
မှုံနံ့သာ သတိရလာသည့်အခါ ဒေါ်ငြိမ်းလွင်က မေ့မျော
နေဆဲပင်။ မှုံနံ့သာလည်း နေရာပြောင်းပေးပြီး စိတ်မ
ကောင်းစွာဖြင့်စိုက်ကြည့်နေလေ၏။
ပြီးနောက် ပညာစာအုပ်ကို ကောက်ဖတ်ကြည့်လိုက်
သည်။ ယခင်က သူမဖတ်ရှု၍ခက်ခဲနေသည့်ပညာရပ်
များက အလွယ်တကူရှင်းလင်းနားလည်နေတော့၏။
အချိန် ( ၁ ) နာရီကျော်ခန့်အတွင်း စာအုပ်တစ်အုပ်လုံး
ကြေညှက်သွားခဲ့လေသည်။ ဒေါ်ငြိမ်းလွင်ကို သတိရ
သွားပြီးပြန်သွားကြည့်သည့်အခါ ဒေါ်ငြိမ်းလွင်မှာ
သတိပြန်ရနေချေပြီ။ သို့သော် သာမာန်လူအဖြစ် ရုတ်
တရက်ပြောင်းလဲသွားရသဖြင့် မထနိုင်ပေ။တကိုယ်လုံးရိုက်ထားသလိုနာကျင်နေရရှာ၏။
" သမီးကုပေးမယ် အန်တီငြိမ်း "
ဒေါ်ငြိမ်းလွင်က လက်ကာပြသည်။
" သမီးမှာအချိန်မရတော့ဘူး ... ခုသွားတော့ ... စော
ထက်စံကိုအနိုင်တိုက်ခဲ့... အန်တီဒီကနေစောင့်နေမယ် "
မှုံနံသာလည်း အချိန်မကျန်တော့သည်ကို အမှတ်ရသွား
ကာ စိတ်မချခြင်းများစွာဖြင့်ကြည့်ရင်း ထွက်လာခဲ့လေ
တော့သည်။
" သာမာန်လူသာဆို ကားမောင်းသွားရင် ၂ ညလောက်
ကြာဦးမယ် "
တကိုယ်တည်းပြောရင်း ဝုန်းခနဲ ထပျံသွားလေ၏။
လေဟုန်၌ မှုံနံသာမျောနေသည်။ သူမ၏ မျက်လုံးဖြင့်
စောထက်စံရှိရာသို့ ရှာကြည့်လိုက်သည့်အခါ နေရာသိ
သွားပြီး အရှိန်မြှင့်ကာပျံသန်းလိုက်တော့သည်။ သူမ
အချိန်မီ ရောက်ရှိမှသာ ဖြစ်ပေတာ့မည်။မကြာခင်မှာ
ပင် တောင်ကုန်းတစ်ခုသို့ရောက်လာပြီးမြေပြင်သို့ဆင်းလိုက်ေလ၏။
" ဟား ဟား ဟား ဟား "
ရယ်သံနက်ကြီးကြောင့် တောထဲရှိ ငှက်များ ဝုန်းခနဲ
ထပျံကြကုန်ချေပြီ။ မှုံနံသာလည်း အသံလာရာသို့
တဖြည်းဖြည်းတိုးကပ်လာခဲ့၏။ သူမဘေး၌ အရိပ်မည်း
ကြီးတစ်ခု ကပ်လိုက်နေသည်ကိုတွေ့သဖြင့် ခုန်ပျံကာ
ကျော်လိုက်ရသည်။
ထိုအရိပ်မည်းကြီးမှာ မီးတောက်များအသွင်ပြောင်းပြီး
မှုံနံသာရှိရာ သို့လိုက်လာသည်။ မှုံနံသာကလည်း မီး
တောက်များကိုရှောင်တိမ်းရင်း ပညာမျက်လုံးကိုအသုံး
