ချစ်ခြင်းထက်သာလွန်၍ _ အပိုင်း ( ၄ )
lotaya.mpt.com.mm
|
2022-05-22

ခြံထဲရှိဒန်းလေးပေါ် နှစ်ယောက်အတူထိုင်ရင်းမှ ခါတိုင်းလို စကားတွေမပြောနိုင်ပဲ တိတ်ဆိတ်နေကြတာမို့ လရိပ် သက်ပြင်းချမိသည်။ သူ့ကိုမကြည့်ပဲ ရှေ့ကိုသာ တွေတွေလေးငေးကြည့်နေသည့် ညီမလေးမျက်နှာတွင် ဝမ်းနည်းရိပ်က ထင်းနေသလို ညကတစ်ညလုံး သူလဲ အခန်းအပြင်မှာ ငုတ်တုတ်ထိုင်ကာ လိုက်ချော့ရင်း မအိပ်ရပါ။

" ညီမလေး...... "

" ကိုကို ဘာမှမပြောပါနဲ့။ "

လရိပ် ရင်မောသွားရသလို ညီမလေးလက်တစ်ဖက်ကို အသာဆုပ်ကိုင်လိုက်ရင်း .....

" ကိုကိုတို့ မခွဲရပါဘူး......ကျောင်းမှာလဲ တွေ့လို့ရတယ်။ ကျောင်းပြီးလဲ အမြဲတမ်း ကိုကိုလာတွေ့မှာပေါ့။ "

" ဒီအိမ်ကြီးမှာ ချစ်ချစ် တစ်ယောက်ထဲ ကျန်မနေခဲ့ချင်ဘူး။ "

" ညီမလေး  ဘယ်တော့မှတစ်ယောက်ထဲ မဖြစ်စေရပါဘူး။ ကိုကိုက...."

လရိပ်ဆီမှ စကားမဆုံးခင်မှာပင် မျက်ရည်တွေဝေ့သီနေလျက် သူ့ဘက်ငဲ့ကြည့်လာသည့် သူမလေး။ ခပ်အေးအေးလေး ပြုံးရင်း တည်ငြိမ်စွာ မေးလာသည့် မေးခွန်းဟာ သူ့ရင်ကို အစိမ်းလိုက်သတ်၏။

"  ကိုကို့အတွက် ချစ်ချစ်ကို ထားရစ်ခဲ့ဖို့ အဲ့လောက်လွယ်သလားဟင်။ "

လရိပ်နှုတ်ခမ်းတို့တင်းတင်းစေ့သွားရင်းမှ ထိုမေးခွန်းကို ဖြေရန်အင်အားမဲ့သွားရသည်။ မေးရက်လိုက်သည့်ဖြစ်ခြင်းမှာ သူ့ရင်ထဲမှ စကားတို့အား မြိုသိပ်လွန်းရသဖြင့် ရင်ထဲပင်စို့တက်လာသည်အထိ။ ကိုကို မခွဲခွာနိုင်ဆုံးလူဟာ ညီမလေးပါ။ သေရမယ်ဆိုတောင် မရမကဖက်တွယ်ပြီး ညီမလေးအနားပဲနေချင်တဲ့လူကိုမှ ရက်ရက်စက်စက် မေးရက်နိုင်လွန်းသည်။

လရိပ် အားတင်းပြုံးလိုက်ရင်းမှ.....

" ကိုကို့ အတွက် ညီမလေးထက်ပိုပြီး အရေးပါတဲ့သူ မရှိဘူး။ သေရင်တောင်လေ ညီမလေးအနားပဲ ကပ်တွယ်နေမယ့်လူပါ။ ဘယ်တော့မှ ဒီမေးခွန်းကို ထပ်မမေးပါနဲ့။ "

အင့်ခနဲရှိုက်ငိုသည့် ချစ်ချစ်ကိုယ်လေးကို ကိုကိုက အသာထွေးဖက်ထားပေးရှာသည်။ ခွဲရမည်ဆိုသည့် အသိက လက်မခံနိုင်စွာ ခါးသီးလွန်းတာမို့ ချစ်ချစ် ကြောက်သည်။ ဒီအိမ်ကြီးထဲ ကိုကိုမရှိပဲ ဘယ်လိုနေရပါ့မလဲ။ နှစ်နဲ့ချီသော စားအတူ သွားအတူ သံယောဇဥ်တွေဟာ ကိုကိုမရှိသည့်အချိန် ချစ်ချစ်ကို တတိတိတရိရိ သတ်လိမ့်မည်။

