တစ္ဆေနိုင်ကိုရင်လေးနှင့်ဂမုန်းနက်မိစ္ဆာ _ အပိုင်း(၁)
lotaya.mpt.com.mm
|
2022-05-17

အခန်း၁။

     စံဖိုးစီရော ၊ နက်ကျော်ပါ မနက်  မိုးမလင်းခင်ကတည်းက ရာမူးချောင်းကို ဖြတ်ပြီး၊ မိုးမခတောင်ပေါ်ကို တက်လာခဲ့ကြတာ ခုဆို နေပင် ခေါင်းပေါ်ရောက်၍ မွန်းတည့်ပြီ ဖြစ်၏။ သူတို့နှစ်ဦးစလုံးသည် မိုးမခ တောင်ခြေရွာဖြစ်သော နားခဲရွာသားများ ဖြစ်ကြ၏။

      သူတို့နှစ်ယောက် ဒူးလေးတချောင်းစီကို လက်မှာကိုင်ထားကြ၏။ ခါးတွင် တောသုံးဓါးတချောင်းစီပါသလို ၊ စစ်သုံး ရေဘူးတလုံးစီ ချိတ်ဆွဲထားကြလေ၏။ 

      တကယ်တော့ သူတို့နှစ်ဦးစလုံးသည် အမဲလိုက်ရန် ထွက်ခွါလာခြင်းမဟုတ်ကြချေ။ ယခုတလော သူတို့ရွာတွင် ပါးစပ်ရာဇဝင်လိုလို ၊ ကောလဟာလလိုလို သတင်းတခုကြောင့် လောဘဇောတိုက်ကာ တောတက်လာခြင်း ဖြစ်၏။

        မိုးမခတော တနေရာတွင် ဂျပန် လေယာဥ်ပျက် တစီးရှိသည်ဟု ဆို၏။ ထိုလေယာဥ်သည် နှစ်ပိုင်း ကျိုးပြတ်နေပြီး၊ လေယာဥ်၌ ပါသော ပိုင်းလော့၏ အရိုးစုအနီးမှ ရွှေဒင်္ဂါး အချို့ကို သူတို့ ရွာမှ ဦးနီမောင်ဆိုသူက ရခဲ့ဖူးသည်ဟု ဆိုကြ၏။ 

       ဦးနီမောင်သည် တကိုယ်တည်း လူပျိုကြီးဘဝနှင့် ကွယ်လွန်သွားပြီး ၊ သေသည်အထိ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ဘဲ ၊ နားခဲကျေးရွာ၌ ချမ်းချမ်းသာသာ နေထိုင်သွားခဲ့သည်။ 

       ဦးနီမောင် သေတော့ သူ၏ ထင်ရူးသေတ္တာထဲမှ ရှေးဟောင်း ရွှေဒင်္ဂါး သုံးလေးပြားကို တွေ့ကြရသည်။ ဒါ့အပြင် ပုဆိုးဟောင်းဖြင့် ကျကျနန ထုပ်ပတ်ထားသော ဂျပန် အရာရှိများ ကိုင်ဆောင်သည့် ဓါးတချောင်းကို ဓါးအိမ်နှင့်အတူ တွေ့ကြရသည်။ 

      ဦးနီမောင်သည် ငယ်ရွယ်စဥ်က မိုးမခတောင်ပေါ်တက်၍ ဆေးမြစ်ဆေးဥများ ရှာဖွေ စားသောက်သူ ဖြစ်၏။ ဦးနီမောင် မကျန်းမာစဥ်က ၎င်း၏ပါးစပ်မှ လေယာဥ်ပျံကြီးအကြောင်း ကယောင်ကတမ်းနှင့် တစွန်းတစ ပြောဆိုသွားသည်ဟု သူ၏ ဆွေမျိုးနီးစပ်တော်သူ ဒေါ်ခင်မေက ပြော၏။

   " အဆက်အစပ်တော့ မရှိပါဘူးတော် ။ တခါတလေ  လေယာဥ်ပျံကြီး  လေယာဥ်ပျံကြီး ခါးကနေ နှစ်ပိုင်း ပြတ်လို့ ...။

      တခါတလေကျ  ငါ့ရွှေတွေ  ငါ့ရွှေတွေ  ၊ လေယာဥ်ပျံထဲမှာ ငါ့ရွှေတွေလို့ အော်ချင် အော်တယ် ။ 

      သူ သတိကောင်းလို့ ကျွန်မက ဦးကြီး ဘယ်ကလေယာဥ်ပျံလဲလို့ မေးရင် မိုးမခတောင်ဘက် လက်ညှိုးထိုး ပြတယ်။ 

     ပြီးလို့ရှိရင် ဥိးကြီးက  ငါ သွားယူရအုံးမှာလို့ ပြောတော့ ကျွန်မက ဘာတွေ သွားယူရမှာလဲ မေးရင် ၊ သူက မျက်လုံးကြီး ပြူးပြီး ဘာမှ မဟုတ်ဘူး ၊ နင့်ကို ငါ မယုံဘူးလို့ ပြောတယ် ... "

     ဒေါ်ခင်မေဆိုတာက ဦးနီမောင်ရဲ့ တူမဝမ်းကွဲ ဖြစ်၏။ ဦးနီမောင် နာမကျန်း ဖြစ်နေစဥ်က အနီးကပ် ပြုစုပေးသော တဦးတည်းသော ဆွေမျိုး ဖြစ်သည်။

     ထို့ကြောင့်လည်း ဦးနီမောင် ဆုံးပါးတော့ ကျန်ရစ်သည့် အိမ်နှင့်မြေကို ဒေါ်ခင်မေအား အမွေအဖြစ် ရွာက ကြည်ဖြူစွာ ပေးအပ်ခဲ့ကြသည်။ ရွှေဒင်္ဂါး၄ပြားကိုတော့ ဦးနီမောင်အတွက် ရည်စူး၍ ရွာဦးကျောင်းမှာ လိုအပ်နေသော ကုဋီနှင့် အုတ်တံတိုင်းအတွက် လှုဒါန်းခဲ့ကြ၏။ ဒေါ်ခင်မေကလည်း သဘောတူ၍ လှုခဲ့ခြင်း ဖြစ်၏။

      ဦးနီမောင် သေပြီးချိန်ကစ၍ ထိုသတင်းသည် တစထက်တစ ချဲ့ကား ပြောဆိုလာကြသည်။ မိုးမခတောင်ပေါ်ကိုလည်း လူငယ်အချို့  တဖွဲ့ပြီး တဖွဲ့ တက်ရောက် ရှာဖွေကြသည်။ 

      ခက်တာက မိုးမခတောင်သည် မိုးမခသစ်တောကြိုးဝိုင်းဟူ၍ အစိုးရက ရွှေကြိုးခတ် သတ်မှတ်ထားသည့် အလွန်ကျယ်ပြော မတ်စောက်သော သစ်တောကြီး ဖြစ်၏။ တောနက်၏။ သားရိုင်းတိရိစ္ဆာန်ကြီး အချို့ ရှိနေ၏။ မမြင်နိုင်သော သဘာဝ အန္တရာယ်များစွာ ရှိသည့် တောကြီး ဖြစ်၏။

