မန်ကျည်းပင်တန်းက တစ္ဆေ လေးကောင်
lotaya.mpt.com.mm
|
2021-01-08

၁။

ကျောင်းဆရာလေး ကိုမျိုးမောင်သည် တစ်ခုသော ကျောင်းပိတ်ရက်၌ သူ၏ ပင်ကိုယ်ဝါသနာအရ သဖန်းပင် သစ်တောကြိုးဝိုင်းထဲကို အဖော်မပါ တစ်ယောက်တည်း ပရဆေးပင် အရှာထွက်လာခဲ့၏။

ကိုမျိုးမောင်၏ ဝါသနာသည် မြန်မာ့တိုင်းရင်းဆေးဖြစ်သော ပရဆေးဖော်စပ်ခြင်းပင် ဖြစ်၏။

ကိုမျိုးမောင်သည် အသက် ၃၀ခန့် အရွယ်ရှိသော အလယ်တန်းပြ ကျောင်းဆရာလေးဖြစ်ပါ၏။

၎င်းငယ်စဉ်က မြန်မာတိုင်းရင်းဆေးဆရာ ဖခင်ဖြစ်သူ ဦးဘဦး၏ သင်ကြားပြသမှုကြောင့် ဆေးပင်၊ဆေးရွက်များနှင့် ရင်းနှီးနေခဲ့သူ ဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေး အစွမ်းထက်မြက်မှုကိုလည်း အစဉ်တစိုက် ယုံကြည်မြတ်နိုးသူ တစ်ဦးဖြစ်၏။

ထို့ကြောင့် ယခု သူ အလုပ်ဝင်နေသော တွဲဘက် အ.လ.က ကျောင်းတည်ရှိရာ စည်သာရွာနှင့် ၂မိုင်ခန့်အကွာက သဖန်းပင်သစ်တောကြိုးဝိုင်းထဲသို့ ဆေးပင် ဆေးရွက် ရှာဖွေရန် အလို့ငှာ ထွက်လာခဲ့ခြင်းပင်။

ရွာက ထွက်လာစဉ်ကတည်းက စားရေရိက္ခာ တစ်နေ့စာ လုံလောက်အောင် စီစဉ်၍ ထည့်လာခဲ့၏။သူ၏ အစီအစဉ်က တစ်နေကုန်အောင် တောလည်မည့်သဘောပင်။

ဆေးပင်တွေ့က တူးယူရန် ပေါက်တူးအသေးတစ်လက်ကို ကျောပိုးအိတ်မှာ ချိတ်ခဲ့၏။၎င်း၏ ခါးတွင်လည်း လိုရာသုံးနိုင်ရန်အတွက် အမဲလိုက်ဓားမြောင်တစ်ချောင်း ထည့်လာခဲ့သေး၏။

စည်သာရွာကနေ ၂မိုင်ခန့် အကွာရောက်တော့ ကိုမျိုးမောင်သည် မွဲခြောက်ခြောက် နှစ်ထပ် ပျဉ်ထောင် အိမ်အိုကြီးတစ်လုံးကို စတင် တွေ့ရလေတော့သည်။

နှစ်ထပ် ပျဉ်ထောင်အိမ်အိုကြီးမှာ အပေါ်ထပ်ရော အောက်ထပ်ပါ သစ်သား ဝါးရံတာများ ပါရှိလေ၏။

အိမ်အိုကြီးမှာ ကုန်းမြေ အမြင့်ပိုင်း၌ တည်ရှိပြီး၊ တံစက်မြိတ်တွင် နိုင်ငံတော် အလံကို လွှင့်ထူထားရှိ၏။

သို့ပေမယ့် နိုင်ငံတော်အလံမှာ မည်သည့်အချိန် မည့်သည့်ကာလ ကတည်းက လွှင့်ထူထားရှိခဲ့သည်မသိရ။

ဖြူဖျော့ကာ အရောင်အဆင်း မွဲချာနေသည့်အပြင် အနားစများပင် စုတ်ဖွာနေပြီ ဖြစ်၏။

အိမ်အိုကြီး၏ အကာ ဖြစ်သော ပျဉ်ချပ်များမှာ ဆွေးမြေ့သည့်နေရာက ဆွေးမြေ့ ပေါက်ပြဲနေကြသည်။လစ်လပ်သည့်နေရာများမှာလည်း ကျိုးပဲ့ပေါက်ပြဲနေကြ၏။

တံခါးရွက်များမှာလည်း ယခု မြင်နေရသကဲ့သို့ပင် အစဉ်အမြဲ ပိတ်ထားဟန်တူ၏။ပြတင်းတံခါးတိုင်းသည် ပိတ်လျက်သား တွေ့ရလေ၏။

အောက်ထပ် ဝါးရံတာ နှင့် ကြက်တူရွေးတန်းကြားတွင်လည်း ပိုးမျှင်အိမ်များ နေရာအနှံ့ စွဲကပ် နေရာယူထားကြသည်။

ပြုပြင်ထိမ်းသိမ်းမည့်သူမရှိ။ယိုယွင်းပျက်ဆီးကာ မကြာခင် လဲပြိုကျတော့မည့်ပုံပင်။

မျက်နှာစာတွင် ကျိုးပဲ့နေသော ထိုင်ခုံများ နှင့် ယိုင်နဲ့နဲ့ စားပွဲတစ်လုံး ကို မြင်နိုင်၏။

အိမ်အိုကြီး၏ မျက်နှာစာ ရှေ့ဘက် မြေကွက်လပ်ကျယ်တွင် မန်ကျည်းပင်ပျို ၄ပင်ကို ၅ပေခြား အကွာခန့် စီတန်းလျက် ပေါက်ရောက်နေသည်ကို တွေ့ရသည်။

အပင်များမှာ ဝါးတစ်ပြန်ခန့် မြင့်မားကြ၏။အကိုင်းအခက်များမှာ တစ်ပင်နှင့်တစ်ပင် ပူးကပ်နေခြင်းကြောင့် ခက်လက်ယှက်ဖြာနေကြသည်။အုံ့ဆိုင်းနေ၏။

မြေပြင်သည် ယခင်က လူများ နေထိုင်စဉ်ကတော့ သန့်ရှင်း ညီညာနေခဲ့လိမ့်မည်။

ယခုအခါမှာတော့ အလေ့ကျ ပေါက်ပင်များဖြင့် ပြည့်လျမ်း ရှုပ်ပွ လျက်ရှိလေ၏။

ဤအိမ်အိုကြီး၌ လူများ မနေထိုင်ကြတော့သည်မှာ ကာလ အတော်ကြာမြင့်ပြီဟု ယူဆနိုင်သည်။

ဖြတ်သွားဖြတ်လာ ကြည့်ရသည်ကပင် ဤနှစ်ထပ်ပျဉ်ထောင် အိမ်အိုကြီးသည် ချောက်ချားဖွယ်ရာ ကောင်းနေလေ၏။

ကိုမျိုးမောင်သည် ဘာရယ်မဟုတ်။ သွားရင်း လာရင်း အိမ်အိုကြီးကို စူးစမ်း လေ့လာ အကဲခတ်သွားခြင်းသာဖြစ်သည်။

ကိုမျိုးမောင်သည် သူ၏ မူလ ရည်ရွယ်ချက်အတိုင်း သဖန်းပင်သစ်တောကြိုးဝိုင်း၏ အတွင်းသို့ ခရီးဆက်ခဲ့၏။

အိမ်အိုကြီးကို အတန်ငယ် ကျော်သွားလေမှ သူ၏ နောက်ကျောကို တစုံတစ်ယောက်က စူးစူးစိုက်စိုက် ကြည့်နေသည်ဟု စိတ်ထဲ ခံစားလာရ၍ အနောက်သို့ လည်ပြန် ကြည့်လိုက်မိသည်။

သူ ဖြတ်ကျော်ခဲ့ရာ ခပ်လှမ်းလှမ်းက မန်းကျီပင်တန်းလေး၏ အရိပ်အောက်၌ လူ ၄ဦး ရင်ဘောင်တန်း မတ်တတ်ရပ်ကာ သူ့အား စူးစိုက် ကြည့်နေကြသည်ကို ရိပ်ကနဲ မြင်လိုက်ရသည်။

သို့သော် မန်းကျီးပင်များ၏ အကိုင်းအခက်တို့ ခပ်အုပ်အုပ် ရှိနေသဖြင့် ထိုလူ ၄ ယောက်မှာ သူ၏ အမြင်အာရုံတွင် သဲကွဲခြင်း မရှိချေ။

ဝိုးတဝါး မြင်တွေ့ရခြင်းသာ။

သူ အသေအချာ ပြန်လည် စူးစိုက် ကြည့်သည့်အခါမှာတော့ ထို လူသဏ္ဍာန် အရိပ်များသည် အခိုးအငွေ့များသဖွယ် ပျောက်ကွယ်သွားကြပြန်သည်။

ကျောင်းဆရာ ကိုမျိုးမောင်သည် မန်ကျည်းပင်က အကိုင်းအခက်များ၏ အရိပ်ကို လူဟု ထင်မြင်မိခြင်း ဖြစ်မည်ဟု တွေးထင် ယူဆကာ ထိုနေရာမှ ထွက်လာခဲ့လေ၏။

သို့သော် ထိုနေရာမှာ သူ ရပ်တန့်နေစဉ်က ကြက်သီးမွှေးညင်းများ ထသွားခဲ့သည်မှာတော့ အမှန်ပင်။

စည်သာရွာက သူနှင့် ခင်မင်နေသော ရွာခံ ကိုသာအေး ပြောလိုက်သည့် သတိပေးစကားများကို သူ နားထဲ ပြန်လည် ကြားယောင်မိနေသည်။

ကိုသာအေးက ..