-----------------------

ဒေါ်ခင်မမ ဒေါသအရမ်းထွက်လွန်းတာမို့ မျက်နှာက တင်းမာခက်ထန်၍ ကြောက်မက်ဖွယ်ပင်ဖြစ်နေ၏။ ဒေါ်ကြီးမေလဲ မျက်နှာမကောင်းသလို လရိပ်လဲ နေရခက်တာ အမှန်ပင်။

" ပြောနေတယ်လေ.....ကွာရှင်းစာချုပ်ကို ဘယ်သူဖြဲပစ်လိုက်တာလဲလို့။ "

အံဆွဲထဲသိမ်းထားသည့် ကွာရှင်းစာချုပ်။ အသင့်ကြိုဝယ်ထားခြင်းဖြစ်သလို မနက်ဖန် တရားဝင်ကွာရှင်းတော့မည်မို့ ထိုလုပ်ရပ်ဟာ ဒေါသူပုန်ထချင်စရာပင်။ အသစ်ဝယ်လို့ရပေမယ့် ကိုယ့်သဘောထားကို မခန့်လေးစား ပြက််ရယ်ပြုခံရသည်မို့ ပိုစိတ်တို၏။

" ဘာဖြစ်နေကြတာလဲဟင်.....ကိုကို့ ဘာဖြစ်လို့လဲ ။ "

အပြင်မှပြန်လာသည့် ချစ်ချစ်က ဧည့်ခန်းထဲမှ ထူးဆန်းသည့် အနေအထား အရိပ်အငွေ့ကြောင့် ဝင်မေးမိသည်။ ကိုကို့ကိုကြည့်တော့လဲ လက်နှစ်ဖက်နောက်ပစ်ကာ ခေါင်းငုံ့ထားရင်း မျက်နှာကမကောင်း။

" နင် လုပ်တာ မဟုတ်လား လရိပ်။ နင့်အဖေနဲ့ ငါ ကွာရှင်းရင် နင်ခွေးဖြစ်မှာစိုးလို့ မဟုတ်လား။ ဒီအိမ်ပေါ်က ဆင်းရမှာစိုးလို့မဟုတ်လား.....ပြောစမ်း နင်က ဘာကောင်မို့လဲ ။ "

ကိုကို့ အင်္ကျီကော်လံစကို ဆောင့်ဆောင့်ဆွဲရင်း မညှာမတာပြောဆိုနေတာမို့ ချစ်ချစ် ကပျာကယာဝင်ဆွဲရသည်။ ကိုကို မျက်နှာမကောင်းတော့တာ ချစ်ချစ်သိသည်။

" မေမေ့.....မေမေ့ ဘာလုပ်တာလဲ။ ကိုကို့ကို မလုပ်ပါနဲ့.... "

" ညည်းဖယ်စမ်း ချစ်ချစ်......ငါ မေးနေတယ်လေ လရိပ်။ ကွာရှင်းစာချုပ် ကို နင်ဖြဲပစ်တာမဟုတ်လား။ "

ချစ်ချစ် ကိုကို့ရှေ့မှ အတင်းပိတ်ရပ်ပစ်သလို ကိုကို့ပုံစံကလဲ စိတ်ထိခိုက်နေပုံ အထင်းသား။

" ကျွန်တော် မလုပ်....."

" ချစ်ချစ်လုပ်တာ......မေမေ့ ကွာရှင်းစာချုပ်ကို ချစ်ချစ်ဖြဲပစ်တာ။ "

ဒေါ်ခင်မမ ဟင်ခနဲ ဖြစ်သွားသလို လရိပ်ပါ တအံ့တသြ။ ညီမလေးအကြောင်း သူအသိဆုံးပင်။ သူ့အမေကို ချစ်သလောက် ကြောက်လဲကြောက်သည့် မိန်းကလေး။ ကလန်ကဆန်တစ်ခါမှ မလုပ်သလို သူ့အမေစိတ်ချမ်းသာလျှင် ကျေနပ်နေသည့် သူပင်။

" ချစ်နှင်းဆီ..... နင် ဘာပြောလိုက်တာလဲ။ "

ချစ်ချစ် အံလေးတင်းခနဲကြိတ်မိရင်းမှ မေမေ့ကို ငေးကြည့်မိသည်။

" ချစ်ချစ် မေမေ နောက်အိမ်ထောင်ပြုမှာ လက်မခံဘူး။ မကွာရှင်းစေချင်ဘူး.......ချစ်ချစ် ကိုကိုနဲ့လဲ မခွဲနိုင်ဘူး......ဒါကြောင့် ဖြဲပစ်တာ။ ချစ်ချစ် မေမေ့အခန်းထဲဝင်ပြီး စုတ်ဖြဲပစ်တာ....."