ချကာ စောထက်စံကို လိုက်ရှာလိုက်သည်။
ယခုထိစောထက်စံ ကိုမတွေ့ရှိသေးပေ။ မီးတောက်
များမှာ စောထက်စံ၏ ကိုယ်ပွားတစ်ခုသာဖြစ်ချေသည်။
မီးတောက်လည်းကြာရှည်စွာမတောက်နိုင်ဘဲ ငြိမ်းသွား
၏။
" စောထက်စံ ... လက်နက်ပုန်းနဲ့ တိုက်မနေနဲ့ ... ထွက်
လာခဲ့ "
မာန်ပါပါအော်ပြောလိုက်သည့်အခါ ကောင်းကင်တစ်ခု
လုံးတိမ်မည်းများ ရုတ်ချည်းဖုံးလွှမ်းလာပြီး ဟားတိုက်
ရယ်မောသံကအဆက်မပြတ်ထွက်ပေါ်လာခဲ့တော့သည်။
ထို့နောက် လေပေါ်ပျံဝဲနေသည့် မီးလုံးတစ်လုံးကိုတွေ့
မြင်လိုက်သဖြင့် စောထက်စံမှန်း မှုံနံ့သာ သိလိုက်လေ
ပြီ။
မီးလုံးဝါက တစ်ဖြည်းဖြည်း အဝါမှ အပြာ၊အပြာမှ ခရမ်း သို့ ပြောင်းနေသည်။ ထိုအရာမှာ စောထက်စံ၏မျက်လုံးအရောင်ဖြစ်မည်ကို မှုံနံ့သာ သိနေသည်။
သူမ၌မူကား အနီရောင်တစ်မျိုးတည်းရှိ၏။ ပြိုင်ဖက်
ကို စိတ်အားကျစေရန် သူမ၏စွမ်းအားများအား ထုတ်
ဖော်ပြသခြင်းတမျိုးပင်။ ပြီးနောက် ထိုအရောင်သုံးမျိုး
ဝန်းရံကာ မြေပြင်ပေါ်သို့ စောထက်စံဆင်းလာတော့
သည်။
" အလို ... ငြိမ်းလွင်ရဲ့ ပညာသက်နဲ့ပါလား ... ပွဲက
ကြည့်ကောင်းပြီဟေ့ "
မှုံနံ့သာနှင့် စောထက်စံတို့အားပြိုင်မှုသည် နောက်ဆုံး
ပွဲလည်းဖြစ်သည်။ ၎င်းတို့နှစ်ယောက်ထဲမှ မည်သူက
မျက်လုံး ( ၄ ) လုံးပိုင်ရှင် ဖြစ်မည်ကို စိတ်ဝင်စားကြ
သဖြင့် ပတ်ဝန်းကျင်၌ လာရောက်စောင့်ကြည့်နေကြ
သူ ပညာသည်များရှိနေသည်။
ပုန်းလျှိုးကွယ်လျှိုးဖြင့် မည်သူအနိုင်ရမည်ကို သတင်း
ယူနေကြသည်။ တောတောင်ထဲ၌ မီးလုံးများ တဖျပ်ဖျပ်
ဟိုတစ်စ၊ ဒီတစ်စ လင်းနေသည်က တမျိုးဆန်းသစ်နေ
လေ၏။ ပညာခန်းများအစွမ်းကုန်ဖွင့်ကြပေတော့မည်။
" နင်ကနှစ်အများကြီးကျင့်ထားပေမယ့် ပထမဆုံးစွမ်း
အင်မှမဟုတ်တာ စောထက်စံ ... ငါကရှစ်ထောင့်ကြယ်
ဆီက စွမ်းအင်အစစ်ပဲ ... ငါ့မှာနင့်လို အတွေ့အကြုံနဲ့
မျက်လုံး ( ၃ ) လုံးမရှိပေမယ့် စွမ်းအင်အစစ်ရှိတယ် ...