 အချို့နေရာများမှာ အသားစား ပဒူအုံတွေ ရှိ၏။ ပဒူကျွင်းထဲ ဆင်လို အကောင်ကြီးပင် ခြေထောက်ကျပါက အရိုးသာ ကျန်ရစ်သည်ဟု ဆို၏။

အချို့နေရာကျ မာယာပရိယာယ် အလွန်များသော ရွံနွံအိုင်ကြီးများ ရှိ၏။ ထိုရွံနွံအိုင်ထဲ နင်းမိပါက အသက်ရှင်ရန် လမ်းစ မမြင်တော့ပေ။ နွံအိုင်အောက် တဖြည်းဖြည်းချင်း နစ်မြုပ်ကာ အလောင်းကိုပင် ပြန်မရတော့ပေ။ 

      ဒါ့အပြင် တောရိုင်းသားရဲကြီးများ၏ အန္တရာယ်ကလည်း မသေးပေ။ လူသားတို့ကို အလစ်အငိုက်ချောင်း၍ ကိုက်ဖြတ်စားသောက်တတ်ကြသည်။ 

     ထို့ကြောင့်  တော်ရုံသတ္တိနှင့်တော့ မိုးမခ သစ်တောထဲ မည်သူကမျှ တောနက်သည်အထိ မဝင်ရဲကြချေ။ တောကြမ်း၏။ အပင်ကြီးတွေကလည်း အုံ့ဆိုင်းမှိုင်းညို့နေ၏။ 

     ယခုတော့ နားခဲရွားသား  လူငယ်အချို့သည် လောဘကြောင့် အစုအဖွဲ့တွေ ကိုယ်စီဖွဲ့ကာ မိုးမခတောထဲ စွန့်စား ရှာဖွေကုန်ကြပြီ ဖြစ်၏။သို့ပေမဲ့  ရွှေဒင်္ဂါးများ တွေ့ဖို့ မပြောနဲ့။ လေယာဥ်ပျက်ကြီးကိုတောင် ယခုထိတိုင် တဦးတယောက်မှ ရှာဖွေ မတွေ့ကြသေးပေ။ အနေဆင်းရဲ၊ အစားဆင်းရဲနှင့် ရွာကိုသာ ခြေဗလာနှင့် ပြန်လာကြရသည်။ 

       ဒါပေမဲ့ လူဆိုတဲ့သတ္တဝါဆိုတာက အခက်သားမဟုတ်လား။ သူတို့ မတွေ့ရင်၊ ငါတို့ကတော့ တွေ့ချင်တွေ့မှာပေါ့ ဟူသော စိတ်ဖြင့်  ရှာဖွေကြသူတွေမှာ တဖွဲ့ပြီး တဖွဲ့ ပေါ်လာနေမြဲ ဖြစ်၏။

      အခု  စံဖိုးစီနှင့် နက်ကျော်တို့ သူငယ်ချင်းနှစ်ဦးသည်လည်း ရှေးနည်းတူစွာ လောဘရမ္မက်ဖြင့် အန္တရာယ်တောကို စွန့်စားရှာဖွေရန် ထွက်လာခဲ့ကြခြင်းပင်။ သူတို့  နံနက် လေးနာရီထိုးလောက်ကတည်းက နားလိုက် ခရီးနှင်လိုက်နဲ့ ဇွဲနဘဲ ကြီးစွာ တက်လာခဲ့ကြသည်မှာ မိုးမခတောင်ပေါ်က တောနက်ထဲသို့ ရောက်ခဲ့ကြပြီ ဖြစ်လေ၏။

             ___________

အခန်း၂။

   " ဟေ့ကောင်  နက်ကျော် ၊ ငါတို့  ဒီလျိုထဲ ဆင်းကြည့်ကြမလား "

    စံဖိုးစီက  တောင်စောင်းတခု၏ နံရံတွင် တွယ်ကပ်ပေါက်နေသည့် နွယ်မျိုးသစ်ပင်တမျိုးဖြစ်သော ဒုံသမိနွယ်ပင်မှ အရွက်ဖါးဖါးတွေကို ဓါးဖြင့်ဝှေ့ရမ်းရင်း လှမ်းပြောလိုက်ခြင်း ဖြစ်သည်။ 

     နက်ကျော်က  ကွမ်းသွေးကို ပျစ်ခနဲ ထွေးလိုက်ပြီး၊ စံဖိုးစီ ပြသော လျိုစောက်အနီး လာကြည့်သည်။ လျိုမှာ အတန်ငယ်ပြေပြစ်၏။ ကျောက်သားနံရံများကို လက်ဖြင့် ထိန်းကိုင်၍ ဖြည်းဖြည်းချင်း ဆင်းလျင် အခြေကို ရောက်နိုင်သည်။ 

       သို့သော် အရွက်ဖါးပင်များ ဒင်းကြမ်းပေါက်ရောက်နေကြ၍ လျို၏ အခြေ မည်မျှ နက်မည်ကို သူတို့ နှစ်ဦးစလုံး မခန့်မှန်းနိုင်ကြချေ။ 

       နက်ကျော်က ကွမ်းရွက်ကို ထုံးသုတ်ရင်းနှင့် စံဖိုးစီကို အကြံဉာဏ် ပေး၏။

    " ကြိုးတော့ ပါလာတာပဲကွ။ ငါ့ခါးကို ချည်ပေးလိုက်လေ။ မင်း မဆင်းပါနဲ့။ ငါပဲ ရသလောက် ဆင်းကြည့်လိုက်မယ်။ မင်းက အပေါ်ကနေ ကြိုးကို အလိုက်သင့် မျောချပေးပေါ့  "

     နက်ကျော်သည် ထုံးသုတ်ထားသော ကွမ်းရွက်ထဲကို ကွမ်းသီးခြမ်းနှစ်စေ့လောက်ထည့်ပြီး ဆေးရွက်ကြီးကို ခပ်မှုန်မှုန်ခြေထည့်၏။ ပြီးသော် ကွမ်းယာကို ပါးစပ်ထဲ သွပ်တဲ့ပြီး၊ လွယ်ထားသော ပလိုင်းနှင့် ရေဘူး စတာတွေကို ဖြုတ်၍ တနေရာ၌ ပုံထားလိုက်သည်။ 

      သူ့ခန္ဓာကိုယ်တွင် အပိုဆိုလို့  ခါးကြား၌ ချိတ်ဆွဲထားသည့် တောသုံး ဓါးတချောင်းသာ ကျန်တော့သည်။ 

     စံဖိုးစီက သူ့တွင် ပါလာသော ခေါင်းဆောင်းဓာတ်မီးကို လှမ်းပေးရင်း ...

