိပုလသိရီမိတြ' ၏ ကမ္ပည်းများမှာအလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။အေဒီရှစ်ရာ စုနှစ် ကနောဇဘုရင်'ယသောဝမ္မဒေဝ' ၏အမတ်တစ်ဦးက 'ဗာလာဒိတျ' ဘုရင်၏ ဘုရား ကျောင်းကိုအောက်ပါအတိုင်း ချီးမွမ်းခန်းထုတ် ဖော်ခဲ့သည်။

နာလန္ဒာကျောင်းတော်ကြီးကား မဟာပညာ ကျော်တို့ စာပေနှင့်အနုပညာသင်ကြားပို့ချရာ ဌာနအဖြစ် ကျော်ကြားလှပေသည်။ ဘုရင့်နေပြည် တော်ထက် နာလန္ဒာတက္ကသိုလ် ကျောင်းတော်ကို လူသိများသည်။ ကျောင်းတော်ကြီး၏ စုလစ်မွမ်း ချွန်အထွတ်တင်ထားသော ပြာသာဒ်ဆောင်ကြီး များမှာ မိုးတိမ်ကြားသို့တိုးဝင်နေသည်။ တန်ခိုး တော်ရှင်သည် ဤကမ္ဘာမြေကြီးကိုအလှအပ တန်ဆာဆင်ပေးရန် ဤတက္ကသိုလ်ကျောင်းတော် ကြီးကို ဖန်ဆင်းပေးလေရော့သလား။

စာပေ ပညာရှင်၊အနုပညာရှင်၊ ရဟန်းတော်တို့ပျော်စံရာ ဌာနမှာ စိန်ရောင်၊ ကျောက်ရောင်၊ ရွှေရောင်တို့ဖြင့် တပြောင်ပြောင်၊ တလက်လက်တောက်ပနေသော နန်းတော်ဆောင်ကြီးများဖြင့် ပြည့်နှက်နေသည်။ ဝိဇ္ဇာဓိုရ်များပျော်စံရာ ဌာနပေလားဟုအထင်မှား လောက်ပေသည်။ ဤနေရာဌာနတွင် ဗာလာဒိတျ ဘုရင်သည် ကေလာသငွေတောင်ထက် ပိုမို ဆန်းကြယ်တင့်တယ်သည့် ဘုရားကျောင်းတော် ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သည်။

အမှတ် (၇) ကျောင်းတော်ရာမှ ရရှိသော 'ဝိပုလသိရီ မိတြ' ရဟန်း၏ ကမ္ပည်းစာအရ ယင်းရဟန်းတော်သည် တာရာနတ်သမီး ဘုရား ကျောင်း၊ ရေကန်နှင့်သိကြားမင်း၏ ဝေဇယန္တာ ပြာသာဒ်ထက်သာလွန်တင့်တယ်သော ကျောင်း ဆောင်ကြီးတစ်ဆောင်ကို ဆောက်လုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ရုပ်တုတော်များ၏ ဓမ္မစကြာအဝိုင်း နှင့်ရောင်လျှံတို့၌ ရေးထိုးထားသော ကမ္ပည်းစာ များ၊အုတ်ခွက်စာများလည်း ရှိသေးသည်။ များသောအားဖြင့် 'ဗေဒဓမ္မာ ဟေတုပ္ပ ဘဝါ' ဂါထာနှင့် ပဋိစ္စသမုပ္ပါဒ်တရားတော် စသည် တို့ကို ရေးထိုးကြသည်။

၂။ ရုပ်တုများ ။ ။ ပြတိုက်ရှိ ရုပ်တုများအနက် မဟာယာနဘုရားကျောင်းဆောင် ရုပ်တုနှင့် နတ်ရုပ်များက ဗုဒ္ဓရုပ်ပွားတော်များထက်အရေအတွက်ပိုများသည်။'ပါလ' ခေတ်နှင့် 'ဂုတ္တ' ခေတ်ကြေးသွန်းလက်ရာများ ဖြစ်ကြသည်။ နာလန္ဒာကြေးရုပ်တုများသည် ]မိဂဒါဝုန်} နှင့် ]မထုရာ} ၌ တွေ့ရှိရသော ရုပ်တုများလောက် လက်ရာ မမြောက်ချေ။ သို့ရာတွင် နာလန္ဒာ၌ ရုပ်တုအငယ်များ ပိုမိုသွန်းလုပ်ခဲ့သည်။ ထိုရုပ်တု များအနက်–