" ချစ် နှင်း ဆီ.....ညည်း..."

! ဖြန်းးးး!

" ညီမလေး..... "

လရိပ် ပါးတစ်ဖက်ထူပူသွားရသလို မျက်စိလေးစုံမှိတ်ပစ်သည့် ချစ်ချစ်မှာ ပါးပြင်ပေါ် ကျမလာသည့် ရိုက်ချက်​ကြောင့် မျက်စိပြန်ဖွင့်ကြည့်တော့ ချစ်ချစ်ရှေ့မှ ဝင်ခံထားသည့် ကိုကို့ကို မြင်ပြီး မျက်ရည်တွေစီးကျလာရသည်။

" မလုပ်ပါနဲ့ အန်တီရယ်......ညီမလေးအပြစ်မဟုတ်ပါဘူး။ ကျွန်တော်..... ကျွန်တော် လုပ်တာပါ။ ညီမလေးက ကျွန်တော်အဆူခံရမှာစိုးလို့ သူလုပ်တယ်ပြောတာ။ "

ဒေါ်ခင်မမ ခပ်မဲ့မဲ့ပြုံးလိုက်မိသလို လရိပ်အား မကြည်သလိုစိုက်ကြည့်ရင်းမှ.....

" ငါ သိပြီးသား.....ငါ့သမီးက ဘယ်တော့မှ ငါ့ကို ကလန်ကဆန် မလုပ်တတ်ဘူး။ နင်တို့သားအဖ မနက်ဖန်ဆင်းဖို့ပြင်ထား။ "

" မဟုတ်ဘူး.....ကိုကို့...."

လရိပ် ခေါင်းခါယမ်းပြလိုက်ရင်းမှ ညီမလေးလက်ကို အသာဆုပ်ကိုင်ဖျစ်ညှစ်လိုက်၏။ အပြင်ထွက်သွားသည့် ဒေါ်ခင်မမကို ငေးကြည့်ရင်း သက်ပြင်းချမိစဥ် သူ့ပါးတစ်ဖက်ကို ဖွဖွလေးအုပ်ကိုင်လာသည့် ညီမလေး။

" ချစ်ချစ် တောင်းပန်ပါတယ်..... အဟင့်....အင့် "

" ကိုကို မနာပါဘူးဗျာ။ တော်သေးတယ် ကိုကို့ညီမလေး ရိုက်မိပြီလားလို့ လန့်သွားတာ။ "

ဥယျာဥ်မှူးဆိုတာ သူပျိုးတဲ့ပန်းကို စောင့်ရှောက်ကြတာ ဓမ္မတာပါပဲ။ ကိုကို့ညီမလေးက နှင်းဆီပန်းဆို ကိုကိုက နှင်းဆီဆူးအဖြစ် ရှိပေးရမှာပေါ့။ခုအချိန်မှာ ဘာကိုအကြောက်ဆုံးလဲလို့ မေးလာခဲ့ရင် မနက်ဖြန်ရောက်မှာ အကြောက်ဆုံးပါပဲ။

@@@@@@@@@@

ချစ်ချစ် အဝတ်အစားတွေသိမ်းနေသည့် ကိုကို့ကို အခန်းပေါက်ဝမှ ချောင်းကြည့်ရင်း ပါးပြင်ပေါ် မျက်ရည်တို့က စီးကျလာရသည်။ ကိုကိုက ချစ်ချစ်ကို တကယ်ထားသွားတော့မည်ပဲလေ။ ခိုးကြည့်နေစဥ်မှာပင် ရုတ်တရက် ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည့် ကိုကို။