    " သတိနဲ့ ဆင်းနော် ယောက်ဖ။ တခုခုဆို ကြိုးကို ခပ်တင်းတင်းဆွဲလိုက် ၊ ငါ အားကုန် ဆွဲတင်လိုက်မယ် ... "

     နက်ကျော်က စံဖိုးစီပေးသော ခေါင်းစွပ်ဓာတ်မီးကို သူ့ခေါင်းမှာ စွပ်၍

     " အေးပါ ၊ သိပ်စိတ်ပူစရာ မလိုပါဘူးကွ။ လျိုထဲ ဘာတွေ့မှာမို့လို့လဲ ။ တွေ့ချင်းတွေ့ မြွေပဲ တွေ့မှာ ။ ဒီကောင်တွေက သူတို့ကို မထိရင် ဘာအန္တရာယ်မှ မပေးပါဘူး ၊ ကဲ  ... ဆင်းပြီဟေ့။ မင်းသာ အပေါ်မှာ ဂရုစိုက် ယောက်ဖ "

    နက်ကျော်က ပြောပြောဆိုဆို လျိုထဲကို စ၍ ဆင်း၏။  စံဖိုးစီက အနီးဆုံက ပင်စည် ခပ်တုတ်တုတ် သစ်ပင်တပင်မှာ ကြိုးကို တပတ် ပတ်ထားလိုက်သည်။ ကြိုးစတဖက်ကို နက်ကျော် ဆင်းသလောက် အလိုက်သင့် လျော့ပေး၏။ 

       နက်ကျော်  ကျောင်တောင်စွန်းတွေကို ကုတ်တွယ်ရင်း တဖြည်းဖြည်းချင်း ဆင်းသည်။ အချို့နေရာများမှာ နွယ်များ ပိတ်ဆီးနေသဖြင့် တောသုံးဓားကို ထုတ်၍ ခုတ်ထွင် ရှင်းလင်းရသည်။ အခြေကို လျောလျောရှုရှု ဆင်းရသည်မဟုတ်။ ထို့ကြောင့် မိနစ်နှစ်ခန့်ကြာမှ၊ လျို၏ အခြေကို လှမ်းမြင်ရလေ၏။

       အရွက်ဖါးပင်များ ဖုံးအုပ်နေသော လျို၏ အခြေသည် နေရောင် မတိုးပေ။ ထို့ကြောင့် အတန်ငယ် မှောင်နေ၏။ နက်ကျော်  လျို၏ အခြေက လင်းလက် လင်းလက် ဖြစ်နေသော အရာများကို ကြည့်၍ အံဩသွားသည်။

       ထိုအရောင်တောက်နေသော အရာတို့မှာ သူတို့ရှာနေသော ရွှေဒင်္ဂါးများတော့ မဟုတ်ပါ။ ဂမုန်းပင်ဟု ထင်ရသော အပင်တချို့၏ အပွင့်များသည် အမှောင်ထဲ၌ မီးစုန်း ထသလို လင်းလက်နေကြခြင်း ဖြစ်သည်။ 

     အပွင့်များဟု ဆိုရာ၌  အများကြီးကို မဆိုလို။ အလွန်ဆုံးရှိမှ ဆယ်ပွင့် ဆယ့်ငါးပွင့်ခန့်သာ။ 

      နက်ကျော်၏ ခေါင်းက ဓာတ်မီးရောင်ကို တွေ့ထိသော အပွင့်တို့မှာ ချက်ချင်း အရောင်မှေးမှိန်သွား၏။ ထိုအချင်းအရာကို နက်ကျော် သတိပြုမိသွားသည်။ 

       နက်ကျော် ခေါင်းပေါ်က ဓာတ်မီး ခလုတ်ကို ပိတ်လိုက်သည်။ ထိုအခါ  အပွင့်တို့သည် လင်းလက်လာကြပြန်၏။ 

       အပွင့်တို့ ထွက်ပေါ်နေသော မီးစုန်းဓာတ်မှာ  တပြေးတည်း တဆက်တည်း လင်းခြင်းမဟုတ်။ စက္ကန့်ပိုင်းမျှ ခြား၍ မှိန်သွားလိုက် လင်းလာလိုက် ဖြစ်နေသည်။ 

      နက်ကျော်သည် ထိုအပင်တို့အလယ်မှာ ထူးခြားစွာ ပျော်ရွှင်သလိုလို ဝမ်းနည်းလာသလိုလိုစိစိတ်သည် မတည်မငြိမ်နှင့် ဒွိဟခံစားလာရသည်။ တဆက်တည်း သူ့တကိုယ်လုံးသည်လည်း ချမ်းစိမ့်စိမ့် ဖြစ်လာ၏။ 

     အပင်မှ ပွင့်သော ပန်းပွင့်တို့သည် အရောင်မျိုးစုံ၏။ တချို့က ခရမ်းပြာ ၊ တချို့ နီစွေးစွေးနှင့် တချို့က ဝါတာတာ အလင်းရောင်တို့ကို ထုတ်လွှတ်နေကြသည်။ 

       နက်ကျော်သည် ခရမ်းပြာ အရောင်တောက်နေသော အပင်လေးအနီး လျှောက်သွားသည်။

        သူ့နှာဝကို အနံ့တခုက တိုးဝှေ့လာ၏။ထိုအနံ့မှာ နံသည်လည်းမဟုတ်။မွှေးသည်လည်းမဟုတ်။ အက်ဆစ်ပြင်း၏ ရနံ့ကဲ့သို့ စိမ်းရွှေရွှေ ရနံ့တခု ဖြစ်၏။ ထိုရနံ့ကို နက်ကျော် ရှုရှိုက်မိသည်နှင့် ၎င်း၏စိတ်သည် တုံ့ဆိုင်းဆိုင်း ဖြစ်လာ၏။

      ထိုအခိုက်မှာ လျိုထိပ်က စံဖိုးစီက 

      " ဟေး ... ယောက်ဖ။ အခြေကို ရောက်ပြီလားဝေ့။ အဲ့ဒီမှာ ဘာထူးလဲ ။ လေယာဥ်ပျက်ကို တွေ့ပြီလား ... "

      နက်ကျော်မှာ စံဖိုးစီစကားကို ကြားသော်လည်း ရှုရှိုက်မိသော ရနံ့ကြောင့် အသိမဲ့သူတယောက်မှာ ပြန်ဖြေခြင်း မရှိချေ။ 

နက်ကျော်သည် မီးစုန်းတောက်နေသော ခရမ်းပြာရောင် အပွင့်လေးရှိရာသို့ ဖြေးလေးစွာ သွားနေသည်။

    နက်ကျော်အား  ဂမုန်းပွင့်လေးက ဖမ်းစားသကဲ့သို့ ရှိနေသည်။ နက်ကျော်၏ အာရုံသည် ထိုခရမ်းရောင် တောက်ပနေသော ဂမုန်းပင်အနီးသို့ တလှမ်းချင်း လှမ်းသွားနေ၏။

     ဂမုန်းပင် အနီးရောက်သည့်အခါ နက်ကျော်သည် ဒူးထောက် ထိုင်ချလိုက်ပြီး၊ ပန်းပွင့်ဆီသို့ လက်လှမ်းလိုက်မိသည်။