" ကျုပ် မြို့ကို ပဲအိတ်တွေသွားပို့ရမှာမို့ပါ ဆရာလေးရာ။ နို့မို့ဆိုရင် ဆရာလေးနဲ့ အတူ အဖော်လိုက်ပေးပါရဲ့ ။

အော်. ဆရာလေး တစ်ယောက်တည်း သွားမယ်ဆိုရင် သတိပေးလိုက်ဦးမယ်။ သစ်တောကြိုးဝိုင်း အဝင်စက အိမ်အိုကြီးထဲကို လုံးဝ မဝင်လေနဲ့နော်။

အဲ့ဒီ အိမ်အိုကြီးက သရဲ ခြောက်တယ်ဗျ။အခုက အဲ့ဒီအိမ်အိုကြီးမှာ လူမနေကြတော့ဘူး။သရဲ တအားခြောက်လို့ သစ်တောဝန်ထမ်းတွေတောင် မနေရဲကြတော့ဘူးလေ။ အဲ့ဒီ အိမ်အိုကြီးမှာ အစိမ်းသေ သရဲ ၃ကောင် ရှိသတဲ့ဗျ "

သူ မြင်ခဲ့ရသည့် ဝိုးတဝါး အရိပ်များသည် တစ္ဆေများ ဖြစ်နေရော့လားဟု သူ့စိတ်ဝယ် သရိုးသရီ ဖြစ်သွားရလေတော့သည်။

သို့ပေမယ့် ရွာခံ ကိုသာအေး ပြောသည်က တစ္ဆေ ၃ ကောင်။ အခု သူ ဝိုးတဝါး မြင်ခဲ့ရတာက ၄ ယောက် မဟုတ်လား။

ဒါဆိုရင် နောက်တိုး တစ္ဆေ တစ်ကောင်က ဘယ်ကပါလိမ့်။

ဆရာလေးကိုမျိုးမောင်သည် ခေါင်းကို ကုတ်ကာ ထိုနေရာမှ ဆက်လက် ထွက်ခွာ လာခဲ့သည်။

အကယ်၍များ သူသာ အနောက်သို့ ပြန်လှည့်ကြည့်ပါက အိမ်အိုကြီး၏ အပေါ်ထပ် ပြတင်းပေါက် တစ်ခု၌ ပြတင်းတံခါးများ ဖွင့်လျက်သား ရှိနေပြီး၊ ထိုပြတင်းဝမှ ဖွေးစွပ်နေသော မျက်နှာရှိသည့် အသက် ၄၀ခန့် လူတစ်ယောက်သည် သူ့အား လက်ယပ်ခေါ်နေသည်ကို မြင်ကောင်း မြင်ရလိမ့်ဦးမည် ဖြစ်တော့သည်။

ထိုလူသည် အရောင်အဆင်း မပေါ်တော့သည့် ဟောင်းနွမ်းလွန်းသော သစ်တော အရာရှိ ယူနီဖောင်းကို ဝတ်ထားသည်ဟုဆိုပါလျင်...။

........................

၂။

သဖန်းပင်သစ်တောကြိုးဝိုင်းသည် သစ်မာတောဟု ဆိုရမည်ဖြစ်သည်။

သစ်မာ အမျိုးအစားဖြစ်သော ကျွန်း၊ ပိတောက်၊ပျဉ်ကတိုး၊သစ်ယာ စသော သစ်မာ အနွယ်ဝင် အပင်များအပြင် အခြားမာ အုပ်စု ဖြစ်သည့် နှော၊ သစ်စေး ၊ အင်ကြင်း စသော အပင်များကို လည်း တစီတတန်း ပေါက်ရောက်နေသည်ကို တွေ့မြင်နိုင်ပါ၏။

တိုင်းရင်းဆေးတစ်မယ်ဖြစ်သော ကျောက်ကပ် နှင့် ဆီးဆေး ဖော်စပ်ရာ၌ မပါမဖြစ် ပါဝင်ရမည့် ဆေးဘက်ဝင် အပင်ပုများကို ဤသဖန်းပင်သစ်တောကြိုးဝိုင်း အစပ်မှာကတည်းက နှေရာအနှံ့ ပေါက်ရောက်နေသည်ကို ကိုမျိုးမောင် သတိထားမိသည်။

အပြန်ကျမှ အရွက်ညွန့်များကို လိုသလောက် ခူးတော့မည်ဟု တေးထားလိုက်၏။

မျိုးမောင် အဓိက ထား ရှာနေသည်က ရှားပါး နွယ်ပင် တစ်မျိုးဖြစ်သည့် တန်ဆောင်မုန်း သွေးနက်ပင် ဖြစ်လေ၏။

တန်ဆောင်မုန်း သွေးနက်ပင်သည် နွယ်ပင်အမျိုးအစား ဖြစ်ပြီး၊ အရွက်မှာ ကြာရွက်ကဲ့သို့ ဝိုင်းစက်နေပြီး၊ ခူးလျင် နွယ်မှ လူသွေးကဲ့သို့ ထွက်၏။

လူသူမနီး မြိုင်ထဲတွင်သာ ပေါက်၍ ထိုအပင်၏ ဥမှာ သွေးအားနည်းရောဂါ၊သွေးတိုးရောဂါ၊ဒူလာမြင်းရိုက်ရောဂါတို့အတွက် အလွန်ကောင်း၏။

မျိုးမောင်သည် ယခု သူ တာဝန်ကျရာ စည်သာရွာ၏ ရွာဦးကျောင်း ဆရာတော်နှင့်လည်း ရင်းနှီးကျွမ်းဝင်၏။

ဆရာတော်၌ ခံစားနေရသော သွေးအားနည်း ရောဂါကို ကုသပေးလို၍ တန်ဆောင်းမုန်း သွေးနက်ပင်ကို ရှာဖွေ နေခြင်း ဖြစ်သည်။

တန်ဆောင်မုန်း သွေးနက်နွယ်ပင်သည် ကျောက်တုံး၊ကျောက်ခဲကြီးများပေါ်တွင် နွယ်တက်လေ့ရှိ၏။

မျိုးမောင် တောနက်ပိုင်း ရောက်သည့်အခါ တောင်ကြောပေါ်မှ ပြိုကျထားသော ဧရာမ ကျောက်တုံးကြီးများ ကျောက်ခဲကြီးများကို ဟိုတစ ဒီတစ ပြန့်ကျဲနေသည်ကို မြင်တွေ့ ရလေတော့၏။

အချို့ ကျောက်တုံးကြီးများပေါ်တွင် ရေညှိစိမ်းများ တွယ်ကပ်နေသလို အရွက်ဝိုင်း နွယ်ပင်များလည်း တွယ်ကပ်လျက် ရှိသည်။

ထိုအထဲမှ ကြာရွက်သဏ္ဍာန် ဝိုင်းစက်နေသော နီစွေးစွေး နွယ်ပင်အချို့ကို မျိုးမောင် မြင်တွေ့လိုက်ရ၍ သဘောတွေ့ ဝမ်းမြောက်သွား၏။

သူ ပင်ပန်းကြီးစွာ ရှာဖွေနေသော တန်ဆောင်မုန်း သွေးနက်ပင်ကို ရှာတွေ့ပြီ ဖြစ်၏။

တန်ဆောင်မုန်း သွေးနက်ပင်ဟူသည် ဤသို့ပင် ပုန်းလျှိုးကွယ်လျှိုး ပေါက်လေ့ရှိသည့် ရှားပါးဆေးဖက်ဝင် အပင်တစ်မျိုးပင် မဟုတ်ပါလား။

မျိုးမောင် ဝမ်းသာအားရဖြင့် ထိုကျောက်တုံးကြီးပေါ်တက်သွားသည်။ နွယ်ပင်ကို ခုတ်ဖြတ်ကြည့်၏။

နွယ်မှ သွေးကဲ့သို့ နီးပျစ်ပျစ် အရည်များ ထွက်ကျလာသည်။ သေချာပြီ။ ဤအပင်သည် တန်ဆောင်မုန်းသွေးနက်ပင် ဖြစ်၏။

သူ ကျောက်တုံးအခြေသို့ ဆင်းသွားပြီး သွေးနက်ပင်၏ ဥကို တူးယူလေ၏။

၂ဥ ၃ဥ ရလေသော်အခါ ကျေနပ်စွာ ကျောပိုးအိတ်ထဲ ထည့်ထားလိုက်ပြီး ကျောက်တုံးပေါ်သို့ တွယ်တက်ခဲ့သည်။

အတက်တုန်းက ဘာမှ မဖြစ်။ အဆင်းကျမှ မျိုးမောင် ခြေချော် ကျလေတော့သည်။

ကျောက်တုံးမှာ သိပ်မမြင့်၍ တော်တော့သည်။ ဒါတောင် မျိုးမောင် ခြေထောက် အနည်းငယ် မျက်တက်တက် ဖြစ်သွားသေးသည်။

လိုချင်တာ ရပြီမို့ သူ တောထဲမှ ပြန်ထွက်လာခဲ့သည်။ ခြေထောက်က တဖြေးဖြေး နာကျင်လာသည်။

စောနက သွေးပူတုန်းမို့ မသိသာပေမယ့် အခုအခါ၌ ခြေထောက်က အတော်လေး နာလာသည်။

ခြေထောက်ကို ကြည့်လိုက်တော့ ယောင်ကိုင်း နေသည်ကို တွေ့ရ၏။

ပါလာသော အကြောဖြေဆေးကိုပဲ ခပ်ရွှဲရွှဲလေး လူးထားလိုက်သည်။ပရုတ်ပါသောကြောင့် ဆေးလူးထားသည့် နေရာတစ်ဝိုက်မှာ ပူလာသည်။

သစ်ကိုင်းခြောက် တစ်ခုကို အားပြု၍ ဖြေးဖြေးချင်းသာ လျှောက်လာခဲ့၏။ဒဏ်ရာကြောင့် သူ ခရီးဖင့်နွှဲနေရသည်။

ပုံမှန်အတိုင်းသာဆိုလျင် နေမဝင်ခင် စည်သာရွာကို ရောက်နိုင်ပါသည်။

ယခုတော့ သစ်ကိုင်းဒေါက်ကို အသုံးပြုပြီး အားယူ လျှောက်လှမ်းနေရသောကြောင့် သစ်တောကြိုးဝိုင်းအစပ်က အိမ်အိုကြီးအနီးသို့ ရောက်သည့်အခါ မှောင်စပျိုးနေပြီ ဖြစ်လေသည်။

ခရီးက ပမ်း၊ ခြေထောက်လည်း နာ။ချွေးသီး ချွေးပေါက်များ ယိုစီးကျလာသည်။

အာခေါင်သည်လည်း ခြောက်ကပ်ကပ် နိုင်လာသည်။ချွေးထွက် လွန်၍ ခန္ဓာကိုယ်က ရေဓာတ် လျော့ပါးသွားခြင်း ဖြစ်သည်။

သူ ခါးကြားက ရေဘူးကို စမ်းလိုက်သည့်အခါ ..