ဘုရားရေ.....ကိုကို ငိုနေသည်ပဲ။

ချစ်ချစ်ရှေ့မှာ မျက်နှာမကောင်းရုံကလွဲ မျက်ရည်ပင်မကျပေမယ့် ခုကျ ကိုကိုငိုနေသည်။ ငေးကြည့်နေရင်းမှ ချစ်ချစ်အသံမထွက်အောင် ပါးစပ်လေးအား လက်နှစ်ဖက်ဖြင့် ပိတ်ကာ အသံတိတ်ရှိုက်မိ၏။

မငိုပါနဲ့ ကိုကိုရယ်.....။

ချစ်ချစ်လေ ကိုကို့ကို အရမ်းချစ်တာ။ ကိုကို စိတ်ဆင်းရဲနေတာ မမြင်ချင်ဘူး။ ကိုကို ဝမ်းနည်းနေမှာ မကြိုက်ဘူး။ ချစ်ချစ် အလိုက်သိရမှာပေါ့။ ကိုကို နောက်ဆံတင်းအောင် ချစ်ချစ် ဘယ်လုပ်လို့ရမလဲ။

ပါးပြင်မှ မျက်ရည်စတွေကို လက်ဖဝါးလေးဖြင့် ဆွဲသုတ်ပစ်ရင်းမှ အသက်ကိုဝဝရှူကာ အားတင်းပြုံးလိုက်၏။

" ကိုကိုရေ...... ကိုကို "

ဟင်....။

လရိပ် မျက်ရည်စတွေအား ကပျာကယာသုတ်ပစ်ရင်းမှ စာကြည့်မျက်မှန်ကို ကောက်တပ်လိုက်သည်။ သူ့အနားရောက်လာသည့် ညီမလေးပုံစံက မျက်မှောင်လေးကျူံ့ရင်းမှ သူပြင်ဆင်ထားသည်ကို လိုက်ကြည့်ကာ သူ့ဘက်လှည့်၍ ခေါင်းလေးခါယမ်းလာ၏။

" ထင်တယ်.....ထင်တယ် ချစ်ချစ်မလုပ်ပေးရင် ကိုကိုအဆင်ပြေမှာမဟုတ်ဘူး။ မလျှော်ရသေးတဲ့ အင်္ကျီတွေဘာလို့ထည့်ထားတာလဲ ကိုကိုရဲ့။ ထားခဲ့....ချစ်ချစ် လျှော်ဖွတ်မီးပူတိုက်ပြီးမှ ကျောင်းရောက်ရင်ပေးမှာပေါ့။ "

" ဟင်.....ဒါပေမယ့် ညီမလေးမှမလျှော်တတ်တာ။"

" ကဲ....ကိုကို ခံပြောနေပြန်ပြီ။ "

ခါးလေးထောက်ရင်း နှုတ်ခမ်းစူကာ ရန်တွေ့လာတော့ လရိပ်ပြုံးမိသွားသည်။ သူမလေးအလိုကျ ခေါင်းငြိမ့်ရင်း တချို့အင်္ကျီတွေပြန်ထုတ်ရသည်။ သူ့ကို လာကူသိမ်းပေးနေသည်အား အရိပ်တကြည့်ကြည့် ငေးကြည့်ရင်း ကိုယ်တိုင် ရင်ထဲက ဝမ်းနည်းမှုကို မြိုသိပ်ထားရသည့်အဖြစ်ဟာ အင်မတန် ပင်ပန်း၏။

တစ်ယောက်အတွက် တစ်ယောက်ထိန်းသိမ်း မြိုသိပ်ထားရတဲ့ နာကျင်မှုတွေဟာ ခက်ခဲပင်ပန်းသည့်တိုင် ကျေနပ်ကြည်ဖြူပါသည်။ သူထင်ပါသည်.....ချစ်တယ်ဆိုသော ဝန်ခံမှုမှာ အလုံးစုံသော ဝေဒနာအရပ်ရပ်ကို လက်ခံနိုင်ရလိမ့်မည်။

-----------------------

ကွာရှင်းစာချုပ်ကိုယ်စီယူ၍ ကားပေါ်မှဆင်းလာကြသော ဦးမင်းရိပ် နှင့် ဒေါ်ခင်မမ။ ဧည့်ခန်းထဲတွင် ထိုင်နေသည့် ချစ်ချစ်မျက်နှာလေးက စိုးရွံ့သလို ငေးကြည့်နေစဥ် အပေါ်ထပ်မှ အထုပ်ဆွဲကာ လေးပင်သော ခြေလှမ်းတွေဖြင့် ဆင်းလာသော လရိပ်။