     ပန်းပွင့်၏ အခြေကို သေချာမကြည့်ဘဲ ၊ လက်ဖြင့် ကိုင်လိုက်မိရာ၊ သူ့လက်ညှိုးသည် စစ်ခနဲ နာကျင်သွား၏။ လက်ညှိုးထိပ်မှ သွေးစက်အချို့သည် ဂမုန်းပွင့်ပေါ်သို့ ကျသွားလေ၏။ 

သူ လက်ကို ပြန်ရုတ်ပြီး အသေအချာ ကြည့်လိုက်တော့ သူ့လက်ညှိုးထိပ်မှ သွေးစက်တို့ ထွက်ကျနေ၏။ သူ ဂမုန်းပွင့်ကို အသေအချာ ကြည့်လိုက်ပြန်သည်။

        ဂမုန်းပွင့်သည် သူ့အပေါ်ကျလာသော သွေးစက်ကို စုပ်မြိုသွားဟန်တူ၏။ ဂမုန်းပွင့်ပေါ် ကျသော သွေးစက်တို့မှာ လုံးဝ မရှိတော့ချေ။ 

         နက်ကျော်သည် ထူးဆန်းသော ဖြစ်ရပ်ကြောင့် အံဩဘနန်း ဖြစ်နေရှာ၏။ သေချာအောင် သူ ထပ်မံ၍ စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ လက်ညှိုးမှ သွေးတို့ကို ထိုဂမုန်းပွင့်ပေါ်သို့ ညှစ်ထုတ်ပေးလိုက်သည်။

        စက်ခနဲ စက်ခနဲ သူ့လက်ညှိုးမှ သွေးစက်တို့သည် ဂမုန်းပွင့်အပေါ်သို့လည်းကောင်း၊ ဂမုန်းရွက်ချွန်ချွန်တို့အပေါ်သို့လည်းကောင်း ကျသွားလေ၏။

       ရှေးနည်းတူစွာပင် အရွက်နှင့် ပန်းပွင့်တို့သည် နက်ကျော်၏သွေးတို့ကို စုပ်မြိုသွား၏။

    ချောက်   ချောက်   ချောက်

      ထိုအခိုက် နက်ကျော်၏ အနောက်ဖက်မှ တချောက်ချောက်နှင့် လမ်းလျှောက်သံလိုလို ဘာလိုလို မသဲမကွဲ အသံတခု ထွက်ပေါ်လာ၍ နက်ကျော်သည် အနောက်သို့ လှည့်ကြည့်လိုက်မိသည်။

   " အား ... ဘာကြီးလဲ "

နက်ကျော် ထိတ်လန့်တကြား အော်ဟစ်လိုက်သော အသံသည် လျိုထိပ်သို့ပင် ပျံ့လွင့်သွားလေ၏။

     လျိုထိပ်မှ စံဖိုးစီမှာ နက်ကျော်၏ ကြောက်လန့်တကြား အော်သံကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ကာ အော်ဟစ် မေးလိုက်ပြန်၏။

    " နက်ကျော်   နက်ကျော် ၊ ဘာဖြစ်တာလဲ ယောက်ဖ။ ငါ အောက်ကို ဆင်းခဲ့ရမလား "

      စံဖိုးစီက စိုးရိမ်တကြီး အော်ဟစ် မေးပေမဲ့ အဖြေ ပြန်မလာချေ။ သို့ဖြင့် စံဖိုးစီသည် နက်ကျော်အတွက် ပိုမို စိုးရိမ်လာကာ ကြိုးကို အပေါ်ဆွဲတင်တော့လေ၏။

      သို့ပေမဲ့ သူကိုင်ထားသော ကြိုးသည် နက်ကျော် ပါမလာမှန်း သိလိုက်ရလေသည်။ အဘယ်ကြောင့်ဆိုသော ပေါ့ရွှတ်နေသောကြောင့် ဖြစ်သည်။

      အရူးတယောက်လို စံဖိုးစီက ကြိုးကို အပေါ်သို့ ဆွဲယူလိုက်ပေမယ့်  ကြိုးစတဖက်စွန်းသာ ပါလာ၏။ နက်ကျော်သည် သူ့ခါး၌ ချည်ထားသော ကြိုးကို အဘယ်ကြောင့် ဖြုတ်လိုက်သနည်း။ သူတို့ နှစ်ဦး နားလည်ထားသည်က ကြိုးကို မည်သို့သောအကြောင်းနဲ့မှ မဖြုတ်ရချေ။ ယခု  နက်ကျော်  ကြိုးကို ဖြုတ်လိုက်ပြီဆိုလေတော့ ...

 " နက်ကျော်   နက်ကျော် ၊ မင်း  အောက်မှာ ရှိသေးလား ။ ငါ့ကို တခုခု ပြန် ပြောပါအုံး "

    နက်ကျော်ထံမှ ပြန်ထူးသံ မကြားရ။ စံဖိုးစီ လျိုထဲသို့ ဆင်းရန် ဆုံးဖြတ်လိုက်သည်။

     စံဖိုးစီ  ခါးကြားက ဓါးကို ထုတ်၍ ပါးစပ်မှာ ကိုက်လိုက်သည်။ ပြီးလျင် ... ကြိုးကို သစ်ပင်မှာ အသေအချာချည်၍ လျိုထဲသို့ တွဲလောင်းခို ဆင်းသွားလေ၏။ 

      လျို၏ အခြေကို ရောက်လေပြီ။ ထူးဆန်းသော အရောင်ထွက်နေသည့် ဂမုန်းပင်လေးများကလွဲ၍ နက်ကျော်ကို ရှာမတွေ့ချေ။ စံဖိုးစီ မြင်တွေ့နေရသည်က အဝါရောင် တောက်တောက် ဂမုန်းပန်း၊ အနီရောင်ရဲရဲ ဂမုန်းပန်း နှင့် အခြားသော အရောင်တို့ ထွက်ပေါ်နေသော ဂမုန်းပန်းတို့သာ။ ခရမ်းရောင် ဂမုန်းပန်းကိုတော့ စံဖိုးစီ မတွေ့ရ၊ မမြင်ရတော့ချေ။ 

      ထိုအခိုက် သူ၏ အနောက်မှာ လူတယောက် ရောက်နေသည်ဟု စံဖိုးစီ ခံစားရ၍ ဓါးကို အသင့်ကိုင် အနေအထားဖြင့် နောက်သို့ ချာခနဲ လှည့်လိုက်သည်။

    " ဟင်! နက်ကျော် ... "

    သူ၏ အနောက်ဘက် ၇ပေခန့်အကွာမှာ နက်ကျော်သည် သူ့အား ရန်သူအလား စိမ်းစိမ်းကြီး ကြည့်နေသည်ကို မြင်လိုက်ရ၍ စံဖိုးစီ အံအားသင့်သွားသည်။

      နက်ကျော်၏ အမူအယာက သူစိမ်းပြင်ပြင်ပမာ။ သူ့အား အခုမှ တွေ့ဖူးသူကဲ့သို့ စိမ်းစိမ်းကြီး ကြည့်နေ၏။

   " ဟေ့ကောင်  နက်ကျော် ၊ ငါ မင်းကို အော်ခေါ်နေတာ ကြာပြီ။ မင်း  ဘာလို့ မထူးတာလဲ ။

      ငါ  မင်းအတွက် စိုးရိမ်ပြီး လျိုထဲကို ဆင်းလိုက်လာတာ "

      စံဖိုးစီ စကားကို နက်ကျော်က မဖြေ။ ကြောင်စီစီ လုပ်နေ၏။ စံဖိုးစီသည် နက်ကျော် တခုခု ဖြစ်နေသလားဆိုပြီး စိုးရိမ်လာသောကြောင့် ၎င်းအနီး တိုးကပ်သွားရင်း ...