"ဟင်! ငါ ရေဘူး ဘယ်မှာ ကျခဲ့ပါလိမ့်"

သူ ရေအရမ်း ဆာနေပြီ ဖြစ်သည်။လျှာကို သပ်နေမိသည်။ ရေဘူး မရှိလေမှ ရေကို ပို၍ အငမ်းမရ သောက်ချင်သော ဆန္ဒ ပြင်းပြလာ၏။

အနီးအနားမှာ ရေ ရနိုင်မလားဟု မျက်လုံး ဝေ့ဝဲ ရှာဖွေမိသည်။

ကျောင်းဆရာ ကိုမျိုးမောင် မျက်လုံးပြူးသွားသည်။ အနီးရှိ အိမ်အိုကြီးကို ကြည့်၍ အံအားသင့်နေခြင်း ဖြစ်သည်။

အံဩစရာက လူမနေသော ထိုအိမ်အိုကြီးသည် ရေနံဆီ မီးအိမ်များ လင်းနေခြင်းပင် ဖြစ်ပြီး၊ ထိုအိမ်အိုကြီးထံမှ ရေဒီယို သီချင်းသံက ဆွတ်ပျံ လွမ်းမောစရာ ထွက်ပေါ်နေခြင်းကြောင့်ပင်။

........................

၃။

" သစ်တော ဝန်ထမ်း အသစ်တွေများ ကွင်းဆင်းစစ်ဆေးဖို့ ရောက်နေကြတာလား "

ကိုမျိုးမောင် ထိုကဲ့သို့ တွေးမိသည့် တခဏ အံဩစိတ်သည် တစစ လျော့ပါးသွား၏။

" အင်း ကိုသာအေးဆိုတာကလည်း အလွန်အကျွံတွေ ပြောတတ်တာကိုး။သစ်တော ဝန်ထမ်းတွေက တာဝန်ကျရင်တော့ ဒီအိမ်အိုကြီးမှာပဲ တည်းခိုရမှာပေါ့။သရဲခြောက်တယ်ဆိုတာ ဖြစ်နိုင်မယ်တော့ မထင်ပါဘူး "

ကိုမျိုးမောင် ခေတ္တ ရပ်နားနေသည့် နေရာသည် အိမ်အိုကြီးအရှေ့က မန်ကျည်းပင် ၄ပင်တန်းနှင့် သိပ်မဝေးချေ။

အလွန်ဝေး ကိုက် (၂၀) သာသာပင်။

ကိုမျိုးမောင်သည် ထိုမန်းကျီးပင်တန်းအောက်၌ လူတစ်ယောက် မတ်တတ်ရပ်နေသည်ကို ဖျတ်ကနဲ မြင်တွေ့လိုက်ရသည်။

ထိုလူ၏ ခေါင်းအထက် ဖျာထွက်နေသော မန်းကျီးပင် ကိုင်းတစ်ခုတွင် ရေနံဆီ မီးအိမ်တစ်လုံးကို မှိန်ပြပြ ထွန်းကာ ချိတ်ဆွဲထားပါ၏။

ထို့ကြောင့် ကောင်းစွာ မြင်တွေ့နိုင်ခြင်း ဖြစ်သည်။

သူ အသေအချာ ကြည့်လိုက်သည်။ မန်းကျီးပင်တန်းအောက်တွင် ပေါက်တူးတစ်လက်ကို ပခုန်းပေါ်တင်၍ သူ ရှိရာသို့ အေးစက်စက် အကြည့်ဖြင့် စူးစိုက် ကြည့်နေသူ တစ်ဦးကို ကောင်းစွာ မြင်တွေ့လိုက်ရသည်။

ထိုလူသည် သစ်တောဝန်ထမ်း ဟုတ်ဟန် မတူချေ။ဖျင်ကြမ်းအကျႌခပ်နွမ်းနွမ်းကို အကွက်ကျဲ ပုဆိုးတစ်ထည်ဖြင့် တွဲဆက် ဝတ်ထားလေ၏။ဆံပင်မှာ ဂတုံး ဆံတောက်နှင့် ဖြစ်သည်။

ထိုလူသည် သူ့အား မမှိတ်မသုန် စူးစိုက် ကြည့်နေခြင်း ဖြစ်၏။ ကိုမျိုးမောင်သည် အကူအညီ ရလို့ရငြား ထိုလူအား ပြုံးပြရင်း လက်တစ်ဖက်ကို ဝှေ့ယမ်း ပြလိုက်သည်။

ထိုအခိုက် အိမ်အိုကြီးထဲမှ အော်ဟစ် ခေါ်လိုက်သောအသံ ကြားလိုက်ရသည်။

" စံကွန့်ရေ စံကွန့် !

ဒီကို ခဏ လာအုံးဟေ့ "

ထိုလူသည် ခေါ်သံကြားရသောအခါ လက်ပြနေသော သူ့အား မမြင်ဟန်ဆောင်၍ အိမ်အိုကြီးထဲသို့ သုတ်သီးသုတ်ပြာ ဝင်သွားလေသည်။

ကိုမျိုးမောင်သည် နောက်ဆုံး၌ အိမ်အိုကြီးထဲသို့ ဝင်၍ ရေတောင်းသောက်ရန်သာ ဆုံးဖြတ်လိုက်၏။

ထို့ကြောင့် သစ်ကိုင်းဒေါက်ကို အသုံးပြု၍ အိမ်အိုကြီးရှိရာသို့ ဝင်လာခဲ့သည်။

မန်းကျီးပင်တန်းလေး အနီးက ဖြတ်လျှောက်လာသည့်အခါ လောလောလတ်လတ် တူးဆွထားသော မြေကျွင်းတစ်ခုကို မြင်လိုက်ရသည်။

မြေကျွင်းမှာ အနက် ၅ပေခန့် ရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။ ဘာကို မြုပ်ရန် တူးထားခြင်းလည်းတော့ မသိနိုင်။

အိမ်အိုကြီး အရှေ့သို့ ရောက်သည့်အခါ သူ အသံပြု ဝင်ခွင့်တောင်းလိုက်သည်။

အိမ်ထဲမှာ လူ ရှိနေသည်တော့ သေချာ၏။ ဘာကြောင့်လဲဆိုတော့ အချင်းချင်း ငြင်းခုန်နေသော အသံများ ကြားနေရသောကြောင့် ဖြစ်၏။

" ဆရာတို့ ဆရာတို့ ..ကျနော် ခရီးသွားတစ်ယောက်ပါ ၊ ခြေထောက် ဒဏ်ရာ ရလာလို့ ခဏလောက် နားခွင့်ပြုနိုင်မလားခင်မျာ "

အထဲမှ ငြင်းခုံနေသံများ တိတ်ဆိတ်သွားသည်။တအောင့်ခန့်အကြာ၌၊

ခပ်လေးလေး အောတောတော အသံတစ်ခု ဖြင့်...

" ဝင်ခဲ့လေ ... အိမ်ထဲမှာ လာနားလှဲ့ပါ မိတ်ဆွေ "

ကိုမျိုးမောင်သည် အိမ်အိုကြီးထဲမှ ခွင့်ပြုချက် ရသည်နှင့် အထဲသို့ ဝင်ခဲ့သည်။

အိမ်အိုကြီး အလယ် စားပွဲတစ်လုံးတွင် လူ၃ယောက် ဝိုင်းဖွဲ့ ထိုင်နေကြသည်။

စားပွဲပေါ်တွင် ဖဲချပ်များ ပြန့်ကျဲနေ၏။

သူတို့ ဖဲကစား နေကြခြင်း ဖြစ်သည်။

အသက်ကြီးကြီး မျက်မှန်နှင့် လူက

ဖော်ရွေသဘောကောင်းဟန်တူသည်။ကိုမျိုးမောင်အား လှမ်းခေါ်၏။

" လာပါ ဒီမှာ လာထိုင်ပါ ။ နားရင်းနဲ့ ဝါသနာပါရင် ကျုပ်တို့နဲ့ ဖဲကစားပါဦးလား "

ကျန်လူ ၂ယောက်ကတော့ မျိုးမောင်အား ခေါင်းပင် မော်မကြည့်ကြ။

သူတို့လက်ထဲက ဖဲချပ်များကိုသာ အာရုံစိုက်နေကြသည်။

ကိုမျိုးမောင်က နုတ်ဆက် ပြုံး ပြုံးပြလိုက်ရင်း လွတ်နေသော ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်သည်။ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ် ချထားလိုက်၏။

အရင်ဦးဆုံး မျိုးမောင်သည် စားပွဲပေါ်က ရေထည့်ထားသော ခွက်များ ၊ အရက် ပုလင်းများကို ကြည့်ကာ တံတွေးကို မြိုချရင်း ..