အဲ့ဒါကို နင်ကြောက်တယ်မလား "
စောထက်စံ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ မှုံနံ့သာ
ပြောသည်လည်းမှန်သည်။ စွမ်းအင်အစစ်မှာ ရှစ်
ထောင့်ကြယ်မှဖြစ်သည်။ ရှစ်ထောင့်ကြယ်ဆိုသည်မှာ
လည်း ပညာသည်များ၏သင်္ချိုင်းမဟုတ်လော။
ခေတ်အဆက်ဆက် ပညာရှင်များသေဆုံးသွားသော်
လည်း ပညာရပ်များကမသေပေ။ ၎င်းတို့ကိုယ်မှလွှင့်
စင်လာသည့်ပညာအမှုန်များတဖြည်းဖြည်းစုဝေးလာ
ရာမှ စွမ်းအင်အသစ်တမျိုးဖြစ်ပေါ်လာရခြင်းပင်။
" ငါကဘာကြောက်ဖို့လိုလဲ ... ငါ့မှာလည်းစွမ်းအင်စီး
ဆင်းနေတာပဲ... နင့်လိုမျိုး နှစ်ယောက်ကို နိုင်လို့ သူတို့
မျက်လုံးတွေ ငါ့မှာရနေပြီ ... အခုပွဲက နင့်မျက်လုံးကို
ငါယူဖို့ပဲ "
ထိုသို့ပြောပြီး စောထက်စံက သူ၏ရုပ်သွင်ပြင်ကို ပြ
သလိုက်သည်။ စောထက်စံ မျက်နှာပေါ်တွင် မျက်လုံး
၃ လုံးအရောင်တောက်ပနေ၏။ သူမ၏ဦးခေါင်းထက်
တွင်လည်း ဦးချို သေးသေးလေးထွက်ရှိနေသေးသည်။
သခင်မဖြစ်ဖို့နီးစပ်လေ ခေါင်း၌ဦးချိုထွက်လေဖြစ်
၏။
စောထက်စံမှာ သူမကိုယ်ထဲမှ အဆိပ်ပြင်းသော မြွေများ
ကို မှုံနံ့သာထံပစ်လွှတ်လာသည်။ ထိုမြွေများမှာ မျက်လုံး
နီရဲနေပြီး လျှာနှစ်ခွက ဓါးသွားကဲ့သို့ထက်ရှနေသည်။
အတန်းလိုက်ပျံဝဲလာသည်မှာ မျှားသဖွယ်ဖြစ်၏။
်ှုမှုံနံ့သာက သူမ၏ရင်ဘတ်မှ အစိမ်းရောင်အလင်းတန်း
ကိုထုတ်လွှတ်ပစ်သည်။ ထိုအလင်းတန်းနှင့်ထိမိသော
မြွေများသည် မျက်လုံးစိမ်းများအဖြစ်ပြောင်းသွားပြီး
ဦးတည်ရာလမ်းကြောင်းပြောင်းကုန်သည်။
ဖြောင့်စင်းနေသည့်လာရာလမ်းမှ ကွေ့ဝိုက်ကာ နောက်
ပြန်လှည့်ပြီး မျက်လုံးနီနှင့်မြွေများအား ပြန်လည်တိုက်
ခိုက်ကြတော့သည်။ မျက်လုံးစိမ်းမြွေများနှင့် မျက်လုံး
နီမြွေများ အချင်းချင်းသတ်ဖြတ်ကာ သေဆုံးကုန်ကြ
သည်။
စောထက်စံလည်း နောက်တမျိုးကြံဆောင်ပြန်၏။
ပိတုန်းနက်များအုပ်လိုက် ထပ်လွှတ်သည်။ ပိတုန်းနက်
များမှာ တဝီဝီအသံပေးရင်း ဒေါမာန်အပြည့်ဖြင့်ပျံလာ
ကြသည်။ မှုံနံသာမှာ ဂါထာရွတ်ဆိုပြီး စက်ဝိုင်းတစ်ခုကို
ဒေါင်လိုက်ရစ်ပတ်လိုက်သည့်အခါ စက်ဝိုင်းထဲ အခြား
တောအုပ်တစ်ခုပေါ်လာပြီး ပိတုန်းများ ထိုတောအုပ်
ထဲဝင်ရောက်ကုန်သည်နှင့် စက်ဝိုင်းကိုပြန်ပိတ်ပစ်လိုက်
လေသည်။
" ပထမအဆင့်နဲ့မရရင် နောက်တစ်ဆင့်မြှင့်မဟေ့ "
စောထက်စံကပြောရင်း သူ၏စွမ်းအားဖြင့် မှုံနံသာ၏
ဝိဉာဉ်ကို စုပ်ယူရန်ကြိုးစားတော့သည်။ သူမ၏လက်
အစုံနောက်ဆုတ်လိုက်တိုင်း မှုံနံ့သာ၏ကိုယ်မှ ဝိဉာဉ်မှာ
မူးနောက်နောက်ဖြစ်ရင်း လိုက်ပါချင်နေသည်။
မှုံနံ့သာမှာသတိကြီးစွာထားနေရသည်။ မျက်လုံး ( ၃ )
လုံးနှင့် စောထက်စံ၏အစွမ်းကို မနည်းယှဉ်နေရသလို
ဖြစ်လာသည်။ စောထက်စံက မန္တာန်ရွတ်ရင်း အတင်း