    " နက်ကျော်  ယောက်ဖ ။ မင်း တခုခု ဖြစ်နေသလား ။ အကောင်တွေ ဘာတွေ ကိုက်  ကိုက် ...အ "

      စံဖိုးစီက  နက်ကျော်ကို အရင်လိုပဲ အောက်မေ့ကာ ဓါးကိုင်လက်ကို အောက်ချ၍  နက်ကျော်အနီး တိုးကပ်သွားလေမှ၊ 

နက်ကျော်က ရုတ်တရက်ကြီး သူ့လက်ထဲက ဓါးဖြင့် စံဖိုးစီရဲ့ လည်ပင်းကို ဓါးဖြင့် ဝှေ့ကာ လှီးလိုက်ခြင်း ဖြစ်သည်။

 " ဟင်  မင်း   မင်း  ... "

     စံဖိုးစီ လက်နှစ်ဖက်ဖြင့် သူ့လည်ပင်းက ဓါးဒဏ်ရာကို အုပ်ကိုင်ရင်း နက်ကျော်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်၍ လဲကျသွားလေ၏။

   နက်ကျော်ကား လဲကျသွားသော စံဖိုးစီအား ကြည့်၍ ချောက်ချားဖွယ်ရာ ကောင်းစွာ အော်ဟစ် ရယ်မောလိုက်လေ၏။

     " ဟား  ဟား  ဟား "

     အသေအချာ ကြည့်လျင် နက်ကျော်၏ ခါး၌ အိတ်ရှုံတလုံးကို ချိတ်ဆွဲထားသည်ကို မြင်ရမည် ဖြစ်သည်။ ထိုအိတ်ထဲ၌ လောဘသားတို့ ငမ်းငမ်းတက် လိုချင်နေကြသော ရွှေဒင်္ဂါးများ ပါရှိလေ၏။ 

       လျို၏ တဖက်စွန်းမှ စမ်းရေစီးသံကို ကြားနေရသည်။ နက်ကျော်သည် စံဖိုးစီ၏ သွေးငေါက်တောက် ပန်းထွက်နေသော လည်ပင်းကို ကြည့်၍ ဒူးထောက် ထိုင်ချလိုက်သည်။ 

      သူ၏ ဦးခေါင်းသည် တဖြည်းဖြည်း စံဖိုးစီ၏ လည်ပင်းအနီးသို့ ငုံ့လျိုးသွား၏။ နက်ကျော်သည် ယခုအခါ၌  လူ့သွေးကို ဆာနေသော မိစ္ဆာ တကောင်အသွင်သို့ ပြောင်းလဲ သွားလေပြီ ဖြစ်သည်။

                  ________

အခန်း၃။

      နားခဲရွာထဲရှိ စံဖိုးစီအိမ်၌ စံဖိုးစီ၏ မိန်းမနှင့် ကလေးနှစ်ယောက်သည် ခြုံးပွဲချ ငိုကြွေးနေကြသည်။ စံဖိုးစီ၏ အိမ်ဝိုင်းလေးထဲမှာ နားခဲကျေးရွာ သူကြီး ဦးစိန်ရိုးလည်း ရောက်နေသလို၊ အိမ်နီးချင်းအချို့လည်း အားပေးစကားပြောရန် ရောက်နေကြ၏။

     နားခဲရွာ သူကြီး ဦးစိန်ရိုး အနီးတွင် ကျားကုတ်ဒဏ်ရာများနှင့် နက်ကျော် ထိုင်နေ၏။ 

   " ဒီကောင်  ကျွန်တော့ကိုယ်စား ခံသွားတာဗျ ။ ကျွန်တော့ကို ကျားက ကုတ်ဖဲ့လိုက်တော့ စံဖိုးစီက ကျွန်တော့ကို တွန်းထုတ်လိုက်တယ်။

     အဲ့ဒီမှာ ကျွန်တော်က လျိုထဲ လိမ့်ကျသွားတယ်။ လျိုအောက် ရောက်တော့ ကျွန်တော့ခေါင်း ဘာနဲ့ တိုက်မိလဲ မသိဘူး။ သတိလစ်သွားခဲ့တယ်။ အပေါ်မှာ ကျားဆိုးနဲ့ သူနဲ့ တိုက်ခိုက်ရင်း ကျန်ရစ်ခဲ့တယ်ထင်ပါတယ်။ 

      ကျွန်တော် သတိရလို့ လျိုထဲကနေ အပေါ်ကို ခက်ရာခက်ဆစ် တက်ခဲ့တော့  သူ့ကိုရော ၊ ကျားဆိုးကိုပါ မတွေ့တော့ဘူး။ ကျွန်တော် တွေ့တာက သူရဲ့ ဘယ်ဖက် လက်တဖက်ပဲ မြေပေါ် ကျကျန်နေတာကို တွေ့လိုက်ရတယ်။ ကျားက သူ့ကို ချီသွားတယ် ထင်ပါရဲ့ဗျာ။

       တောက်! သူငယ်ချင်းရာ မင်းနေရာ ငါဖြစ်ရမှာကွ။ မင်းက မိသားစုနဲ့လေ။ ငါက တကောင်ကြွက်ပဲဟာ။ ငါ့ကို ဘာလို့ ကယ်ရတာလဲကွာ ..."

     နက်ကျော်က မေးကြောကြီးတွေ ထောင်ထလာသည်အထိ အံကိုတင်းတင်းကြိတ်ရင်း ထိုသို့ လိမ်ညာဟန်ဆောင်ပြောလေ၏။

      နက်ကျော်ရဲ့စကားကို နားခဲရွာသူကြီး ဦးစိန်ရိုးကစ ရွာသူရွာသားများအားလုံးက ယုံကြည်ပေးကြသည်။

      ယုံကြည်အောင်လည်း နက်ကျော်က ဟန်ဆောင်ကောင်း၏။ ကျားကုတ်သည့်ဒဏ်ရာတောင် အနာခံ၍ တုပလာခဲ့သည်။ ပြီးတော့ နက်ကျော်နဲ့ သေသွားသည့် စံဖိုးစီက သူငယ်ချင်းအရင်းကြီးတွေ။နားခဲရွာထဲ အမြဲတတွဲတွဲ ရှိတတ်ကြသည်။သောက်စားလည်းအတူတူ ၊ တောတက်လည်းအတူတူလေ။ ဟိုအရင်က ဒါမျိုး တခါမှ မဖြစ်ဖူးဘူးမဟုတ်လား။ ဒီတော့ နက်ကျော် စကားကို ယုံကြည်ကြသည်မှာ ဆန်းတော့ မဆန်းပေ။

နားခဲရွာ  သူကြီးဦးစိန်ရိုးက...