" ရေတစ်ခွက်လောက် ရနိုင်မလား ခင်ဗျာ ။ ကျနော် ရေ အရမ်းငတ်နေလို့ပါ"

ထိုလူ ၃ယောက်သည် တစ်ဦးကို တစ်ဦး မျိုးမောင် မသိနိုင်သော အကြည့်တစ်မျိုးဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။သူတို့အကြည့်တွေမှာ ဘာတွေ ပြောနေကြသည်မသိရ။

ခုနက မျက်မှန်နဲ့ လူကြီးက ခေါင်းကို တစ်ချက် ငြိမ့်ပြသည်။ပြီးလျင်

" ဆန်းဝင်း ရေတစ်ခွက် ခပ်ပေးကွာ "

ထိုအခါ မျိုးမောင်၏ ညာဘက်က ဝဝ ပုပုနဲ့ လူသည် မတ်တတ် ထရပ်လိုက်ပြီး ၊ အိမ်ကြီး အနောက်ထဲ ဝင်သွားသည်။

သူ ပြန်လာသည့်အခါ သံမတ်ခွက် တစ်ခွက်ဖြင့် ရေအပြည့် ခပ်ယူလာပြီး၊ မျိုးမောင် အရှေ့က စားပွဲပေါ် ခွပ်ကနဲ ခပ်ဆောင့်ဆောင့် ချပေး၏။

မျိုးမောင် ဟန်မဆောင်နိုင်။ ရှေ့က သံမတ်ခွက်ကို ယူ၍ ရေများကို အငမ်းမရ မော့သောက်ချလိုက်သည်။

ရေသောက်ပြီးမှပဲ မျိုးမောင် နေသာထိုင်သာ ရှိသွား၏။ မျိုးမောင့်အတွေးတွင် စားပွဲပေါ်မှာ ရေရှိနေပါလျက် ပေးမသောက်ပဲ ရေခွက် အသစ် ထပ်မံ ခပ်ယူစေသည်ကိုတော့ အနည်းငယ် အံဩနေမိသည်။

နောက် တစ်ခု ထူးခြားနေသည်က မျိုးမောင် ရှေ့တွင် ရှိနေသော ၃ယောက်သည် သစ်တောဝန်ထမ်း ယူနီဖောင်း အပြည့်အစုံ ဝတ်ထားပြီး ၊ အပြင်မှာ မြင်တွေ့ခဲ့သော ပေါက်တူးနဲ့ ကတုံးဆံတောက်လူကို လုံးဝ မမြင်တွေ့ရခြင်းပင်။

မျိုးမောင် ကပဲ အရင် မိတ်ဆက် စကား ပြောလိုက်သည်။

" ကျနော် စည်သာရွာက ကျောင်းဆရာ မျိုးမောင်ပါ ။ သဖန်းပင်သစ်တောကြိုးဝိုင်းထဲ ဆေးပင် ရှာဖွေရင်း ခြေချော်ကျလို့ နောက်ကျနေတာပါ "

ထိုလူများသည် မျိုးမောင်စကားကို ကြားသော်လည်း အင်းအဲ မလုပ်။သူတို့ဖဲကိုသာ သူတို့ဆက်ကစားနေကြသည်။

မျိုးမောင်ခမျာ နည်းနည်းတော့ အူကြောင်ကြောင် ဖြစ်သွားသည်။သို့ပေမယ့် သူ ဆက်၍ စကားစလိုက်သည်။

" ဆရာတို့က ဒီနေ့မှ ပြောင်းလာကြတဲ့ သစ်တော ဝန်ထမ်းတွေလား ။ ကျနော် မနက်က ဒီ အိမ်အိုကြီး ရှေ့က ဖြတ်သွားတုန်းက မမြင်မိဘူး "

မျိုးမောင်၏ စကားထဲတွင် ဘာ အမှားမှ မပါသော်လည်း သူတို့ သုံးယောက်လုံးသည် ဖဲချပ်များကို စားပွဲပေါ် တင်လိုက်ကြပြီး မျိုးမောင်အား မလိုလားဟန်ဖြင့် ကြည့်ကာ ...ဘယ်ဘက်မှ မျက်နှာ စုပ်ချွန်းချွန်းနှင့်လူက ၊

" ကိုယ့်လူ အရမ်းနောက်ကျနေပြီ၊ ပြန်တော့လေ ၊ ဒီမှာ ကြာကြာ မနေသင့်ဘူးနော် "

မျိုးမောင်သည် လူမှုရေး ကျဲပါးသော ထိုလူဘက်ကို တစ်ချက် ခတ်ဆတ်ဆတ် လှည့်ကြည့်လိုက်သည်။

ထိုလူသည် မျက်နှာကျက စုပ်ချွန်းချွန်းရှိသလို ၊ နှာခေါင်းက ရဲနေ၏။ နုတ်ခမ်းမှာ ပျစ်ထူထူ။ မျက်ခုံးကောင်း၏။ဆံပင်ကို သေသပ်စွာ ဆီလိမ်း ဖီးသင်ထားသည်။ ခြုံ၍ ကြည့်ရလျင် တနှာရမ္မက် ကြီးမည့်ဟန်ပင်။

ထိုအခါ မျက်မှန်နဲ့လူကြီးက ထိုလူ၏ စကားကို ဝင်၍ ဖာထေးသည်။

" အော် စိတ်မရှိပါနဲ့ ကျောင်းဆရာ။ ကျုပ် တပည့် ကျော်ဦးက ခင်ဗျား ရွာအပြန် နောက်ကျနေရင် ရွာကလူတွေ စိတ်ပူပန်နေကြမှာ စိုးလို့ ပြောတာပါ "

မျက်မှန်နဲ့ ထိုလူကြီး၏ ပခုန်းထောက်ပေါ်က ဘားလိုင်းတစ်လိုင်းကို ကြည့်၍ တောအုပ် အဆင့်ရှိသော အရာရှိမှန်း မျိုးမောင် သိပါ၏။

ဘေးနှစ်ဘက်က လူ၂ယောက်မှာ တောခေါင်းများ ဖြစ်ကြလိမ့်မည်။

" အော် ဟုတ်ပါရဲ့ ။ ကျနော်လည်း ကျနော် နေတဲ့ အိမ်ရှင်ကို ပြောခဲ့တယ်။ ညနေ မမှောင်ခင် ပြန်ခဲ့မယ်လို့ ။ အင်း..သူတို့ စိတ်ပူပြီး လိုက်လာကြတာ့မယ် ထင်ပါရဲ့ "

မျိုးမောင်က ထိုသို့ ပြောလိုက်လျင် ထိုလူ ၃ယောက်သည် ရုတ်တရက် ပြိုင်တူကြီး ထိုင်ခုံပေါ်မှ ထရပ်လိုက်ကြသည်။

သူတို့မျက်နှာများက အထိတ်တလန့် နိုင်လှသည်။

မျက်မှန်နှင့် တောအုပ်က..

"ဟာ ဒါဆို ခင်ဗျား ပြန်တော့လေ ။ရွာက လူတွေ ဒီအိမ်ကို ဝင်လာကြလိမ့်ဦးမယ် ။ မဖြစ်ဘူး မဖြစ်ဘူး ။ ခင်ဗျား ပြန်တော့ "

မျိုးမောင်လည်း သူတို့ အမူအယာများက ထူးခြားလှသည်မို့ ထိုင်နေရာမှ ထကာ ...

"ဟုတ် ဟုတ် ၊ ဒါဆိုလည်း ကျနော် ပြန်ပါတော့မယ် ၊ ခေတ္တ နားခွင့် ရတာ ကျေးဇူးတင်ပါတယ်ဗျာ ..."

ထိုလူများသည် မျိုးမောင်အား မကြည့်။ပြတင်းပေါက်များမှ တဆင့် အပြင်ဘက်သို့ ကျီးကန်းတောင်မှောက် မျက်လုံးများဖြင့် ကြည့်နေကြသည်။

မျိုးမောင်က အိမ် အပြင်သို့ ထွက်လိုက်သည်နှင့် သူတို့က အိမ်အိုကြီး၏ တံခါးများကို ပိတ်လိုက်ကြသည်။

မျိုးမောင် ထိုလူများ၏ အပြုအမူများမှာ သင်္ကာမကင်းစဖွယ် ကောင်းလှ၍ စိတ်ထဲ မတင်မကျ ဖြစ်ကာ ထွက်လာခဲ့ရသည်။သိပ်တော့ မကျေနပ်လှပေ။

မန်းကျီးပင်တန်းလေး အနီးရောက်တော့ အိမ်အိုကြီးဘက်မှ အော်ဟစ်သံများ ဆူညံ ပွက်လောရိုက်စွာ ကြားရသဖြင့် လည်ပြန် ကြည့်လိုက်သည်။

သူ ကြည့်လိုက်သည့်အခါ ခုနက ငရဲတမျှ ပွက်လောရိုက်နေသော အော်သံဟစ်သံများသည် တိကနဲ ပြတ်တောက် ရပ်တန့်သွားကြသည်။

မျိုးမောင် ကြည့်နေစဉ်မှာ လူတစ်ယောက်သည် တံခါးမကြီးကို ဝုန်းကနဲ တွန်းဖွင့်ကာ ထွက်လာ၏။

ထိုလူကို သူ ကောင်းစွာ မှတ်မိသည်။

" ဟင်! ဟို ပေါက်တူးနဲ့လူ "

ခုနက ထိုလူကို အိမ်ထဲမှာ မတွေ့ခဲ့ရ။

ထိုလူ၏ တစ်ကိုယ်လုံးတွင် သွေးများ ပေကျံနေသည်။ မျက်လုံးများက အေးစက် တောက်ပြောင်ပြီး လွန်စွာ ကြောက်စရာ ကောင်းနေသည်။

၎င်း၏လက်ထဲတွင် ထင်းခုတ်ခွဲသည့် အသွားထက်ထက် ပုဆိန်တစ်ချောင်း ။ ပုဆိန်သွားမှာလည်း သွေးများစွာ ပေကျံနေပြီး စက်လက်ကျနေ၏။