(ခ)'အဝလောကိတေရွှရ' ဘုရားလောင်း နတ်သားရုပ်သည်ပုတီးကုံး၊ ကြာပန်း နှင့်အမြိုက်အိုးတို့ကို ကိုင်ထားသည်။

(ဂ);'ဝဇီရပါတိ'နတ်သားရုပ်သည် ခြင်္သေ့ ကိုစီးထားသည်။ ထို့ပြင် မဉ္ဇူသီရိ (မဂျူရှရီ)၊ စုမ္ဘလ၊ တာရာ ပညာ ပါရမတာ၊ မာရိစီ၊ ဟရိတိ၊ သူရဿတီ၊အပရာဇိတ စသည့်နတ်သား၊ နတ်သမီးရုပ်များကို လည်း ပြသထားသည်။

၃။ တံဆိပ်တုံးများ ။ ။ တံဆိပ်တုံးများတွင် ဘုရားပုံအချို့နှင့် စာတမ်းတချို့ပါရှိသည်။အထူးခြားဆုံးမှာနာလန္ဒာ တက္ကသိုလ်ကျောင်း တော်တံဆိပ်တုံးဖြစ်၍ယင်းတွင် "သီရိ နာလန္ဒာ မဟာဝိဟာရိယ ဘယဘိက္ခုသံဃဿ" ဟု ထွင်းထုထားသည်။ စာတမ်း၏အထက်၌ ဓမ္မ စကြာအဝိုင်း ပုံနှင့် သမင်နှစ်ကောင်ပုံပါရှိသည်။ ထို့ပြင် 'ဂုတ္တ' ခေတ်က ဒုတိယကုမာရဂုတ္တမင်း'၊ နရသိဟဂုတ္တမင်း၊အာသံဘုရင် 'ဘာကရဝမ္မမင်း၊ ကနောဇဘုရင် ဟဿဝဒ္ဓနမင်း စသည်တို့၏ တံဆိပ်တုံးများကိုလည်း ပြသထားသည်။အဓိပ္ပာယ်မှာထိုဘုရင်များအားလုံးသည် နာလန္ဒာ ၏ ဒါယကာများဖြစ်ကြောင်း ဖော်ပြပေသည်။

စာရေးသူသည် ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ် တိုင်းတွင် မပါမဖြစ်သော နာလန္ဒာတက္ကသိုလ်၏ သမိုင်းအကျဉ်းချုပ်နှင့် သမိုင်းအကျယ်တို့ကို ရေးသားမျှဝေတင်ပြပြီး ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်က စာရေးသူကိုယ်တိုင်ရောက်ရှိ လေ့လာခဲ့ ဖူးသော နာလန္ဒာတက္ကသိုလ်၏ လက်ရှိအခြေအနေကို ၂၀၁၆ ခုနှစ်က သွားရောက်ခဲ့သောအသိမိတ်ဆွေတစ်ဦး၏ ပြည်ပခရီးသွား ဆောင်းပါး နှင့်ပေါင်းစပ်၍ ထပ်မံရေးသား တင်ပြအပ်ပါ သည်။

'ရွှေဘုန်းပြည့်' ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ၏အစီအမံဖြင့် စာရေးသူတို့မိသားစုအပါအဝင် ဘုရားဖူးအဖွဲ့၏ခရီးစဉ်တတိယနေ့ (ရာဇဂြိုဟ် ခရီးစဉ်)၌ ရှေးဦးစွာ တဖုဿနှင့် ဘလ္လိကကုန်သည်ညီနောင်တို့ လှည်း ၅၀ဝ နှင့် ကုန်သွယ်ရာလမ်းကြောင်းဖြစ်သော လှည်းဘီးရာကြီးများကိုလည်းကောင်း၊ ထိုမှ ဆေးဆရာကြီး ဇီဝက၏သရက်ခြံကိုဖြတ်သန်း၍ ဂျပန်ငြိမ်းချမ်းရေးစေတီ၊ ဝိရွှသျှန္တီ စေတီတော်ကြီးပေါ်သို့ လျှပ်စစ်ပုခက် (Chair Lift) ဖြင့် တက်ရောက်၍လည်းကောင်း၊ ထိုနောက် ဗိမ္ဗိ သာရမင်း၏အကျဉ်းထောင်နှင့် 'ဆွန်း' ဘဏ္ဍာတော်တိုက်၊အဇာတသတ်မင်း၏ ဓာတ်တော်တိုက်၊ ဝေဠုဝန်ကျောင်းတိုက် တို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုလေ့လာပြီးသော် နာလန္ဒာတက္ကသိုလ်ကျောင်းတော်ရာသို့ ဆက်လက်သွား ရောက်ကြပါသည်။