    " အေး   ငါက  ရွာထဲက လူငယ်တွေကို အမြဲပြောပါတယ်။ ဒီ မဟုတ်တန်းတရား ယုံတမ်းပုံပြင်တွေကို ယုံပြီး မိုးမခတောင်ကို မတက်ကြပါနဲ့။ လောဘ မတက်ကြပါနဲ့လို ခဏခဏ ပြောတယ်။ အခုကြည့်လေ။ မင်းတို့ ပြောနေတဲ့ လေယာဥ်ပျက်ကြီးပေါ်က ရွှေဒင်္ဂါးဆိုတာ ဘယ်မှာလဲ။ ဖျားနာပြီး ပြန်လာသူနဲ့ ။ အစာရေစာ ငတ်ပြတ်ပြီး ချိနဲ့သွားသူနဲ့ ။

     ဟောကြည့် ... အခု လူ့အသက်ပါ ပေးခဲ့ရပြီ။ ဒါ ဘာလဲဆိုတော့ မင်းတို့ကို လောဘက သတ်တာပဲ။ မတော်လောဘဆိုတာ အင်မတန်မှ ကြောက်စရာကောင်းသကွဲ့ ။ 

       စံဖိုးစီ သေတော့ သူ့မိန်းမနဲ့ ကလေးနှစ်ယောက်က ဒုက္ခဖြစ်ကျန်ရစ်ရတာပဲ အဖတ်တင်တယ်။ မတော်လောဘတွေကို ကိုယ့်အသိစိတ်နဲ့ကိုယ် လျော့ချကြဖို့ လိုပြီကွယ် ..."

     နားခဲရွာသူကြီး ဦးစိန်ရိုးမှာ အသက်ကြီးရင့်သူ ဖြစ်သည့်အတိုင်း ရင့်ကျက်သည့် ဆုံးမစကားကို ဆိုလေ၏။ 

     နားခဲရွာ သူကြီးဦးစိန်ရိုး စကားထဲတွင် မတော်လောဘ ဟူသော စကားပါလေရာ၊ နက်ကျော်က သူ့အား ပြောနေသဘိသို့ ၊ မလုံမလဲ ဖြစ်နေ၏။ ဒါပေမဲ့ ဘယ်သူကမှ သူ့ကို သတိမထားမိကြပါဘူး။ 

     နားခဲရွာ သူကြီး ဦးစိန်ရိုးက ပတ်တီးစည်းကျပ်ထားသော နက်ကျော်၏ ဒဏ်ရာများကို ကြည့်၍ ...

   " မင်း ဒဏ်ရာတွေက ဒီက ဆေးမြီးတိုနဲ့တော့ သက်သာမယ်မထင်ဘူး နက်ကျော်။ 

    မြို့က ဆေးရုံသွားပြီး ကုချေပါလား။ ဒါမှ အနာကျက်မြန်မယ်မဟုတ်လား "

   " ဟုတ် သူကြီး ၊ စံဖိုးစီရက်လည်ပြီးမှပဲ မြို့ကို သွားတော့မယ် ။ ကျွန်တော့သူငယ်ချင်းကို ကျွန်တော် ကုသိုလ် အမျှဝေချင်သေးတယ်"

    သူကြီး  ဦးစိန်ရိုးက မသက်မသာနဲ့ ဟင်းချသည်။ အင်းလေ သူ့သူငယ်ချင်းက သူ့ကို ကယ်ရင်း သေရတာဆိုတော့ သူလည်း ဒီလောက်တော့ လုပ်ချင်ရှာမှာပေါ့ဟု ဖြေတွေး တွေးပေးလိုက်၏။

     နက်ကျော်က  စံဖိုးစီမိန်းမ မြသီဘက်ကို လှည့်၍ ...

 " အားမငယ်နဲ့ မြသီ။ စံဖိုးစီ မရှိတော့ပေမယ့် ငါ  နင့်ကို နှမတယောက်လို အမြဲကူညီ ထောက်ပံ့ပေးသွားပါ့မယ်။ ငါ့မှာက နင့်ယောက်ကျား ပေးတဲ့ အသက်ပဲ ရှိတာမဟုတ်လား ..."

     ငိုနေပေမယ့် ကလေးနှစ်ယောက်မိခင် မြသီက ကပိုကရိုလေးနဲ့ လှနေတုန်းပင်။ မြသီ အသက်က ဘာရှိဦးမှာလဲ။ စံဖိုးစီထက် ၈နှစ်လောက်ငယ်သည်လေ။ အခုရှိလှ မြသီ အသက်က ၂၄နှစ်တောင် ပြည့်ပါဦးမလား မပြောတတ်။ 

      စံဖိုးစီက  မြသီကို အတော်လေးချစ်ရှာသည်။ ရိုးရိုးသားသားနှင့် လုပ်ကိုင်ကျွေးမွေးသူ ဖြစ်၏။ တောင်ယာခင်း အလုပ် မရှိလျင် တောတက်၍ မုဆိုး အလုပ်လုပ်၏။ အလုပ်ကို ရှာကြံ လုပ်တတ်သူဖြစ်သည်။ ရံဖန်ရံခါ  နက်ကျော်နှင့်တွဲ၍ သောက်စားတတ်သည်မှလွဲ၍  ကျန်တာ အပြစ်ပြောစရာ မရှိသူ ဖြစ်သည်။ 

      စံဖိုးစီက မြသီကို နှစ်ထပ်ပျဥ်ထောင်အိမ်လေးနဲ့ ထားနိုင်သူ ဖြစ်သည်။ ကိုယ်ပိုင် တောင်ယာခင်းလည်း သုံးလေးဧကလောက် ရှိ၏။ မနှစ်ကမှ ပိုလျံ၍ ကျွဲတရှဥ်း ဝယ်ယူ ပိုင်ဆိုင်ထားသည်မှာ မကြာသေး။ ယခုတော့ မြသီခမျာ အားကိုးအားထား ပြုရသည့် လင်သား မရှိတော့ချေ။

     ကျွဲဝယ်တော့၊ ရှိတဲ့ငွေက မလောက်။ ဒါနဲ့ မြသီက သူဝတ်ထားတဲ့ လက်ကောက်တရံအပြင် နားက နားကပ်ကိုပါ ချွတ်၍ ရောင်းပေးခဲ့၏။