" သွားရအောင် သား။ "

လရိပ်အကြည့်က မျက်နှာငယ်လေးဖြင့် ထိုင်နေရာမှ မတ်တပ်ထရပ်လာသည့် ချစ်ချစ်ဆီ ဝေ့သီရောက်လာရ၏။ ချစ်ချစ် ရင်ထဲ တလှပ်လှပ် တုန်ယင်လာရသလို အားတင်းပြုံးကာ ကိုကို့အနား လျှောက်လာခဲ့၏။

" မနက်ဖြန် ကျောင်းရောက်မှတွေ့ကြမယ်နော် ကိုကို။ "

လရိပ် ခေါင်းငြိမ့်ပြမိရင်း ကြေကွဲရိပ်သမ်းနေသည့် မျက်နှာအား မနည်းဟန်ဆောင်ထိန်းချုပ်နေရ၏။ ရင်တစ်ခုလုံး တင်းကြပ်နေကာ သူ့အား ငေးကြည့်နေသည့် မျက်နှာလေးအား ကျောခိုင်းလိုက်သည်နှင့် ရင်ထဲက နင့်ဆင်းသွားရ၏။ ဝေ့သီနေသော မျက်ရည်စတွေကြားကနေ အငှားကားပေါ်  ဦးမင်းရိပ်နဲ့အတူတက်သွားသည့် ကိုကို။ လရိပ်ပြန်မကြည့်မိအောင် ထိန်းထားရင်းမှ အိတ်ကိုဆွဲကိုင်ထားသည့်လက် ကျစ်နေအောင် ဆုပ်ထားသည်မို့ သွေးကြောတွေပင် ထောင်ထနေရသည်။

ခြံလေးထဲမှ ကားထွက်သွားသည်နှင့် ချစ်ချစ်ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာရသလို အင့်ခနဲ ရှိုက်ကာ နေရာမှာတင် ခွေကျသွားရ၏။ နှုတ်ခမ်းပါးလေးက တဆတ်ဆတ်တုန်နေရင်းမှ မျက်ရည်ပေါက်ကြီးငယ် ကျကာ အခုမှ ငိုကြွေးတော့သည်။

" သမီးလေး ချစ်ချစ်.....မငိုပါနဲ့ကွယ် ။ "

ချစ်ချစ်အနားရောက်လာသည့် ဒေါ်ကြီးက ချစ်ချစ်ပခုံးလေးမှ ကရုဏာသက်စွာ ထွေးဖက်ထားပေးရှာသည်။

" ကိုကို.... ကိုကို စိတ်မကောင်းဖြစ်မှာစိုးလို့ မငိုရဲဘူး ဒေါ်ဒေါ်ရယ်.....ငိုပါရစေ....ချစ်ချစ် ငိုပါရစေ။ ကိုကို မရှိပဲ ဒီအိမ်ကြီးမှာ ချစ်ချစ်ကျန်ခဲ့ပြီ......အထီးကျန်တယ် ဒေါ်ဒေါ်ရဲ့.......ချစ်ချစ် ကြောက််တယ် "

" အိုအေ......ဘာမဟုတ်တဲ့ ကောင်ကိုများ။ အဲ့ဒါ ညည်းအစ်ကိုအရင်းလဲ မဟုတ်ဘူး။ အနေအထိုင်ဆင်ခြင်နော် ချစ်နှင်းဆီ..... ပတ်ဝန်းကျင် တံတွေးခွက်ထဲ ပက်လက်မျောချင်သလား။ "

အပေါ်ထပ်မှ ဆင်းလာကာ စီးကရက်ကို ဖွာရှိုက်ရင်းမှ ဆူပူလာသည့် မေမေ့ကြောင့် ချစ်ချစ် မျက်ရည်အဝဲသားဖြင့် ခေါင်းလေးငုံ့ချမိ၏။ မေမေကတော့ ပြုံးပျော်နေတာပဲနော်......ချစ်ချစ်မှာတော့ ရင်ကွဲမတတ်ပါပဲ။

" ညကျရင် ညည်းဒက်ဒီလေးနဲ့ မိတ်ဆက်ပေးမယ်။ ခု သွားခေါ်လိုက်ဦးမယ်။ "