ဆွဲထုတ်နေတော့သည်။
မိမိ၏ဝိဉာဉ်လွတ်ထွက်မသွားစေရန် ဂါထာပြန်ရွတ်ကာ
အတင်းပြန်ဆွဲထားနေရသည်။ ၎င်းတို့၏အားပြိုင်မှု
ကြောင့် လေကြမ်းများတိုက်ခတ်လာလေသည်။ တဝေါ
ဝေါတိုက်ခတ်နေသည့်လေကြမ်းများကြားထဲ အစွမ်း
ကိုယ်စီထုတ်ကာ အသေအကြေတိုက်နေရ၏။
မှုံနံသာမှာ အစွမ်းကုန်သုံးပြီး ဝိဉာဉ်ပြန်ဆွဲယူသည့်အခါ
စောထက်စံလက်မှ လွှတ်ရမလိုဖြစ်လာချေတော့သည်။
အခွင့်အရေးကိုလက်လွှတ်မခံသူပီပီ တတိယမျက်လုံး
ကိုသုံးပြီး မှုံနံ့သာ၏ ရင်ဘတ်ကို ရိုက်ပုတ်ပစ်လိုက်သည်။
စောထက်စံ၏တတိယမျက်လုံးစွမ်းအင်မှာ အလွန်အား
ကောင်းလှသဖြင့် မှုံနံ့သာလည်း အဝေးသို့လွင့်စင်သွား
ပြီး ပါးစပ်မှ သွေးစအချို့ ထွက်ကျလာခဲ့တော့သည်။
" ဟာ "
" ဟယ် "
တောအုပ်နေရာအချို့မှ အာမေဋိတ်အသံအချို့ပေါ်
ထွက်လာလေသည်။ ယခုပုံစံအတိုင်းဆိုပါက မှုံနံ့သာ
အနိုင်မရနိုင်တော့ချေ။ သူမရှေ့မှ နှစ်ယောက်သည်
လည်း ထိုအဆင့်မှမကျော်လွန်ခဲ့။
ထိုသို့ သွေးစထွက်ပြီး အားကုန်နေချိန်မှာပင် စောထက်
စံကအနိုင်ပိုင်းသွားနိုင်ခဲ့သည်။ ဤသို့ဖြင့် ၎င်းတို့ပိုင်
ဆိုင်ထားသော မျက်လုံးကိုဆုံးရှုံးခဲ့ရခြင်းပင်။
စောထက်စံမှာမူ ပို၍ အားတက်လာဟန်ရ၏။ ကျေနပ်
စွာပြုံးပြီး နောက်ဆုံးအဆင့်ကို စတင်ရန် ဟန်ပြင်လာ
ချေပြီ။ သူမ၏လက်နှစ်ဖက်က မိုးပေါ်သို့မြှောက်ထား
ကာ မန္တာန်ကိုအဆက်မပြတ်ရွတ်ဆိုလိုက်သည်။
ထို မန္တာန်က ပုံရိပ်ရောင်များမြင်စေသည့် မန္တာန်တစ်ခု။
မှုံနံ့သာ၏မျက်လုံးထဲ စောထက်စံပေါင်းများစွာကိုမြင်
ပြီး အစစ်အတု ခွဲခြားမရနိုင်ဘဲ မှားယွင်းကာ လိုက်
တိုက်ပေတော့မည်။ ထိုအခါ အစစ်အမှန်ဖြစ်သော စော
ထက်စံက ပညာစွမ်းဖြင့် နှိမ်နင်းပစ်ကာ မှုံနံ့သာထံမှ မျက်
လုံးကိုယူလိုက်မည်ဖြစ်သည်။
မန္တာန်ကိုကြားသည်နှင့် မှုံနံ့သာ မျက်လုံးများဝေဝါးလာ
ခဲ့သည်။ ရရှိထားသည့်ဒဏ်ရာက ထိုသို့ဖြစ်စေရန် အ
ထောက်အပံ့ပေးနေခြင်းပင်။ စောထက်စံပေါင်း များ
စွာ သူမ၏ ဘေးပတ်ပတ်လည်၌ လက်နှစ်ဖက်မြှောက်
ပြီး မန္တာန်ရွတ်ဆိုနေသည်ကိုသာ တွေ့မြင်နေရ၏။
မျက်လုံးကိုမှိတ်ကာ ခေါင်းရမ်းရင်း စိတ်ကိုစုစည်းလိုက်
သော်လည်း စောထက်စံ ညှို့ယူထားသည်ကို မဖျောက်
ပစ်နိုင်နေပေ။ မှုံနံ့သာစိတ်ဓာတ်ကျလာသလို ဒေါ်ငြိမ်း
လွင်မျက်နှာတလှည့်၊ မိခင်မျက်နှာတလှည့်၊ ဒေါ်စံထား
ယဉ်နှင့် ဂျူလိုင်မိုးတို့၏မျက်နှာတလှည့်စီ လှည့်ပတ်
ပေါ်လာလေသည်။
" ငါအရှုံးပေးလို့မဖြစ်ဘူး ... ဂျွန်နဲ့ မာမီ့ကိုကယ်ရဦး
မယ် ... ငါရှုံးသွားရင် အန်တီငြိမ်းကိုလည်းသတ်ရင်သတ်
ပစ်မှာ "
မှုံနံ့သာမှာတွေးရင်း စိတ်များကိုစုစည်းပစ်လိုက်သည်။
" ဟုတ်တယ်... ငါကရှစ်ထောင့်ကြယ်ကလာတာပဲ ...