နာလန္ဒာတက္ကသိုလ်ကျောင်းတော်ရာနှင့်အရှင်သာရိပုတ္တရာစေတီတော်

နာလန္ဒာတက္ကသိုလ်ကျောင်းတော်ကြီးသည်အေဒီ ၁၂ ရာစုနှစ်တွင် တူရကီမှလာသော မွတ်စလင်စစ်တပ်က ဖျက်ဆီး၍ မီးလောင်သွားသဖြင့်အမိုးမရှိသောအောက်ခံ ခုံတုံးများကိုသာတွေ့ရှိရတော့သည်။ ရှေးယခင်ကအလွန် ကျော်ကြားခဲ့သော တက္ကသီလာကြီးမှာ သင်္ချာ၊ နက္ခတ္တ ဗေဒ၊အနုပညာများသင်ကြားပေးခဲ့ဖူးရာ သမိုင်းအထောက်အထားတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သည်။ နာလန္ဒာတက္ကသိုလ်ဝင်းအတွင်းတွင်အရှင်သာရိ ပုတ္တရာစေတီတော်ကိုတွေ့မြင်ရ၍ စာရေးသူတို့ရှိခိုး ခဲ့ကြ၊ ဓာတ်ပုံရိုက်ခဲ့ကြသည်။အရှင်သာရိပုတ္တရာမထေရ် မြတ်သည် နာလန္ဒာအနီးရှိ 'ဘာရာဂုဏ်' ရွာဇာတိဖြစ်၍ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်မစံဝင်မီ သုံးလအလိုတွင် သူကအလျင် ပရိနိဗ္ဗာန်ပြုသွားခဲ့သည်ဟု သိရှိမှတ်သားရ ပါသည်။

အရှင်သာရိပုတ္တရာစေတီတော်ကြီး၏အောက်ခြေ နေရာသို့ ရောက်ရန်ပင် မြေပြင်မှ လှေကားထစ်ပေါင်း ၁၀ဝ ကျော်ခန့်တက်ခဲ့ကြရပြီးနောက် လေးထောင့်ပုံစေတီ ကြီး၏ နံဘေးမှကပ်လျက်ရှိသော ရှင်သာရိပုတ္တရာ၏အရိုးအိုးဂူအထိ လှေကားထစ်ပေါင်း ၅၀ ခန့် ဆက်လက် တက်ရောက်ရပြန်ရာ ထိုစေတီတော်ကြီး၏ ဉာဏ် တော် မည်မျှမြင့်မားမည်ကို တွေးချင့်ကြပါကုန်။ မည်သို့ ဆိုစေ စေတီတော်ကြီးကိုအဝေးမှလှမ်းမျှော်ကြည့်လျှင် တောင်ပူ စာလေးသဖွယ် ရှုမြင်ရပါသည်။ ရှင်သာရိပုတ္တရာစေတီတော်၏ မူလဒါယကာအရှင်သာရိပုတ္တရာသည် ဟိန္ဒူဘာသာဝင် 'သာရီ'အမည်ရှိသော သြွူကယ်ပုဏ္ဏေးမကြီး၏ သားဖြစ်၍ နာလန္ဒာမြို့၌ ဖွားမြင်ခဲ့ပြီးနောက် ဘုရားရှင်၏အဆုံးအမ တရားတော်တို့ကို သက်ဝင်ယုံကြည်ကာ ရဟန်းအဖြစ်သို့ ရောက်ခဲ့သူဖြစ်၏။ ထို့နောက် မြတ်စွာဘုရားရှင်၏ လက် ယာတော်ရံ ရဟန္တာတစ်ဆူဖြစ်တော်မူ၍ ဖွားမြင်ခဲ့ရာ တိုက်ခန်းသို့ပင် ပြန်လည်ကြွမြန်းကာ ပရိနိဗ္ဗာန်ပြုတော် မူခဲ့သည်။ ဤမည်သောအရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ပူဇော်လိုသဖြင့်အသောကမင်းတရားကြီးက ဤနေရာတွင် ယင်းစေတီကြီးကို တည်ဆောက်ခဲ့သည်။ ဘုရားရှင်ပရိနိဗ္ဗာန် စံဝင်ပြီးနောက် နှစ်ပေါင်း ၂၅၀အကြာတွင် တည်ထားခဲ့ခြင်း ဖြစ်၍ 'ရှင်သာရိပုတ္တရာစေတီတော်' ဟု ခေါ်ဆိုကြသည်။