မျိုးမောင်သည် သူ့အား ထိုလူက အန္တရာယ်ပြုမည်ကို စိုးရွံသွားသည်။ထို့ကြောင့် အနီးက ခြုံပုတ်ကြီးတစ်ခုကို အကွယ်ပြုကာ ပုန်းနေလိုက်သည်။

သူ ရှိနေသည်ကို ထိုလူသည် ဂရုမပြုမိချေ။အိမ်ထဲ ဝင်သွားပြီး၊ တအောင့်ခန့်အကြာ ပြန်ထွက်လာသည်။

သူ၏ လက်ထဲတွင် အညိုရောင် ဂုံနီအိတ်ကြီး ၂လုံးကို တရွတ်တိုက် ဆွဲလာသည်။ အိတ်ထဲမှ သွေးများ ယိုစီးကျလျက် ရှိသည်။

ထိုလူသည် မန်းကျီးပင်တန်းလေး အောက်က မြေကျွင်းထဲသို့ ထိုအိတ်များကို ပစ်ချလိုက်ပြီး ၊ နောက်တစ်ခေါက် အိမ်ထဲသို့ ဝင်သွားပြန်သည်။

ပြန်ထွက်လာသည့်အခါ ခုနကဲ့သို့ အလားတူစွာ အိတ်ညိုကြီး နှစ်လုံးကို တရွတ်တိုက် ဆွဲလာပြန်သည်။

ဒီတစ်ခါ အိတ်တစ်အိတ်၏ အခြေသည် အနည်းငယ် ပေါက်ပြဲနေဟန်တူသည်။ အိတ်ထဲမှ တစုံတစ်ခုသည် တရာတ်တိုက်ဆွဲရာ လမ်းကြောင်းပေါ်သို့ ထွက်ကျသွားသည်။

" အောင်မယ်လေး ဘုရား ဘုရား "

မျိုးမောင် ထွက်ကျနေခဲ့သည့် အရာကို ကြည့်၍ ဘုရားပင် တလိုက်မိသည်။

ထွက်ကျခဲ့သည်က လူတစ်ယောက်၏ လက်တစ်ဖက် ဖြစ်သည်။ လက်ကောက်ဝတ်လောက်မှ ပြတ်တောက်နေပါ၏။

ထိုလူသည် ကျကျန်ခဲ့သော လက်ပြတ်ကို ယူ၍ မြေကျွင်းထဲ ပစ်ထည့်လိုက်သည်။ ပြီးလျင် အသင့်ရှိသော ပေါက်ပြားဖြင့် မြေကျွင်းကို မြေဖို့နေလိုက်သည်။

မြေဖို့ ပြီးစီးသည့်အခါ ထိုလူသည် ဘေးဘီ ဝဲယာ ပတ်ဝန်းကျင်ကို တစ်ချက် လေ့လာသည်။ စေ့စပ် သေချာစွာ ကြည့်နေခြင်း ဖြစ်၍ မျိုးမောင် ခမျာ ဇက်ကို ပုဝင်ကာ ဒူးတုန်နေရှာသည်။

ထိုလူသည် သူ့အား မြင်တွေ့သွားပါက အလွတ်ပေးမည်မဟုတ်။ သေချာပေါက် နှုတ်ပိတ် သတ်ဖြတ်မည် ဖြစ်သည်။

တခဏ အကြာ အိမ်ထဲသို့ ပြန်ဝင်သွားသည့် ခြေသံကို ကြားရပြန်သည်။

မျိုးမောင် ကြာကြာ မနေရဲတော့ချေ။ နာနေသည့် ခြေထောက်ကို မေ့လျော့ကာ ထွက်ပြေးလေတာ့သည်။

အိမ်အိုကြီးနဲ့ မလှမ်းမကမ်းကို ရောက်တော့ သူ ကျောမလုံသလို ခံစားရသည်။ ထို့ကြောင့် လှည့်ကြည့်ပြန်၏။

ခပ်ဝေးဝေးကမန်ကျည်းပင်တန်းလေးအောက်တွင် သူ့ဘက်သို့ လှည့်၍ မားမားကြီး ရပ်နေကြသော လူလေးယောက်ကို မြင်တွေ့လိုက်ရသည်။

၃ယောက်မှာ သစ်တော ဝန်ထမ်း ယူနီဖောင်းများ ဝတ်င်ထားကြပြီး ၊ ကျန်တစ်ယောက်မှာ ကတုံးဆံတောက်ကေနဲ့ လူပင် ဖြစ်တော့သည်။

ဘုရား ဘုရား သူတို့က ဘာတွေလဲ

မျိုးမောင် ဆက်မကြည့်ရဲ။ ထိုနေရာမှ ပြေးပြန်သည်။

သူ အသားကုန် ပြေးနေခြင်း ဖြစ်သည်။သူ သတိဝင်လာတော့ စည်သာရွာအနီးသို့ ရောက်နေပြီ ဖြစ်သည်။

မျိုးမောင် စိတ်ကို လျော့ချလိုက်သည်။ထိုအခါ မျိုးမောင်၏ တင်းထားသော စိတ်တို့သည် အဆုံးအစွန်ထိ ပြေလျော့သွားကြသည်။

မျိုးမောင် ခွေကနဲ လဲကျသွားသည်။သူ နောက်ဆုံး မှတ်မိနေတာကတော့ လက်နှိပ်ဓာတ်မီးရောင်များ သူ့အပေါ် ကျလာလာခြင်း ပင် ဖြစ်တော့သည်။

နောက်မှ သိရသည်ကတော့ ထိုလက်နှိပ်ဓာတ်မီးရောင်များမှာ သူ့အား လာရှာကြသော ကိုသာအေးတို့ ညီအစ်ကို တစ်သိုက်ပင် ဖြစ်သည်ဟူပင်။

................

၄။

ရွာခံ ကိုသာအေး၏ အိမ်ပေါ်မှာ ကျောင်းဆရာ ကိုမျိုးမောင် ရောက်နေသည်။

ကိုသာအေးက ကျောင်းဆရာအား အိမ်အိုကြီးအကြောင်းကို ရှည်လျားထွေပြားစွာ ၊ ရှင်းပြနေခြင်း ဖြစ်သည်။

" တချို့ပြောနေကြတာပဲ ဆရာလေးရဲ့၊ ကြိုးဝိုင်းအစပ် အိမ်အိုကြီးရှေ့က မန်ကျည်းပင်ပျို လေးပင်တန်းမှာ တစ္ဆေ ၃ကောင် နေကြသတဲ့။

အဲ့ဒီ တစ္ဆေ ၃ကောင်က လူသတ်ခံရလို့ အစိမ်းသေ သေသွားကြတဲ့ သစ်တောဝန်ထမ်း၃ဦးပဲ ။

သူတို့က မကျွတ်ကြဘူးလေ။ အစိမ်းသေ သေကြတာမဟုတ်လား။

ရက်စက်တဲ့ လူသတ်သမားက သူတို့ကို အဲ့ဒီ မန်ကျည်းပင်တန်းလေးအောက်မှာ စုပြုံ မြေမြုပ်ထားခဲ့တာဗျ။

နောက်တော့မှ လူသတ်သမားက ဝန်ခံလို့ မန်ကျည်းပင်တန်းအောက် တူးတော့ အလောင်းတွေကို ရောထွေး တွေ့ရတာလေ။

အဲ့ဒီအိမ်အိုကြီးက တအားကို တစ္ဆေအခြောက်ကြမ်းတာ။

ရွာထဲက ထင်းချိုးသွားတဲ့သူတွေ၊ တောတက်သွားတဲ့သူတွေ၊ အခြောက်ခံရတာ လည်းမနည်းဘူးလေ။

တစ္ဆေ အခြောက်ခံရတဲ့သူတွေ ပြောပြတာတော့ အမျိုးမျိုး အဖုံဖုံပါပဲ။

အိမ်အိုကြီးရဲ့ ဝါးရံတာကနေ မတ်တတ်ရပ်ပြီး လက်ယပ် ခေါ်နေတာမျိုးတို့ ၊အိမ်အိုကြီးရဲ့ အပြင်ဘက်မှာ လူ ၃ယောက် ဖဲထိုင်ရိုက်နေတာ လူတွေမှတ်လို့ သွားကြည့်ရင် ပျောက်သွားတာမျိုးတို့ ၊ တဒုတ်ဒုတ်နဲ့ ပေါက်တူး တူးနေတဲ့ အသံ ပေးတာမျိုးတို့ အိမ်အိုကြီးအရှေ့ဘက်မှာ ပေါက်နေတဲ့ မန်ကျည်းပင်ပျို ၄ပင်အောက်မှာ လူ၃ယောက် တန်းစီရပ်ပြီး စိုက်ကြည့်နေတာမျိုးတို့ ခြောက်ပုံခြောက်နည်းကတော့ စုံနေတာပါပဲ ဆရာလေးရယ်။

ဒါကြောင့် ညနေ နေဝင်ရီတရော် အချိန်ဆို အဲ့ဒီ အိမ်အိုကြီးနား ဘယ်သူမှ မသွားရဲ မဖြတ်ရဲကြဘူး၊ ကွင်းရှောင်ပြီးသွားကြလေ့ရှိတယ် "

ကျောင်းဆရာလေး ကိုမျိုးမောင်သည် ရွာခံ ကိုသာအေး ပြောပြနေသော အိမ်အိုကြီးအကြောင်းကို စိတ်ဝင်တစား နားထောင်နေခြင်း ဖြစ်သည်။