ကားပေါ်တက်ကာ ထွက်သွားသည့် မေမေ့ကို ငေးကြည့်ရင်းမှ ချစ်ချစ် ဝမ်းပန်းတနည်း ရှိုက်ငိုကာ ဒေါ်ကြီးရင်ခွင်ထဲ မျက်နှာအပ်ကာ ငိုကြွေးမိသည်။ ထိုနေ့ညကပင် မေမေဟာ သူ၏ ခင်ပွန်းအဖြစ် ကိုကို့အရွယ်ထက် အနည်းငယ်သာကြီးသော လူတစ်ယောက်အား ချစ်ချစ် ဒက်ဒီအဖြစ် မိတ်ဆက်ပေးခဲ့သည်။

ထိုနေ့မှစ၍ သည်အိမ်ကြီးဟာ ချစ်ချစ်အတွက် မလုံခြုံဆုံးနေရာဖြစ်ခဲ့ပါသည်။

@@@@@@@@@@@

ခုနှစ် နှစ်ကြာပြီးနောက်.......

Tasure Hotel.....

ဟိုတယ်၏ Reception တွင် ထိုင်နေသော မိန်းကလေးဝန်ထမ်းနှစ်ယောက်မှာ ခါးလေးကိုင်းရင်း ဝင်လာသည့်သူဌေးအား ကြိုဆိုကာ အကြည့်က သူဌေးနောက်ကွယ်မှ စာရွက်စာတမ်းတွေကိုင်ရင်း ပါလာသည့် လူရွယ်ဆီရောက်သွားကြသည်။ အညိုရောင်ရှပ်အင်္ကျီလက်ရှည်ကို လက်ခေါက်ဝတ်လျက် ခပ်နွမ်းနွမ်းဘောင်းဘီရှည်ဖြင့် တွဲဝတ်ထားသည့်တိုင် ခပ်မြင့်မြင့်အရပ်အမောင်း ကျယ်ပြန့်သောပခုံးကြောင့် ကြည့်လို့ကောင်းသလို ပါဝါမျက်မှန်အောက်မှ ဖြောင့်စင်းသောနှာတံ ပိရိသေသပ်သော နှုတ်ခမ်းအစုံက လိုက်ဖက်စွာ မျက်နှာအား ရှင်းသန့်နေစေသည်။

" လရိပ်....... "

" ဗျာ ဘောစ့်...."

" အစည်းအဝေးပြီးရင် စက်ရုံသွားမလို့ ပြင်ထားတယ် မဟုတ်လား။ "

" ဟုတ်ကဲ့ ဘောစ့်.......တန်းသွားမှာပါ။ လစာပါတစ်ခါထဲ ရှင်းပေးခဲ့ပါမယ်။ "

သူ့အပြောကို သူဌေးဦးဗညားက ခေါင်းငြိမ့်လာရင်းမှ အိတ်ကပ်ထဲက စာအိတ်နှစ်အိတ်အားထုတ်ပေးလာသည်။

" တစ်ခုက မင်းလစာ......နောက်တစ်ခုက ဘောက်ဆူး။ စက်ရုံကပဲ အလုပ်တန်းဆင်းလိုက်။ "

လရိပ် လက်နှစ်ဖက်ဖြင့် တရိုတသေလှမ်းယူကာ ခါးလေးညွှတ်ရင်းမှ.....

" ကျေးဇူးပါ ဘောစ့်။ "

လရိပ် အစည်းအဝေးခန်းထဲ သူဌေးနောက်မှ လိုက်ဝင်လာသလို ညီမလေးအား အပြန်ကျ မုန့်လိုက်ကျွေးရန် ကြိုစဥ်းစားကာ ပြုံးမိသွားရသည်။ ညီမလေးတို့အိမ်က ထွက်လာပြီးနောက်ပိုင်း သူနဲ့အဖေ အရင်အိမ်မှာပဲ ပြန်နေကြသည်။ ကျောင်းတက်တိုင်း ညီမလေးကို တွေ့ရတာအဆင်ပြေပေမယ့် ညီမလေးကတော့ အတော်စိတ်ဆင်းရဲလာရ၏။