ပထမဆုံးစွမ်းအင် ... ငါ့မှာမွေးရာပါအစွမ်းရှိတယ် "
မှုံနံ့သာစိတ်ကိုပြင်ဆင်ပြီး အသံကုန်ဖွင့်ထုတ်ကာ အော်
ဟစ်ပစ်လိုက်တော့သည်။ အသံလှိုင်းက မုန်တိုင်းတစ်ခု
နှယ်၊ တရစပ်လာနေကာ တလောကလုံးသို့ဟိန်းထွက်
လာ၏။ အသံလှိုင်း၏တုန်ခါမှုအားကြောင့် တောထဲရှိ
သောသစ်ပင်ကြီးများပင် အမြစ်မှကျွတ်ထွက်ကုန်ကြ
သည်။
လေများကပိုကြမ်းနေသလို၊ အသံလုံးကလည်း အဆက်
မပြတ်ချေ။ စောထက်စံမှာ ထိုအသံကို အတော်အံတုနေ
ရသည်။ ကြာကြာမခံနိုင်လာချေ။ ထို့အတူ ပွဲလာကြည့်
ကြသည့်ပညာသည်အချို့ပင် အသံလှိုင်းကိုမခံနိုင်ကြ
သဖြင့် ဝေးရာသို့ပြေးကုန်ကြရလေသည်။
စောထက်စံလည်း သူမ၏နားနှစ်ဖက်ကိုပိတ်ကာ ဂါထာ
မန္တာန်များအား ရွတ်ဆိုသော်ငြား ရှစ်ထောင့်ကြယ်မှဖြစ်
ပေါ်လာသည့်စွမ်းအင်အသံလှိုင်းကို အံတုနိုင်ပုံမရတော့
ချေ။ သူမ၏နားနှစ်ဖက်မှ သွေးများစီးကျလာခဲ့သည်။
" အား "
မခံနိုင်တော့သည့်အဆုံး နားနှစ်ဖက်ကိုပိတ်ကာ အော်
ဟစ်နေရတော့သည်။ ထို့နောက် မြေပြင်ပေါ်သို့ အရုပ်
ကြိုးပြတ်လဲကျသွားခဲ့၏။ ထိုအခါမှ မှုံနံ့သာလည်း
ရပ်လိုက်ပြီး စောထက်စံအနားတိုးကပ်ကာ မျက်လုံး
( ၃ ) လုံးကို ထုတ်ယူလိုက်လေသည်။
" မျက်လုံးလေးလုံးရပြီ ... ပဉ္စမမြောက်မျက်လုံးက
ဘယ်မှာလဲ "
မှုံနံ့သာအော်ဟစ်ကာ တလောကလုံးကိုမေးနေချေပြီ။
မျက်လုံး ( ၄ ) လုံးအစွမ်းဖြင့် လိုရာကြည့်ရှု၍ ရနေပြီ
ဖြစ်သဖြင့် ဂျူလိုင်မိုးအလောင်းနှင့် ဒေါ်စံထားယဉ်ရှိ
ရာရှာကြည့်မိသည်။ ထိုနေရာသို့ ကောင်းကင်ပေါ်မှပျံ
ကာ အလျှင်စလို သွားလိုက်တော့သည်။
အိမ်တံခါးကိုဖွင့်လိုက်သည်တွင် စောထက်စံ၏ တစ်
ကိုယ်လုံးပုံက ဧည့်ခန်း၌ဆီးကြိုနှင့်နေသည်။ မှုံနံ့သာ
မှာ တစ်ချက်ကြည့်ပြီး အိမ်၏မြေအောက်ခန်းသို့ ဆင်း
သှား၏။
မြေအောက်ခန်းထဲတွင် ဂျုလိုင်မိုးအလောင်းဘေး၌
ငုတ်တုတ်လေးထိုင်နေသည့် ဒေါ်စံထားယဉ်အားမြင်
တွေ့လိုက်ရတော့သည်။
" မာမီ "
" မှုံ ... သမီးလေး "
ဒေါ်စံထားယဉ်မှာ ကြောက်ရွံ့မှုကို တင်းခံထားရဟန်တူ
သည်။ မှုံနံ့သာကို မြင်သည်နှင့် ချုံးပွဲချငိုတော့၏။