ကိုသာအေးက ဆေးလိပ်ဖွာရှိုက်ပြီး အိမ်အိုကြီး၏ ရာဇဝင်ကို ဆက်ပြောလေ၏။

" အိမ်အိုကြီးမှာ ခြောက်တဲ့ တစ္ဆေတွေက အစိမ်းသေတွေ။

၃ယောက်လုံးက ပုဆိန်နဲ့ ခုတ်ထစ် သတ်ဖြတ် ခံထားရတာ။

တူးဖော်ပြီး ပြန်တွေ့ရတဲ့ အလောင်းတွေများဆိုရင် မြင်ရက်စရာ မရှိဘူး။

ကိုယ်လက်အင်္ဂါတွေများ အပိုင်းပိုင်း ပြတ်တောက်လို့။

သတ်တဲ့သူက ရက်ရက်စက်စက်ကို သတ်သွားတာ။

လူသတ်သမားက အတော်လေးကို အငြိုးကြီးပုံပဲ။

စိမ်ပြေနပြေကို သွေးအေးအေးနဲ့ ခုတ်ထစ်သတ်ဖြတ်သွားတာ ဆရာလေးရ။

သေသွားတဲ့ အဲ့ဒီ ၃ယောက်က မကျွတ်ဘူး။

အိမ်အိုကြီးမှာပဲ အစိမ်းသေ သရဲ တစ္ဆေတွေ အဖြစ် မှီတွယ် နေကြတာလို့ ပြောရမယ် "

ကျောင်းဆရာကိုမျိုးမောင်က ပို၍ စိတ်ဝင်စားသွား၏။ ဘယ်အငြိုးကြောင့် သစ်တောဝန်ထမ်း ၃ဦးကို ဤသို့ ရက်စက်စွာ သတ်ဖြတ်သွားခဲ့သည့် အကြောင်းရင်းကို သိလိုသွား၏။ ထို့ကြောင့် ...

" သတ်တဲ့သူက ဘယ်သူလဲ ။ မိပြီဆိုတော့ ဘာကြောင့် သတ်တာတဲ့လဲ ကိုသာအေး။ "

ကိုသာအေးက သောက်လက်စ စီးကရက်ကို ပြာချွေချလိုက်ရင်း၊

"အင်း.. အစိမ်းသေ တစ္ဆေ ၃ကောင် ဖြစ်ပေါ်လာတဲ့အကြောင်းရဲ့ ရာဇဝင်ကို ဆရာလေး သိအောင် ပြောပြရဦးမယ်"

" ဒီလိုဗျ ဆရာလေးရ။ အရင်က အဲ့ဒီအိမ်အိုကြီးက သစ်တော ဝန်ထမ်းတွေ ယာယီ တည်းခိုနေထိုင်တဲ့ ဘိုတဲဟောင်းကြီးပေါ့။

သစ်တော အရာရှိတွေ အဖွဲ့လိုက် သဖန်းပင်သစ်တောကြိုးဝိုင်းကို စစ်ဆေးတဲ့အခါ အဲ့ဒီ အိမ်အိုကြီးမှာပဲ တည်းလေ့ရှိကြတယ်။

အိမ်အိုကြီးက ကျုပ်တို့ ရွာနဲ့ အနီးဆုံးဆိုတော့ တစ်လကိုးသီတင်း ကြာအောင် နေရမယ်ဆိုရင်၊ သစ်တောဝန်ထမ်းတွေက ကျုပ်တို့ ရွာခံအချို့ကို အခကြေးငွေ ပေးပြီး ထမင်းဟင်းချက်၊ အဝတ်လျော်၊ သူတို့အတွက် ဗာရီရလုပ်ပေးဖို့ အလုပ်သမား ခေါ်လေ့ရှိတယ် ဆရာလေးရဲ့။ သူတို့ နေထိုင်ကြတဲ့ အတောအတွင်းမှာ လခသဘောမျိုး ပေးခိုင်းတယ် ဆိုပါစို့ ဆရာလေးရယ်။

ဆရာလေး သိတဲ့အတိုင်းပဲ၊ အိမ်အိုကြီးက တခြားရွာတွေထက်စာရင် ကျုပ်တို့ စည်သာရွာနဲ့ ၂မိုင်လောက်ပဲ ဝေးတာမဟုတ်လား။တခြားရွာတွေနဲ့စာရင် ကျုပ်တို့ ရွာနဲ့က နီးတယ်ပေါ့ဗျာ။

ဆန်၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန်ကအစ၊ အသားစို အသားခြောက် ၊ သူတို့အတွက် စားရေရိက္ခာနဲ့ လိုအပ်တာတွေမှန်သမျှကို ကျုပ်တို့ ရွာမှာပဲ လာဝယ်လေ့ ရှိကြတယ်။

အစိုးရဝန်ထမ်းတွေဆိုတော့ ကျုပ်တို့ ရွာလူကြီးနဲ့လည်း ရင်းနှီးတယ်ဗျ။သူတို့က စည်သာရွာက လူတွေကို သစ်တောကြိုးဝိုင်းထဲ သစ်ခိုး မခုတ်ဖို့၊ မီးသွေး မဖုတ်ကြဖို့ မကြာခဏ သူကြီးအိမ်မှာ ခေါ်ယူ ဆွေးနွေးပညာပေးလေ့ရှိတယ်။

ထင်းခုတ်တာ ၊ မီးသွေးဖုတ်တာ မိရင်

သဘောကောင်းတဲ့ သစ်တောဝန်ထမ်းတွေနဲ့ဆိုရင်တော့ ဒဏ်ရိုက်တာလောက်နဲ့ ပြီးသွားတတ်တယ်။

အင်း.. ခက်တာက ထင်း၊မီးသွေးသမားတွေကလည်း ဝမ်းစာထက် ပိုခုတ်ချင်ကြသကိုး။

ဥပဒေအတိုင်း တင်းတင်းကြပ်ကြပ် လုပ်တတ်တဲ့ သစ်တောအရာရှိတွေနဲ့တွေ့ရင်တော့ အဲ့ဒီလူတွေ မချောင်ဘူးသာ မှတ်ပေတော့ပဲ။

ရဲစခန်းမှာ အမှုဖွင့်ပြီး ထောင်ချခံရပြီပဲ။

သစ်တောဥပဒေအတိုင်း ပြစ်မှုကြီးရင် ကြီးသလောက် ထောင်ဒဏ်ကျကြတယ်လေ ။

အဲ...အခု အိမ်အိုကြီးမှာ နောက်ဆုံး တည်းခိုသွားကြတဲ့ တောအုပ်တစ်ယောက်ရယ် တောခေါင်း နှစ်ယောက်ရယ်က ကျုပ်တို့ နယ်ခံတွေ အတွက်တော့ လူကြမ်းတွေ၊ ဆိုးတယ်ပြောရမယ်ပေါ့။

အဖမ်းအဆီး ကြမ်းတယ်ဗျ။ သူတို့ကြောင့် ထောင်ကျတဲ့သူတွေလည်း မနည်းဘူးပေါ့ဗျာ ။

ဒီလူတွေက ညတိုင်း အရက်တွေ မူးအောင် သောက်ကြတယ်။ဖဲရိုက်ကြတယ်။ပြီးရင် သူတို့ချင်း ငြင်းခုန်စကားများကြတယ်လို့ ပြောကြတာပဲ။

တောအုပ်ကတော့ အသက်၄၀လောက်ရှိပြီ။အိမ်ထောင် ရှိတယ်။

တောခေါင်းတွေကတော့ လူငယ်တွေဗျ။

အလွန်ရှိလှ သူတို့အသက်က၂၅.. ၃၀ပေါ့။ လူပျို၊ လူလွတ်တွေလို့လည်း ပြောကြတယ်။

တောအုပ်နာမည်က ဦးတင်ညွန့်တဲ့။

ကျန်တဲ့ တောခေါင်း ၂ယောက်က ကျော်ဦး နဲ့ ဆန်းဝင်း။

သူတို့က ကျုပ်တို့ရွာက စံကွန့်ကို သူတို့အတွက် ထမင်းဟင်းချက်နဲ့ ဗာရီရလုပ်ပေးဖို့ ခေါ်ထားကြတယ်။

စံကွန့်ဆိုတာက ရွာတောင်ဖျားမှာ စိတ်မပြည့်တဲ့ နှမလေးတစ်ယောက်နဲ့ အတူနေတဲ့ အသက်၂၂နှစ်လောက် ကောင်လေး။

သူတို့မှာက မောင်နှမ ၂ယောက်တည်းပဲ ရှိတာ။

စံကွန့်က လူရိုးလူဖြောင့်ရယ်။ ကြုံရာကျပမ်း အကုန်လုပ်တယ်။ စိတ်မပြည့်ရှာတဲ့ သူ့နှမကို သူပဲ လုပ်ကိုင်ကျွေးမွေး ပြုစုနေတာလေ။

စံကွန့်က အိမ်အိုကြီးမှာ အလုပ်ရသွားတော့ သူ့နှမလေးကို ရွာထဲက အိမ်မှာ တစ်ယောက်တည်း ထားခဲ့လို့ မဖြစ်ဘူးမဟုတ်လား။

အဲ့ဒီတော့ အိမ်အိုကြီးမှာ သူနဲ့ တစ်ပါတည်း ခေါ်ထားလိုက်ရတယ်ဆိုပါတော့။

စံကွန့် နှမလေး နာမည်က မအိတဲ့။ ကောင်မလေးက ၁၇၊ ၁၈ လောက်ပေါ့။

ကောင်မလေးက ကျပ်မပြည့်ဘူးဆရာလေးရေ။ ရူးပေါပေါရယ်။

ဒါပေသိ မအိက အရွယ်လေး ရောက်လာတော့ မိန်းကလေးသဘာဝ ကြည့်ပျော်ရှု့ပျော် ရှိလာတယ်။

အစောပိုင်းမှာ ဘာပြသနာမှ မရှိကြသေးဘူး။ ပြဿနာကို စတာက တောခေါင်း ကျော်ဦးတဲ့ ။

သစ်တောဝန်ထမ်း ၃ဦးထဲမှာမှ အဲ့ဒီကောင် ကျော်ဦးဆိုတဲ့ တောခေါင်းက ပြဿနာကို စ မီးမွှေးလိုက်တာပဲ ဆရာလေးရေ။

