စစ်ကိုင်းမြို့တွင် GYM ပေါင်းစုံကာယဗလပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်
(၇၃) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့ပေါ်ရှိ GYM ပေါင်းစုံ ပထမအကြိမ် ကာယဗလပြိုင်ပွဲကို ပိုးတန်းရပ် ရွှေဟင်္သာခန်းမတွင် ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီမှ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
GYM ပေါင်းစုံ ကာယဗလပြိုင်ပွဲကို စစ်ကိုင်းမြို့တွင် ပထမအကြိမ်ကျင်းပမည်ဖြစ်ပြီး စစ်ကိုင်းခရိုင် ကာယဗလနှင့်ကာယကြံ့ခိုင်မှုကော်မတီက ဦးစီးကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖေဖော်ဝါရီ ၂ ရက်က စစ်ကိုင်းမြို့ ရွှေဟင်္သာန်းမတွင် ကျင်းပရေးကော်မတီမှ GYM တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
''GYM ပေါင်းစုံ ကာယဗလပြိုင်ပွဲမှာ Classic Physique ပြိုင်ပွဲ၊ Man's Physique ပြိုင်ပွဲဆိုပြီး ပြိုင်ပွဲအမျိုးအစား နှစ်မျိုးကျင်းပသွားမှာပါ။ လူငယ်၊ လူရွယ်တွေ အားကစားမြတ်နိုးစိတ် တက်ကြွလာအောင်နဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးလှုပ်ရှားလာနိုင်အောင်၊ သက်ကြီးကာယဗလအလေးမသရုပ်ပြကိုလည်း ထည့်သွင်းကျင်းပသွားပါမယ်။ စစ်ကိုင်းမြို့ပေါ်မှာ GYM အားကစားအဖွဲ့ ခုနစ်ဖွဲ့ရှိပါတယ်။ ပြိုင်ပွဲဝင်အားကစားသမား ၂ဝ ကျော် ပါဝင်ယှဉ်ပြိုင်ကြမှာ ပါ။ ပြိုင်ပွဲဝင်အသင်းများထဲက ပြိုင်ပွဲအမျိုးအစားနှစ်မျိုးစလုံးမှာ ဆုရအသင်းများကို ဆုချီးမြှင့်မှာဖြစ်ပါတယ်'' ဟု စစ်ကိုင်းမြို့ကာယဗလနှင့် ကာယကြံ့ခိုင်မှုကော်မတီဥက္ကဌ ဦးဇော်ဝင်းက ပြောသည်။
စစ်ကိုင်းမြို့ရှိ GYM ပေါင်းစုံကာယဗလပြိုင်ပွဲတွင် အမျိုးသမီးကိုယ်ကာယအလှအပနှင့် ကျန်းမာရေးလေ့ကျင့်ခန်းများ၊ GYM အဖွဲ့များက ZUMBA ကျန်းမာရေးလေ့ကျင့်ခန်းအကများဖြင့် ပါဝင်ကပြကြမည်ဖြစ်ပြီး အမျိုးသားကာယဗလပြိုင်ပွဲများကို ဆက်လက်ကျင်းပမည်ဖြစ်ရာ မည်သူမဆို လာရောက်အားပေးကြည့်ရှုနိုင်ကြောင်း သိရသည်။