" မှုံ ရောက်လာပြီမာမီ ... ဘာမှမကြောက်နဲ့တော့ "
ဒေါ်စံထားယဉ်ကိုနှစ်သိမ့်ပေးပြီး ဂျူလိုင်မိုးအလောင်း
သို့တိုးကပ်လာခဲ့သည်။ ဂျူလိုင်မိုးမှာသာမာန်လူသား
ဖြစ်သဖြင့် အလောင်းဆီမှ အနံ့တချို့ပင်ထွက်ရှိနေခဲ့
ပြီ။
မှုံနံ့သာက သူမပိုင်ဆိုင်ထားသည့် မျက်လုံးလေးလုံးစလုံး
အလင်းဖြာလိုက်ကာ နည်းလမ်းများရှာဖွေကြည့်သည်။
သူမနည်းလမ်းတွေ့သွားချေပြီ။
သုမပါးစပ်ထဲမှ ခရမ်းရောင် အလင်းမှုန်တချို့ထုတ်
လွှတ်လိုက်ပြီး ဂျူလိုင်မိုး၏ပါးစပ်ထဲ ထည့်ပေးလိုက်
၏။ ထို့နောက် မန္တာန်တစ်ပုဒ်ကိုရွတ်ဆိုကာ သူမ၏
လက်ကောက်ဝတ်ပေါ်ဓါးဖြင့်ခြစ်ချပြီး ဂျူလိုင်မိုး၏
နဖူးပေါ်သွေးစက်ချလိုက်သည်။
" ဒီခန္ဓာကိုယ်ဟာ ငါ့အပိုင်ဖြစ်တယ် ... ငါသခင်မဖြစ်
တဲ့အခါ ငါ့ကိုအထောက်အပံ့ဖြစ်စေဖို့ အသုံးပြုမယ်...
ဂျူလိုင်မိုးကို သခင်မအတွက် အမှု့ထမ်းဖို့ ပြန်ခေါ်
တာမှာ အနှောင့်အယှက်အားလုံး လွတ်ကင်းဖို့ ကူညီ
ကြပေလော့ "
မန္တာန်အဆုံးထိုသို့ပြောလိုက်သည့်အခါ ဒေါ်စံထားယဉ်
မှာ အံ့ဩကြီးစွာဖြင့် ငေးကြည့်နေခဲ့လေသည်။ ထိုစဉ်
မှာပင် ဂျူလိုင်မိုး၏ လက်ချောင်းများက လှုပ်ရှားလာ
ခဲ့သည်။ ထို့နောက် သူမ၏ မျက်လုံးနှစ်ဖက် ပွင့်လာ၏။
" မှုံ "
ဂျူလိုင်မိုးအသံခပ်တိုးတိုးဖြင့်ခေါ်လိုက်သည်။ မှုံနံ့သာ
မှာတော့ ဂျူလိုင်မိုး၏နဖူးစကို ပွတ်သပ်ကာ ပြုံးပြနေ
လေသည်။
" ဂျွန် ... နင့်အကြွေးကို နင်ကိုယ်တိုင်ရှင်းရမယ်...
ရှင်းပြီးတာနဲ့ အိမ်ပြန်လာခဲ့ ... မာမီနဲ့ငါ အိမ်မှာစောင့်
နေမယ် "
ထိုသို့ပြောသည့်အခါ ဂျူလိုင်မိုးကလည်းတဖန် ခေါင်း
ညိမ့်ကာ ပြုံးပြလာသည်။
ဒေါ်စံထားယဉ်အား လေပေါ်အတူပျံမည်ဆိုသည့်အခါ
မပျံရဲဟုဆိုသဖြင့် အိပ်ငွေ့ချပြီးခေါ်ပြန်ခဲ့ရသည်။ အိမ်
သို့ရောက်မှ စိတ်အေးလက်အေးထားခဲ့ပြီး ဒေါ်ငြိမ်း
လွင်ရှိရာသို့တဖန်ပြန်သွားလိုက်သည်။
" သမီး နိုင်ခဲ့ပြီ အန်တီငြိမ်း "
ဒေါ်ငြိမ်းလွင်လည်း ဝမ်းသာစွာဖြင့် မှုံနံ့သာ၏လက်ကို
ဆုပ်ကိုင်ထားလေသည်။
" အန်တီငြိမ်း ... သမီးမှာမျက်လုံး ( ၄ ) လုံးရှိနေပြီ ...