      ဒါကို စံဖိုးစီက တဗျစ်တောက်တောက်နဲ့ ပြောလေ့ရှိ၏။

        " လေယာဥ်ပျက်ထဲက ရွှေဒင်္ဂါးတွေသာ ငါတို့ရလာရင်၊ မြသီအတွက် ရွှေလက်ကောက်တွေ၊ ရွှေဆွဲကြိုးတွေ ညွှတ်နေအောင်ကို ဆင်ပစ်အုံးမယ်။ 

       အခုတော့ ကြည့်ပါအုံး၊ ကျွဲတရှဥ်း ဝယ်လိုက်တာနဲ့ ငါ့မိန်းမလေး မြသီခမျာ နားပေါက် ဟောင်းလောင်း ဖြစ်ရရှာတယ် "

      မြသီ  ခုနေများ ကိုစံဖိုးစီ သူ့ရှေ့ရှိလျင် ပြောချလိုက်ချင်၏။

   " အော်  .. အစ်ကိုရယ် ၊ မြသီအတွက် ရွှေဆိုတာ မလိုပါဘူး။ မြသီ အနားမှာ အစ်ကိုသာရှိရင် ရွှေလည်း မဝတ်ရချင် နေပါစေ။

ကျွန်မ အတွက်တော့ အစ်ကိုက တန်ဖိုးဖြတ်မရတဲ့ ရတနာသိုက်ကြီးပါရှင် "

     ငိုနေတဲ့ မြသီကို ကြည့်၍ အားလုံးက ဂရုဏာသက်ကြသည်။ ဒါပေမဲ့ နက်ကျော်ရဲ့ မြသီအပေါ် ကြည့်သော အကြည့်ကတော့ ...။

     နက်ကျော်ရဲ့မျက်လုံးတွေက မြသီရဲ့ ကိုယ်ပေါ်မှာ။ မြသီရဲ့ ဖွံ့ဖြိုးတဲ့ ကိုယ်လုံးကို တပ်မက်စိတ်နှင့် ရမ္မက်ခိုးတွေ လျံနေလေရဲ့။ အော် ... လူယုတ်မာရဲ့ နုတ်ထွက်စကားကတော့ ' နှမလေးတယောက်ပမာ စောင့်ရှောက်ပါ့မယ် 'တဲ့။ ဒါပေမဲ့ နက်ကျော်ရဲ့ အတွင်းစိတ်ကိုသာ ဖတ်တတ်ခဲ့မယ်ဆိုရင် လူတွေက နက်ကျော်ကို ဘယ်လောက်တောင် ရွံရှာစက်ဆုပ်လိုက်ကြမလဲ။

      ဒါကြောင့်  အတွင်းစိတ် ကောက်တာကို လူတွေ မမြင်နိုင်ဘူးလို့ ဆိုကြတာကိုး။

      အခုနေ  မြသီနဲ့ ကလေးနှစ်ယောက် တာဝန်ကို ဘယ်သူ ယူနိုင်မလဲ မေးရင် ... ဘယ်သူက ယူနိုင်မှာတဲ့လဲ။ အဲ ... မြသီရဲ့ အလှအပကို ဝါးမြိုလိုသူကတော့ အချောင်ရရင် ယူမှာပေါ့။ ဒါပေမဲ့  အဲ့သလိုလူကလည်း ဘာအလုပ်အကိုင်မှ မယ်မယ်ရရ ရှိမှာမဟုတ်သလို၊ မြသီရဲ့ အိမ်နဲ့ခြံလေးကို မက်လို့ ဖြစ်မှာပဲလေ။ 

       သူကြီး ဦးစိန်ရိုးကတော့ ခုချိန်ခါမှာ ဘာမှ မပြောသေးဘူး။ လင်သေစ မုဆိုးမ ပူပူနွေးနွေးကို  စိတ်မရှုပ်စေချင်တဲ့သဘော။ ဒါပေမဲ့ သူကြီးဦးစိန်ရိုး စိတ်ထဲမှာ ရှိနေတာက ...

" အင်း ... ဖြစ်နိုင်မယ်ဆိုရင် နက်ကျော်က  မြသီတို့ မိသားစုကို ဆက်ပြီး တာဝန်ယူစေချင်တယ်။ 

      နက်ကျော်ရဲ့ မြသီအပေါ် အကြည့်တွေက တမျိုးပဲ။ ဒီကောင် မြသီအပေါ်   ရိုးမှရိုးရဲ့လား ။

        အို ... ငါဘာတွေ ရှောက်တွေးနေပါလိမ့်။ နက်ကျော်ကလည်း သူ့သူငယ်ချင်းအပေါ် တာဝန်ကျေချင်စိတ် ရှိမှာပါလေ။ 

        ရက်လည်အပြီး တလတန်သည် နှစ်လတန်သည် ရှိလေမှ၊ ငါ နက်ကျော်ရဲ့ သဘောကို တီးခေါက်ကြည့်တာ ကောင်းမယ်။ 

         နက်ကျော်ကသာ မြသီကို ချစ်တာကြိုက်တာမှန်ရင်တော့ မြသီတို့သားအမိအတွက် မပူရမပန်ရတော့ဘူးပေါ့။ 

        မြသီကတော့  ငါ့မိန်းမကို လေးစားတာပဲ။ ငါ့မိန်းမ ခင်ခင်ကြီးကို နားချခိုင်းရင် ရမယ်ထင်ပါရဲ့လေ ... "

      သူကြီးဆိုတာက ရွာရဲ့ အမိအဖပဲမဟုတ်လား။ အခု မြသီ ဒုက္ခရောက်နေပြီဆိုတော့ သူကြီးဦးစိန်ရိုးက မိဘနေရာက စဥ်းစားပေးတာ မလွန်ပါဘူး။ 

       နောက်တခုက  မြသီက သူကြီးဦးစိန်ရိုးရဲ့ မိန်းမ  ဒေါ်ခင်ခင်ကြီးနဲ့  အလွန်ရင်းနီး၏။ ပြောရမယ်ဆိုရင် ဆွေရိပ်မျိုးရိပ် မကင်းင်းဘူး။ ဒါကြောင့် မြသီက အရင်င်ကဆို သူ့အိမ်မှာ ဘာလုပ်လုပ် ဒေါ်ခင်ခင်ကြီးစီ လာပြီး တိုင်ပင်လေ့ရှိသည်။ ဒေါ်ခင်ခင်ကြီးကလည်း မြသီတို့အပေါ်  တူသားနောင်မယ်အရင်းအချာပမာ ဆုံးမသင့်သည်ကို ဆုံးမသလို ၊ ပေးကမ်းသင့့်သည်ကို ပေးကမ်း၏။ 

      တကယ်တော့  ဒေါ်ခင်ခင်ကြီးသည် နားခဲရွာသူမဟုတ်။ ကံကြီးကုန်းရွာသူ ဖြစ်၏။ မြသီလည်းည်း ကံကြီးကုန်းရွာကပင် ဖြစ်၏။