ဒေါ်ခင်မမ၏ နောက်ယောကျာ်းဖြစ်သူဟာ ညီမလေးကို အမြဲရိသဲ့သဲ့လုပ်တတ်သလို ကျားချောင်းချောင်းနေတတ်တာမို့ သူ ပြန်ကြားသိတိုင်း စိတ်ပူရသည်။ ထိုနှစ်က ဆယ်တန်းဖြေပြီးသည်နှင့် သူအလုပ်ထွက်လုပ်ကာ အဝေးသင်သာယူခဲ့၏။ ဒေါ်ကြီးနဲ့ပဲ အမြဲအတူအိပ်ခိုင်းနေရသည့် ညီမလေးကို စိုးရိမ်တကြီး သွားသွားကြည့်သည့်အခါတိုင်း ထိုလူနဲ့ သူ ပြဿနာတက်ရမြဲပင်။

----------------------

ချစ်ချစ် ကိုကို့ဆီမှ အထုပ်တွေကို ယူကြည့်မိတော့ ဂါဝန်လှလှလေးတွေ သုံးလေးထည်မို့ အံ့သြသွားရသည်။

" ကိုကို့...."

" ကိုကို ဒီနေ့ လစာထုတ်တယ်လေ။ ဘောက်ဆူးလဲရတယ်။ ညီမလေးဝတ်ရင် အရမ်းလှမှာ။ မုန့်လဲ လိုက်ကျွေးမယ်ဗျာ။ "

ချစ်ချစ် သက်ပြင်းလေးချမိရင်းမှ....

" ကိုကိုကလဲ ပိုက်ဆံတွေအပိုကုန်အောင်လို့။ ကိုကိုသုံးစရာ မကျန်ပဲနေပါ့မယ်။ "

ကိုကိုက ချစ်ချစ်စကားကို သဘောကျသလို တဟွန်းဟွန်းရယ်ရင်းမှ မျက်မှန်ကို အသာပင့်တင်ကာ ပခုံးကျော်နေပြီဖြစ်သော ချစ်ချစ်၏ဆံပင်တွေကို အသဲယားသလို ဆွဲဖွလာပြန်၏။

" ကိုကိုက ယောကျာ်းလေးလေ။ ဘာမှသုံးစရာ မရှိဘူး။ ကိုကို့ညီမလေးက မိန်းကလေး လှနေဖို့လိုတာပေါ့ဗျ။ "

ကိုကို့စကားကြောင့် ချစ်ချစ် ပြုံးလိုက်မိရင်း ကိုကို့လက်မောင်းကိုဆွဲချိတ်ကာ အတူလျှောက်လာခဲ့သည်။ ကိုကိုက ချစ်ချစ်သင်တန်းဆီ အမြဲလာကြိုသလို အပြန်တိုင်း မုန့်ဝယ်ကျွေးနေကျပင်။ ကိိုကို အလုပ်စလုပ်ထဲက ချစ်ချစ်ကို မုန့်ဖိုးအမြဲပေးသလို အဝတ်အစားကအစ အသုံးအဆောင်အဆုံး သူရှိသလောက် ဝယ်ပေးနေကျ။

အိမ်က ပြဿနာတွေကို ချစ်ချစ်သာသိ၏။ ကိုကို သိအောင်မပြောသလို မေးလဲသိပ်မဖြေတတ်။ သို့သော် ကိုကို့နည်းကိုကို့ဟန်နဲ့ သိနေမြဲပင်။ ချစ်ချစ်လက်ထဲမှ အထုပ်တွေကို ဆွဲယူရင်း စကားတပြောပြောနှင့် ကိုကို့ပုံစံကို ကြည့်ကာ မသိမသာ ပြုံးမိ၏။ သူများတွေ ယောင်းမဟု စလျှင် မကြိုက်တတ်သည့် ချစ်ချစ်ဟာ ကိုကို့အပေါ် အစ်ကိုတစ်ယောက်ထက် ပိုတွယ်တာမြတ်နိုးမိမှန်း ဆယ်တန်းထဲက ကိုယ်တိုင်ရိပ်မိခဲ့ပါသည်။

ကိုကို သိလျှင်ရော....အဟင်းးးးစိတ်ဆိုးလိမ့်မည် ထင်ပါရဲ့လေ။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 5

ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၁)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၂)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၃)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၅)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၆)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၇)


Author - အနမ်းခြွေ

#lotaya_shortstory




Some text some message..