အန်တီငြိမ်းရဲ့ ပညာအသက်ကို ပြန်ထည့်ပေးမယ်နော်..
ပညာအသက်ရှိမှ အန်တီငြိမ်းကိုစိတ်ချလက်ချထားခဲ့
နိုင်မှာ ... နောက်ပြီး ပဉ္စမမြောက်မျက်လုံးကိုရှာဖို့ အန်
တီငြိမ်း ကူပေးမှဖြစ်မယ်လေ "
မှုံနံ့သာကထိုသို့ပြောပြီးသည်နှင့် ဒေါ်ငြိမ်းလွင်၏ ပညာ
အသက်ကို ပြန်ပေးအပ်လိုက်လေသည်။ ပညာအသက်
ရလာမှ ဒေါ်ငြိမ်းလွင်လည်း လူကောင်းတစ်ယောက်လို
ပြန်ဖြစ်သွားရတော့သည်။
" ပဉ္စမမြောက်မျက်လုံး ဆိုတာ မှော်နန်းခင် ဆီမှာရှိ
တာ ... သခင်မအဟောင်းက သခင်မအသစ်ကို မျက်
လုံးလွှဲပြောင်းပေးရတယ် ... မှုံမသိဘူးဆိုတာက ဘယ်
သူ့မှ ဒီအကြောင်းမပြောကြဘူးကိုး... ဘာလို့လဲဆို
သခင်မအကြောင်းဖြစ်နေလို့ပဲ "
" သူက ဘယ်မှာလဲ "
" သူက ရှစ်ထောင့်ကြယ်မှာ ... ဒါပေမယ့် သူ့မျက်လုံး
ကတော့ ရှာဖို့မလွယ်ဘူး... "
" ဘာဖြစ်လို့လဲ ... သူသေသွားတာကြာပြီလား "
" မှော်နန်းရုံ သေတာကြာပေါ့ ... သခင်မစွမ်းအင်ပေါ်
လာရင် သခင်မအဟောင်းက ကြွေလွှင့်ပေးရတာပဲ ...
သမီးပျောက်နေတဲ့အချိန်မှာ အန်တီတို့လောက က
သခင်မ မရှိဘဲ ယိုယွင်းနေတာကြာပြီပေါ့ကွယ် "
" မျက်လုံးကဘယ်မှာမလို့ ရှာဖို့မလွယ်တာလဲ "
" ပဉ္စမမြောက်မျက်လုံးကို ရှာဖို့မလွယ်ဘူး ... ဒါပေမယ့်
မျက်လုံး ( ၄ ) လုံးပိုင်ရှင်ရှိပြီဆိုရင် သူကလာရှာပါလိမ့်
မယ် ... သူလာရင် ရအောင်ဖမ်းမိဖို့ပဲ ... "
" ဘယ်လိုဖမ်းရမှာ "
" သမီးမှာရှိတဲ့ အစွမ်းကိုအသုံးချပေါ့ မှုံရယ် "
" လာရှာတဲ့အခါ ရအောင်ဖမ်းရတော့မှာပေါ့ "
မှုံနံ့သာလည်း ဒေါ်ငြိမ်းလွင်ကိုနှုတ်ဆက်ကာ အိမ်ပြန်
လာခဲ့တော့သည်။
ထိုရက်က စိတ်ပင်ပန်းထားသမျှ အတိုးချကာနားနေ
မိ၏။ စိတ်ကူးထဲတွင်တော့ ငါးလုံးမြောက်မျက်လုံး
အကြောင်းကိုသာစိတ်ဝင်စားနေခဲ့သည်။ မည်သည့်အ
ချိန်လာရှာမည်နည်း ကိုသာ တွေးမိနေ၏။
ညရောက်သည့်အခါ ထိုညသည် လပြည့်ညဖြစ်နေသည်။
ထူးထူးခြားခြား တလောကလုံးတိတ်ဆိတ်ငြိမ်သက်နေ
သလိုဖြစ်နေပြီး တစုံတခုထူးခြားတော့မည်မှန်း မှုံနံ့သာ
သိရှိလိုက်သည်။
ပြူတင်းပေါက်ဖွင့်ကာ လကိုထိုင်ငေးနေစဉ် လထဲမှ
တစုံတရာလှုပ်ခတ်နေသလိုမြင်တွေ့လိုက်မိသည်။