           နားခဲရွာသားတွေနဲ့ အိမ်ထောင်ကျ၍  နားခဲရွာသူများဖြစ်လာကြခြင်းပင်။ ကံကြီးကုန်းရွာဆိုတာက တစ္ဆေနိုင်ကိုရင်လေးဟု နာမည်ကျော်သော ကိုရင်နန္ဒိယ ရှိရာ ရွာဦးကျောင်းနှင့် ကပ်လျက်က ရွာဖြစ်၏။ 

       ဒါကြောင့်လည်း သူကြီးကတော်ဒေါ်ခင်ခင်ကြီးက  တရွာတည်းသားဖြစ်သည့် မြသီအပေါ် အထူးအလေးထား ချစ်ခင်ခြင်း ဖြစ်ဟန်တူ၏။ နောက်တခုက မြသီကလည်း  ဒေါ်ခင်ခင်ကြီးကို အမိအရာ၌ ထား၍  ဟင်းဦးဟင်းဖျား ပို့လေ့ရှိသည်။ 

      မြသီ အိမ်မှာ မုန့်တခုခုလုပ်ရင် ဒေါ်ခင်ခင်ကြီးထံ ဦးဦးဖျားဖျား ပို့တတ်သည်။ အခါကြီးရက်ကြီးများမှာလည်း ဦးစိန်ရိုးနှင့်ဒေါ်ခင်ခင်ကြီးတို့ကို သူတို့ တတ်နိုင်တာလေးတွေနှင့် မိဘများသဖွယ် အလေးထား ဂါဝရပြုကန်တော့တတ်ကြသည်။ ဒီတော့  သူကြီးကတော် ဒေါ်ခင်ခင်ကြီးက သိတတ်သော မြသီအပေါ်   အထူးတလည် ချစ်ခင်ရသည်။ 

      ရွာတွေမှာက  သူကြီးဆိုတာ အာဏာပိုင်ပဲ။ အဲ့ဒီတော့ သူကြီးကတော်ဆိုတာကလည်း အဲ့ဒီအာဏာကို တဝက်ပိုင်နေသလားပေါ့။ တချို့ဆို သူကြီးထက်တောင် သူကြီးကတော်ကို ကြောက်နေရတာမျိုး ရှိကောင်းရှိလေရဲ့။ 

      ဘာပြောပြော  မြသီကတော့ သူကြီးကတော် ဒေါ်ခင်ခင်ကြီးရဲ့ အစောင့်အရှောက်အောက်မှာ ရှိနေတာဆိုလေတော့ ၊ တော်ရုံလူကတော့  အနှောက်အယှက် ပေးရဲမယ် မထင်ပါဘူး။ 

       ကလေးနှစ်ယောက်အမေဆိုပေမယ့် ၊ မြသီရဲ့ အသက်က ငယ်သေးသည်။ ပြီးတော့ မြသီက သာမန် ရွက်ကြမ်းရေကြိုရုပ်ရည်ရှိသူမဟုတ်ဘူး။ 

       မြသီမှာ မိန်းမတို့မှာ ရှိသင့်ရှိအပ်တဲ့ အလှအပတရားတွေနှင့် ပြည်စုံစွာ လှပနေသူ ဖြစ်၏။ ပုရိသယောက်ကျားတို့ စွဲမက်ချင်စရာ အလှတရားတွေနဲ့ မြသီ။ 

      ဒါကြောင့်  အနီးဆုံးမိတ်ဆွေက ရန်သူ ဖြစ်နေလျင်တော့ ... မြသီရဲ့ ကံကြမ္မာဟာ တမျိူးတမည် ပြောင်းသွားနိုင်တာပေါ့ ။

      အင်မတန် ဟန်ဆောင်ကောင်းတဲ့ နက်ကျော်ကတော့ စံဖိုးစီရဲ့ ရက်လည်ဆွမ်းကပ်မှာ လိုလေးသေးမရှိ ကူညီညာလုပ်ကိုင်ပေးတဲ့အပြင်၊ ပိုက်ဆံပါ စိုက်ထုတ် အကုန်ကျခံသည်ဟု ဆို၏။ 

      ဒါ့အပြင် နက်ကျော်က စံဖိုးစီကို အမျှဝေ ၊ ရေစက်ချတော့ မြသီနဲ့အတူ ယှဥ်တွဲ ရေစက်ချတာ မင်္ဂလာဆွမ်းကပ်နေသလားတောင် အောက်မေ့ရပါသတဲ့။ 

       အဲ့ဒီနောက်ပိုင်းမှာ နက်ကျော် မြို့တက်ပြီး၊ ဆေးကုသရန် ထွက်သွားခဲ့သည်။ မြို့က ပြန်လာတော့ မြသီနဲ့ ကလေးတွေအတွက် အဝတ်အစားတွေ၊ စားစရာတွေ၊ ကလေးကစားစရာတွေ တပွေ့တပိုက်ကြီးနဲ့ ပြန်လာသည်ကို ရွာထဲက လူတွေက မြင်ကြရ၏။

       နက်ကျော်က နဂိုကတည်းက လူပျို တကောင်ကြွက်။ သူ့မလည်း စုဆောင်းထားတာ ရှိမှာပေါ့ဆိုတဲ့ အတွေးကလွဲပြီး၊ နက်ကျော်အပေါ် ဘယ်သူကမှ သံသယမဖြစ်မိကြဘူး။

      ဒါပေမဲ့ နက်ကျော်အပေါ် စိတ်ဝင်တစား စောင့်ကြည့်နေသူ တဦးကတော့ ရှိပါ၏။ အဲ့ဒါကတော့ တခြားသူ မဟုတ်ပါဘူး။ သူကြီးကတော် ဒေါ်ခင်ခင်ကြီးပဲ ဖြစ်ပါ၏။ သူကြီးဦးစိန်ရိုးက နက်ကျော်နဲ့ မြသီကို ညားစေချင်တယ်လို့ ပြောတာကြောင့် ၊ ဒေါ်ခင်ခင်ကြီးက နက်ကျော်ရဲ့ ပုံသဏ္ဍာန်အမှန်ကို စပ်စုနေတာ ဖြစ်လိမ့်မည်။  

     မင်းနားတထောင်လို့ ဆိုရိုးရှိတယ်မဟုတ်လား။ ဒေါ်ခင်ခင်ကြီး အပေးအကမ်း ရက်ရောတဲ့ သူကြီးကတော်အဖို့ သတင်းပေးဆိုတာ ထူးပြီး မွေးထားစရာမှ မလိုတာ။ 

       မျက်နှာလိုအားရနဲ့ သတင်းလာပေးကြသူတွေက ဒုနဲ့ဒေးလေ။ အဲ့ဒီလို သတင်းတွေကို မှန်၏ မမှန်၏ ခွဲခြားစိပ်ဖြာဖို့တာဝန်ကတော့ ဒေါ်ခင်ခင်ကြီးရဲ့ ဉာဏ်ပညာပေါ်ပဲ မူတည်တော့တာပေါ့။ 

(ဆက်ရန်)

#lotaya_shortstory




Some text some message..