အဲ့ဒီကောင် ကျော်ဦးက တနှာရူး။

အရင်ကလည်း မိန်းမကိစ္စနဲ့ ပြဿနာ တက်ဖူးတယ်ဆိုပဲဗျ။

ကျော်ဦးက စိတ်မပြည့်တဲ့ မအိလေး ရေချိုးတာကိုလည်း မကြာခဏ ချောင်းကြည့်သတဲ့။

ဟိုကလေးမက စိတ် သိပ်မပြည့်တော့ ရေချိုးတဲ့အခါ မတော်တာတွေ ပေါ်မှာပေါ့။

ကျော်ဦး ချောင်းကြည့်တာကို တောအုပ်ဦးတင်ညွန့်က သိသွားတော့ အဲ့သလို မလုပ်ဖို့ သတိပေးခဲ့သေးဆိုပဲ။

တစ်ညနေခင်းမှာ တောခေါင်း ကျော်ဦးက အကြံနဲ့ စံကွန့်ကို ရွာထဲ အရက်ဝယ်ခိုင်းလိုက်တယ်။အမှန်က သူတို့မှာ အရက် ရှိသေးတယ်ရယ် ။ မကုန်ကြသေးဘူး။

အိမ်အိုကြီးနဲ့ ရွာနဲ့က ၂မိုင်လောက် ဝေးတော့ အသွားအပြန် တစ်နာရီသာသာလောက် ကြာမယ်မို့လား။

ဖြစ်ချင်တော့ စံကွန့် ရွာထဲ ဈေးသွားဝယ်တဲ့ အဲ့ဒီညနေက မိုးကလည်း

တခြိမ်းခြိမ်းနဲ့ ရွာပါလေရောဗျာ ။

စံကွန့်က ကြာသင့်တာထက် ပိုကြာသွားတယ်ဆိုကြပါစို့။

တောအုပ် ဦးတင်ညွန့် နဲ့ ကျန်တဲ့ တောခေါင်း ဆန်းဝင်းက ကျော်ဦးရဲ့အကြံဆိုးကို မရိပ်မိဘူး။

အိမ်အိုကြီးထဲမှာပဲ ရေဒီယိုကလာတဲ့ သီချင်းကို အကျယ်ကြီးဖွင့် အရက်ထိုင်သောက်နေကြသတဲ့။ရေဒီယိုက ကျော်ဦးက တမင် အကျယ်ကြီး ဖွင့်ခဲ့တာပေါ့။

အဲ့ဒီအချိန်က ကျော်ဦးက အကြံဆိုးနဲ့မဟုတ်လား။

ဟိုလူ ၂ယောက် မူးနေတဲ့အချိန် ကျေည်ဦးက ဘာလိုလို ညာလိုလိုနဲ့ ကောင်မလေး ရှိတဲ့ အခန်းဘက်ကို သွားပြီး ကောင်မလေးကို မတော်မတရား ကြံစည်ခဲ့တာပေါ့ ဆရာလေးရာ။

ကောင်မလေးက နဂိုကမှ ကြပ်မပြည့်တဲ့သူဆိုတော့ ၊ ဟိုကောင် ကျော်ဦး ယုတ်မာတာကို ခံလိုက်ရရှာတာပေါ့။

စံကွန့် ပြန်ရောက်လာတော့ ကျော်ဦးက အရက်ဝိုင်းမှာ ဘာမှ မဖြစ်သလို အတည်ပေါက် ပြန်ထိုင်နေပြီလေ။

သူ့ညီမ မအိကလည်း အဲ့ဒီအချိန် အိပ်နေပြီပေါ့။ အဲ့ဒီတုန်းက စံကွန့်က မရိပ်မိခဲ့ဘူး။

ဒါပေမယ့် တနှာငန်းဖမ်းနေတဲ့ ကျော်ဦးက အဲ့တစ်ကြိမ်တည်းနဲ့ ရပ်မသွားဘူး ဆရာလေးရေ။

နောက်ရက်တွေမှာလည်း ဒီကောင်က လစ်ရင် လစ်သလို ကောင်မလေးကို အကြိမ်ကြိမ် ထပ်ပြီး စော်ကားခဲ့တာပေါ့။

တနှာရူး ကျော်ဦးက အတွေ့အကြုံကလည်းရှိ၊ အကြံအဖန်ကလည်းကောင်း၊ အင်မတန် ပိရိလေတော့ သူ့ရဲ့ ယုတ်မာမှုကို ဘယ်သူကမှ မရိပ်မိကြဘူး။

ဒီလိုနဲ့ သုံးလလောက်ကြာတော့ သူတို့အဖွဲ့လည်း ပြန်ရတော့မယ်။

အဲ့ဒီမှာ ပြသနာက စတာပဲ။

မအိမှာ ကိုယ်ဝန် ရသွားတယ် ထင်တယ်။ အော့တယ် အန်တယ်။ နေထိုင် မကောင်းတော့ဘူး။ တမှိုင်မှိုင် တတွေတွေနဲ့ပေါ့။

စံကွန့်က သူ့နှမ အတွက် စိုးရိမ်သွားတယ်။ဘာလုပ်ရမှန်း မသိရှာဘူး။

ဒါနဲ့ ရွာထဲက နားလည်တတ်ကျွမ်းတဲ့သူနဲ့ ခေါ်ပြကြည့်တော့ မအိမှာ ကိုယ်ဝန် ရှိနေမှန်း စံကွန့် သိသွားတယ်။

စံကွန့် ခေါင်းကို မိုးကြိုးပစ်ချသလို ဖြစ်သွားရှာတယ်။

သူ့နှမကို ဘယ်သူက စော်ကားသလဲဆိုတာ အဖြေရှာရတော့မယ်လေ။

အဲ့ဒီညနေမှာပဲ လူစုံတဲ့အချိန် စံကွန့်က အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ တောအုပ် ဦးတင်ညွန့်ကို အကျိုးအကြောင်း ဖွင့်ပြောပြလိုက်တယ်။

ပြီးတော့ ဒီပြသနာရဲ့ ကာယကံရှင်ကပဲ မအိရဲ့ ကိုယ်ဝန်ကို တာဝန်ယူပေးဖို့ တောင်းဆိုလိုက်တယ်။

ဦးတင်ညွန့်က ပါးနပ်တယ်။ ချက်ချင်းပဲ တောခေါင်း ကျော်ဦးကို မင်း ဘယ်လိုလုပ်ပေးမှာလဲလို့ မေးလိုက်သတဲ့။

ကျော်ဦးက သူ မဟုတ်ဘူးလို့ မငြင်းနိုင်ဘူးလေ။ သူတို့အဖွဲ့ထဲမှာ မူပျက်နေတာဆိုလို့ ကျော်ဦး တစ်ယောက်ပဲ ရှိတာကိုး။

ကျော်ဦးက ဒီကိစ္စကို လျော်ကြေးငွေ ဘယ်လောက်ပေးရမလဲလို့ မိုက်မိုက်ရိုင်းရိုင်း မေးလိုက်သတဲ့။

မအိကိုတော့ သူ မယူနိုင်ဘူးပေါ့။

အဲ့ဒီမှာ လူရိုးလူဖြောင့် စံကွန့်နဲ့ ထိပ်တိုက်တွေ့ကြတော့တာပဲ။တစ်ယောက် တစ်ခွန်း ခွန်းကြီးခွန်းငယ် စကားများကြတယ်တဲ့။

တောအုပ် ဦးတင်ညွန့်နဲ့ တောခေါင်းဆန်းဝင်းတို့က ကြားဝင် ဖျန်ဖြေပေးသေးတယ်။

ဒါပေမယ့် လူယုတ်မာ ကျော်ဦးက ခါးခါးသီးသီး မယူနိုင်ပါဘူးလို့ပဲ ထပ်ငြင်းတယ်။

ဒီကိုယ်ဝန်က သူနဲ့ရော ဟုတ်ရဲ့လား။ တခြားသူရဲ့ ကိုယ်ဝန်ရော မဖြစ်နိုင်ဘူးလား။

မင်းနှမကို မင်း အသေအချာ မေးကြည့်ဦး၊ ဒီအိမ်အိုကြီးမှာ ငါတစ်ယောက်တည်း ယောက်ကျားရှိတာ မဟုတ်ဘူးလို့ ခေါင်းရှောင်သတဲ့။

အဆိုးဆုံးက စံကွန့်ကို ကျော်ဦးက မင်းလည်း ယောက်ကျားပဲလေ လို့ မောင်နှမချင်း ပေးစားတဲ့ စကားကို ပြောလိုက်မိတာပဲ။

ဒီလိုနဲ့ ပြဿနာက မပြေလည်လာပဲ၊ စံကွန့်ရဲ့ ဒေါသကို မီးတင်ရှို့ပေးလိုက်သလို ဖြစ်ကုန်ရော။

စံကွန့် ဒေါသက အဆုံးအစွန်ထိ ပေါက်ကွဲ သွားတယ်။ စကားနဲ့ ရှင်းမရတော့ စံကွန့်က ဓားနဲ့ ရှင်းပြီလေ။

တောအုပ် ဦးတင်ညွန့် နဲ့ တောခေါင်း ဆန်းဝင်းတို့က ဝင်ဆွဲကြတယ်။ ဖျနာဖြေကြတယ်တဲ့။ ဒီအချိန်မှာ စံကွန့်ရဲ့ ဒေါသက အမြင့်ဆုံး ရောက်သွားပြီ။သူ ဘာကိုမှ မသိတော့ဘူး။ မည်းမည်း မြင်သမျှ အကုန် ဓားနဲ့ ခုတ်ပစ်တယ်ဆိုပဲ။ခုတ်တာမှ အပိုင်းပိုင်း အထစ်ထစ်ပဲတဲ့။