သေချာစွာစူးစိုက်ကြည့်သော် မတွေ့ရပြန်ချေ။
မျက်လုံးလေးလုံးကိုစုစည်းပြီး လထဲသို့စိုက်ကြည့်
လိုက်သည်။ မှုံနံ့သာဆွံ့အသွားမိ၏။ လထဲ၌ မျက်
လုံးတစ်လုံး သူ့အားစိုက်ကြည့်နေသည်ကိုမြင်တွေ့
လိုက်ရသောကြောင့်ဖြစ်သည်။
ထိုအရာသည် ပဉ္စမမြောက်မျက်လုံးပင်ဖြစ်ပေမည်။
လကိုထပ်မံစိုက်ကြည့်သည့်အခါ လထဲမရှိပြန်တော့ချေ။
မှုံနံ့သာလည်းဘေးဘီဝဲယာသို့ထပ်မံလိုက်ရှာကြည့်
သည်။
မျက်လုံးသည် သူမအခန်းထောင့်၌ ရောက်နေပြန်သည်။
အနားတိုးကပ်သွားလျှင် ပျောက်သွား၏။ မှုံနံ့သာသိလိုက်
ပြီ၊ မျက်လုံးကိုဖမ်းရပေမည်။
သုမ၏စိတ်များစုစည်းကာ ငြိမ်သက်စွာထိုင်စောင့်နေ
မိသည်။ မျက်လုံးပေါ်လာလျှင်ဖမ်းရန်အသင့်ဖြစ်၏။
မကြာမီသူမခေါင်းပေါ်ရှိ မျက်နှာကျတ်တွင် မျက်ရိပ်ထဲမှနေပြီး မျက်လုံးကိုလှမ်းမြင်လိုက်ရသည့်အခါ အသံကုန်ထုတ်ပြီးအော်ဟစ်ပစ်လိုက်သည်။
မှုံနံ့သာ၏အသံကြောင့် မျက်လုံးမှာ ဖတ်ခနဲ ပြုတ်ကျလာသည်နှင့် လျှင်မြန်စွာကောက်ယူလိုက်လေတော့သည်။
ပဉ္စမမြောက်မျက်လုံးကိုပိုင်ဆိုင်လိုက်သည့်အခါ သူမနား
ထဲ ကြိုဆိုဂုဏ်ပြုသံများ တသဲသဲ ကြားလာရလေသည်။
သူမတို့လောကမှ သခင်မအသစ်ကို ဂုဏ်ပြုနေကြလေ
ပြီ။ မှုံနံ့သာဆိုသည့်ရှစ်ထောင့်ကြယ်စွမ်းအင်လေးမှာ
ကျေနပ်ကာ အိပ်စက်လိုက်တော့၏။
နောက်တစ်နေ့ နေ့လည်တွင် မှုခင်းသတင်းဂျာနယ်၌
သတင်းတစ်ခုပါလာသည်။ ရဲရင့်ထွဋ်ခေါင်ကို သူ၏ဇနီးဖြစ်သူကသတ်ပစ်ပြီး ဇနီးသည်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားသည်ဟူသောသတင်းကို ဖတ်လိုက်
ရသည်။
" ဒေါက် ဒေါက် "
" ဝင်ခဲ့လေ ဂျွန် "
ဂျူလိုင်မိုး၏လက်ချက်မှန်း မှုံနံ့သာသိရှိနေခဲ့ပြီဖြစ်
သည်။
" သခင်မကြီး မှုံနံ့သာကိုခစားပါတယ် "
မှုံနံ့သာနှင့် ဂျူလိုင်မိုးတို့မှာ ပြိုင်တူပြုံးမိလိုက်ကြလေ
တော့သည်။
ရှစ်ထောင့်ကြယ်မှ မှုံနံ့သာ၏ အတိတ်မှအရိပ်များ
သည် ယခုအခါ ပုံပြင်တစ်ပုဒ်သဖွယ် ပြောစမှတ်ထင်
ကျန်ရစ်ပေတော့မည်တည်း။
ပြီးပါပြီ။
သော်တာလမင်းစန္ဒာ
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။