တစ်ချိန်က နာလန္ဒာတက္ကသိုလ်

နာလန္ဒာမြို့သည်အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ပတ္တနားခရိုင် ရာဇဂြိုဟ်၏မြောက်ဘက်တွင်တည်ရှိကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ နာလန္ဒာတက္ကသိုလ်နှင့် ကျောင်း ဟောင်းနေရာသည် ဧက ၇၀ ကျယ်ဝန်း၍ ကြီးကျယ်ခမ်းနား သောအဆောက်အအုံကြီးဖြစ်၏။ ကျောင်းတော်ရာအတွင်းသို့ လမ်းမကြီးအတိုင်းဝင်ရောက်သွားရာ သီရိဓမ္မာ သောကမင်းကြီး၏ ကုသိုလ်တော်ဖြစ်သော စေတီတော် ကြီးတစ်ဆူကို တွေ့မြင်ရသည်။

အခြားစေတီတော်ကြီး၊ ငယ်များနှင့်အဆောက်အအုံကြီး၊ ငယ်များသည်လည်း ကြီးကျယ်ခမ်းနားသောအသွင်ကိုဆောင်နေဆဲပင်။ သမိုင်း မှတ်တမ်းများ၏အဆိုအရ နာလန္ဒာဗုဒ္ဓတက္ကသိုလ်ကို 'အရှင်နာဂအဇ္ဇုန' ဆရာတော်က စတည်ထောင်ခဲ့ပြီးအရှင်သည် ပထမဦးဆုံး တိုက်အုပ်ဆရာတော်ကြီးဖြစ်၍ 'မဟာယာနဝါဒ'ကို စတင်တီထွင်သူလည်း ဖြစ်သည်။ နာလန္ဒာတက္ကသိုလ်တွင် စာသင်သားရဟန်းတော်ပေါင်း ၁၀ဝဝဝအထိ နေထိုင်သီတင်းသုံးပြီး စာပေသင်ကြားခဲ့ သည်ဟု ဆိုသည်။ ခန်းမကြီးနှင့် တစ်ဖက်တစ်ချက်စီတွင် စီတန်းလျက်ရှိသောအခန်းငယ်များသည် စာသင်ခန်းမ များနှင့် စာသင်သားရဟန်းတော်များ၏အိပ်ခန်းများဖြစ်ကြ သည်။ တချို့သောနေရာများတွင် မြေအောက်ခန်းကြီးများ လည်း ရှိပေသည်။


နာလန္ဒာတက္ကသိုလ်၏ဂုဏ်သတင်း

ဗုဒ္ဓဘာသာဝင် ပြည့်ရှင်မင်းအဆက်ဆက်တို့က ဤနာလန္ဒာကျောင်းတော်ကြီးကို ချီးမြှင့်ထောက်ပံ့တော်မူ ခဲ့ရာအေဒီခြောက်ရာစုနှစ်လောက်တွင် နာလန္ဒာဗုဒ္ဓ တက္ကသိုလ်ကြီးတည်ထောင်ကြီးပွားတိုးတက်လျက် ကမ္ဘာအနှံ့ဂုဏ်သတင်းကျော်စောခဲ့ပေသည်။ ဤတက္ကသိုလ် ကြီး၌ သင်ကြားပို့ချပေးသော စာပေအမျိုးမျိုးတွင် စိတ်ဆင်ခြင်တုံတရားအတတ်၊ လင်္ကာအတတ်၊ သင်္ချာအတတ်၊ ဗေဒင်အတတ်ပညာ စသည်ဖြင့် ပညာရပ်ပေါင်းစုံ ပါဝင်သည်။ ထိုခေတ်က နာလန္ဒာတက္ကသိုလ်၏ ဂုဏ် သတင်းသည်အာရှတစ်ခွင်ရှိ ဗုဒ္ဓဘာသာဝင်နိုင်ငံများသို့အထူးကျော်ကြားလျက်ရှိပေသည်။