စံကွန့် သတိဝင်လာတော့ သစ်တောဝန်ထမ်း ၃ဦးစလုံး အသက် မရှိကြတော့ဘူး။ လက်လွန်သွားပြီ။ အိမ်အိုကြီးတစ်ခုလုံးလည်း သွေးတွေ စွန်းပေနေပြီ။

ရွာထဲက ပြောကြတာတော့

စံကွန့်က ကန်တော့ပွဲ ၃ပွဲနဲ့ အထက်လမ်းဆရာဆီမှာ အာဠာဝက ဆေးတော်ကြီး ထိုးထားတယ်ဆိုပဲ ဆရာလေးရ။

အာဠာဝက ဆေးပေါက်ရင် အဲ့ဒီလူကို ထိမ်းမရဘူးတဲ့။ ဒေါသကြီးသလောက် ခွန်အားကလည်း ဘီလူးတစ်ကောင်လို သန်မာလာတယ်တဲ့။

လောကီ အစီအရင်တွေပေါ့ ဆရာလေးရာ။ ကျနော်လည်း နှံ့နှံ့စပ်စပ်တော့ မသိပါဘူး။

ကဲ... အဲ့ဒါ ထားလိုက်တော့။ စံကွန့်အကြောင်းကို ဆက်ပြောပြရဦးမယ်။

စံကွန့် သတိဝင်လာတော့ အလောင်းတွေကို မြင်ပြီး ဆောက်တည်ရာမရ ဖြစ်သွားသတဲ့။

လူသတ်မှုနဲ့ ထောင်ထဲ ဝင်ရတော့မှာကို တွေးကြောက်လာတယ်။ကြိုးစင်တက်ရမှာကို ထိတ်လန့်လာသတဲ့။

ဒါနဲ့ စံကွန့်က အလောင်းတွေကို မန်းကျီးပင်တန်းလေးအောက်မှာ မြေကျွင်းတူးပြီး စုပြုံ မြုပ်ထားလိုက်တယ်။ အစဖျောက်တဲ့ သဘောပေါ့။

ပြီးတော့ သူ့နှမကို ခေါ်ပြီး ထွက်ပြေးတော့တာပေါ့။

ဒါပေမယ့် စံကွန့် ကြာကြာ မပြေးနိုင်ဘူး။ သူ့ပြေးလေရာကို သရဲတွေက လိုက်နေသလို ခံစားရသတဲ့။

ညဘက်ဆို စံကွန့် အိပ်မပျော်တော့ဘူး။ သူ သတ်ခဲ့တဲ့ လူတွေကိုပဲ ပြန်ပြန် မြင်နေသတဲ့။

မြင်ရမှာပေါ့ ၊ အပြစ်မဲ့တဲ့ သူ ၂ယောက်ကိုပါ သတ်ပစ်ခဲ့တာကိုး။

သေတဲ့သူက ဘယ်ကျေနပ်ပါ့မလဲ ဆရာလေးရယ်။ကျုပ်စိတ်အထင် သေသူတွေရဲ့ ဝိဉာဉ်စိမ်းတွေက ဒီကောင့်နောက် လိုက်နေမှာ အသေအချာပဲ။

ကြာတော့ စံကွန့် မခံစားနိုင်တော့ဘူးနေမှာပေါ့။

ဒါကြောင့် စံကွန့်ဟာ သူ ထွက်ပြေးရင်း ရောက်နေတဲ့ ဆူးရစ်ခြုံရွာက ရဲကင်းစခန်းမှာ သူ့ အပြစ်တွေ သွားပြီး ဝန်ခံ အဖမ်းခံလိုက်သတဲ့လေ။

အဲ့ဒီ ရဲကင်းစခန်းက ရဲကင်းမှုးနဲ့ ရဲတပ်သားတွေ လိုက်လာပြီး လူသတ်မှု ဖြစ်တဲ့ သစ်တော အိမ်အိုကြီးက မန်ကျည်းပင်တန်းအောက် တူးဖော်ကြည့်တဲ့အခါ ၊မြုပ်ထားတဲ့ အလောင်းတွေကို ပြန် တွေ့ရတော့တာပေါ့။

နောက်တော့ စံကွန့်ကို လူသတ်မှုနဲ့ တရားရုံး မှာ တရားစွဲတင် အပြစ်ပေးလိုက်ကြသတဲ့။

အမှုက ထင်ရှားတော့ အဲ့ဒီ ၃လောင်းပြိုင် လူသတ်မှုကြောင့် စံကွန့်လည်း ကြိုးဒဏ်ပေးခံရတယ်လို့ ကြားတာပဲ ဆရာလေး "

ဆရာလေး ကိုမျိုးမောင်က...

" ကိုစံကွန့် နှမလေး မအိဆိုတာကရော ၊ ဘာဆက်ဖြစ်သွားသေးလဲဗျ "

ကိုသာအေးက စိတ်မကောင်းဟန်ဖြင့် ခေါင်းကို ခါရမ်းပြရင်း၊

" အင်း ကလေးမလေးကတော့ စိတ်မကောင်းစရာပါ ဆရာလေးရယ်။

သူ့ခမျာ ကလေးမီးဖွားရင်းနဲ့ မီးတွင်းထဲမှာပဲ ဆုံးပါးသွားရှာတယ်လေ ။ ကလေးရော မအိပါ အဖတ်ဆယ် မရလိုက်ပါဘူး ဆရာလေးရာ ။ ရွာမှာက ဝမ်းဆွဲ ဆရာမလောက်သာ ရှိတာကိုး။ ခမျာ ဝဋ်ကျွတ်သွားတာလို့ပဲ မှတ်ရတော့မှာပေါ့ "

မအိအကြောင်း အဆုံးသတ်ကို သိရပြီဆိုတော့ ကျောင်းဆရာ ကိုမျိုးမောင်သည် သူ့စိတ်ထဲ မရှင်းနိုင်သော မေးခွန်းတစ်ခုကို အတည်ပြုနိုင်ရန် ကိုသာအေးအား ထပ်မံ မေးမြန်းလိုက်လေ၏။

"နောက်တစ်ခု ကျနော် သိချင်တာ ရှိသေးတယ် ကိုသာအေးရ။ အိမ်အိုကြီးမှာ ခြောက်နေတာက သရဲ ၃ကောင်လို့ ခင်ဗျား ပြောတယ်မဟုတ်လား ။ အဲ့ဒါ သေချာလား "

" အင်းလေ ၊ အစိမ်းသေ သေတာ သစ်တော ဝန်ထမ်း ၃ယောက်ဆိုတော့ သရဲက ၃ကောင် နေမှာပေါ့ ဆရာလေးရဲ့ ။ ဘာဖြစ်လို့လဲ "

ကျောင်းဆရာ ကိုမျိုးမောင်သည် မျက်ခုံးများ တွန့်ဆက်သွားသည်အထိ ကြုံ့ပစ်လိုက်ရင်း ...

"လူသတ်သမား စံကွန့်ဆိုတာက ကတုံးဆံတောက်နဲ့မဟုတ်လား။ အရပ်က ၅ပေ၆လက်မလောက်၊ရင်အုပ်ထွားထွားနဲ့လေ"

" ဟင်! ဆရာလေးက ဘယ်လို သိတာလဲ "

ကိုမျိုးမောင်သည် ရွာခံ ကိုသာအေး၏ မေးခွန်းကို မဖြေပဲ၊

" တောအုပ်က အသက် ၄၀လောက်ဗျာ။ ကော်ကိုင်း မျက်မှန်အထူကြီးနဲ့လေ။ ပြီးတော့ သူတပည့် တောခေါင်း ၂ယောက်မှာ တောခေါင်းကိုဆန်းဝင်းဆိုတာက ပုပု ဝဝ ၊ နောက်ပြီး အဓိက တရားခံ တနှာရူး ကျော်ဦးဆိုတာက မျက်နှာက စုပ်ချွန်းချွန်း ၊ အသားက နီစပ်စပ်နဲ့။ ဟုတ်တယ်မဟုတ်လား ကိုသာအေး...."

ကိုသာအေးသည် ကျောင်းဆရာ၏ စကားကို ကြားရသည့်အခါ အလွန်အမင်း အံအားသင့်နေရှာသည်။

" ဆ...ဆ...ဆရာ...ဆရာလေး "

မျိုးမောင်က လက်ကို ကာပြရင်း ဆက်ပြောသည်။

" ကျနော် တွေ့ခဲ့တာ ၃ကောင် မဟုတ်ဘူး ကိုသာအေး။ ကျနော် တွေ့ခဲ့တာက ၄ကောင် ဗျ ၊ ၄ကောင် ။ တစ္ဆေ ၄ကောင် "

" ခင်ဗျာ ! .."

ကိုသာအေး .. ဝိုင်းစက် ပြုးလည်နေသော မျက်လုံးများဖြင့် ကျောင်းဆရာ ကိုမျိုးမောင်အား မော့ကြည့်နေမိတော့သည်။

" ဒါ..ဒါဆိုရင် ဆရာလေးကို အိမ်အိုကြီးက ......"

ကျောင်းဆရာ ကိုမျိုးမောင်သည် ပြတင်းပေါက်က မြင်နေရသော သဖန်းပင် သစ်တောကြိုးဝိုင်းက တောင်ကုန်းအမြင့်ကြီးများကို ငေးကြည့်ရင်း ...။

" ဟုတ်တယ် .. ကျနော့်ကို အိမ်အိုကြီးက တစ္ဆေ အခြောက်ခံခဲ့ရတယ် ။ ဒါပေမယ့် ကိုသာအေး ပြောခဲ့သလို တစ္ဆေက ၃ကောင် မဟုတ်ဘူး။ အဲ့ဒီ အိမ်အိုကြီးမှာ တစ္ဆေ ၄ကောင် ...."

ပြီးပါပြီ။

PePe

ပီပီ(မန္တလေး)

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..