စာသင်သားရဟန်းတော်များ

သို့ဖြစ်၍အိမ်နီးနားချင်းနိုင်ငံတို့မှ ဗုဒ္ဓဘာသာ စာသင်သားအပေါင်းတို့သည် နာလန္ဒာကျောင်းတော်ကြီးသို့ မဖြစ်မနေလာရောက်ကာပညာရှာမှီးကြလေသည်။ တရုတ် နိုင်ငံမှ ရဟန်းတော် 'ဟူယင်ဆန်' သည်အေဒီ ၇၀ဝ ပြည့်နှစ်တွင် နာလန္ဒာကျောင်းတော်အကြောင်းကို စုံစုံ လင်လင်မှတ်တမ်းတင်ခဲ့သူဖြစ်ပေသည်။


နာလန္ဒာတက္ကသိုလ်အသစ်

ထို့နောက် စာရေးသူတို့သည် ယခုနာလန္ဒာ တက္ကသိုလ် ဟောင်းနှင့် နှစ်ဖာလုံခန့်အကွာတွင်တည်ရှိသော နာလန္ဒာ တက္ကသိုလ်အသစ်သို့ သွားရောက်ကြရာ ကျောင်းသစ်အတွင်းသို့ ဝင်ရောက်ခဲ့သည်နှင့် တက္ကသိုလ်ကျောင်းသား စာသင်သား ရဟန်းတော်များက လှိုက်လှဲပျူငှာစွာ ကြိုဆို ကြပြီး သူတို့မှာရှိသည့်အချိုရည်များ၊ ဖျော်ရည်များဖြင့် စာရေးသူတို့အဖွဲ့ကို ဧည့်ဝတ်ပြုကြသည်။ ထိုစဉ်က စာသင်သားရဟန်းတော် ၄၃ ပါးရှိပြီး သူတို့သည် မြန်မာ ပြည်မှလာရောက်၍ဗုဒ္ဓစာပေများ၊ သက္ကတစာပေများအား ဆည်းပူးသင်ကြားနေကြောင်းသိရှိရသည်။ မြန်မာပြည် သား ပြည်ပရောက် စာသင်သားရဟန်းတော်များအနေဖြင့် မိဝေး ဖဝေး၊ ဆွေဝေး၊ မျိုးဝေး နေထိုင်သင်ကြားနေကြသည် ဖြစ်ရကားအစစအရာရာအခြေအနေနွမ်းပါးကြောင်း သိခဲ့ရပေသည်။


နိဂုံး

နာလန္ဒာမြို့ရှိ ဧက ၇၀ ကျော်ကျယ်ဝန်းသော မြေကွက်ကြီးပေါ်တွင် ဤမျှကြီးကျယ်ခမ်းနားသော နာလန္ဒာတက္ကသိုလ်ကျောင်းတော်ရာကြီး တစ်ချိန်က ဆောက်လုပ်တည်ရှိခဲ့သည်ကို စာရေးသူတို့မျက်ဝါး ထင်ထင်တွေ့မြင်ခဲ့ရသလို လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ဝ ကျော်ခန့်က ကျောင်းတော်ကြီးဖြစ်သဖြင့် ယခုမျက်မြင်တွင် မည်မျှပျက်စီးနေသည်ဖြစ်စေကာမူ ခံ့ညားထည်ဝါမှုက ကျန်ရှိနေဆဲဖြစ်၍ ယနေ့တိုင် စိတ်မှန်းဖြင့်မြင်ယောင်ကာ လွမ်းမောတမ်းတ တသသçအောက်မေ့သတိရလျက်ရှိပါ တော့သည်။ ဝန်ခံချက်။စာရေးသူ၏ 'ဗုဒ္ဓဂယာအလွမ်း' ဆောင်းပါးနှင့် သန့်ဝင်းရှိန်၏ ပြည်တွင်း၊ ပြည်ပခရီး သွားသုတ၊ ရသဆောင်းပါးတို့မှ ကောက်နုတ်ဖော်ပြ မျှဝေဖော်ပြအပ်ပါသည်။




Some text some message..