လူမွဲစာရင်းသွင်းခံခဲ့တဲ့ နာမည်ကျော် အနုပညာရှင် (၃) ယောက်
mystylemyanmar.com
|
2021-01-08

အခုပြောမယ့် Celebs တွေဟာ ထိပ်ထိပ်ကြဲ ကြွယ်ဝတဲ့ အခြေအနေကောင်းတွေ ရခဲ့ပြီးမှ ဘဝပျက်မတတ် ဒုက္ခရောက်ကုန်ကြသူတွေ ဖြစ်ပါတယ်။ တစ်ခါတလေမှာ သူတို့ကိုယ်တိုင်က ရုပ်ရှင်ပြကွက်တွေ ဖြစ်နေတတ်ပါတယ်။

(၁) MC Hammer




Photo: The Mideast Beast

နာမည်အရင်း စတန်လီ ကာ့ခ်ဘာရဲလ်ထက် သူ့ရဲ့ စင်မြင့်ထက်နာမည် MC Hammer က လူသိများပါတယ်။ အမေရိကန်လူမည်းရက်ပါ ၊ Black Entertainment Television (BET) က သတ်မှတ်တဲ့ ခေတ်အဆက်ဆက် သတ္တမမြောက် အတော်ဆုံးအကသမား ၊ တေးသံသွင်းထုတ်လုပ်သူနဲ့ စီးပွားရေးသမား။ သူ့ရဲ့ Can’t Touch This သီချင်းဟာ အကြီးအကျယ်ပေါက်ခဲ့ပြီး ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာတဲ့ အဖြစ် ရောက်ခဲ့ပါတယ်။

MC Hammer ရဲ့ အားနည်းချက်က ငွေကို အမျှော်အမြင်ရှိရှိ သုံးစွဲခြင်း မရှိခဲ့တာပါပဲ။ သူခိုင်းတာ လုပ်ဖို့ ငှားထားတဲ့ ဝန်ထမ်းကချည်း ၂၀၀ ကျော် ရှိသလို ဒေါ်လာသန်း ၃၀ တန် ရဲတိုက်တစ်လုံး ၊ လမ်ဘော်ဂီနီလို တန်ဖိုးကြီး ဇိမ်ခံကားတွေလည်း ထည်လဲစီးတတ်သေး။ ဒီလိုနဲ့ အကြွေး ဒေါ်လာ ၁၃ သန်းတင်ပြီး ပိုင်ဆိုင်သမျှအားလုံး ချရောင်းရာကနေ ၁၉၉၆ ခုနှစ်မှာ လူမွဲစာရင်းသွင်းခံခဲ့ရပါတယ်။

(၂) Nicolas Cage




Photo: ET Canada

မင်းသားကြီး နီကိုလတ်စ်ကေ့ခ်ျကို ရုပ်ရှင်ချစ်ပရိသတ်အားလုံး သိကြမှာပါ။ ဟောလီးဝုဒ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပြီး အသားတင် ဒေါ်လာသန်း ၁၅၀ အထိ ပိုင်ဆိုင်ခဲ့သူပါ။ ငွေကို ရေလိုသုံးတယ်ဆိုတဲ့သူတွေထဲမှာ နီကိုလတ်ကေ့ခ်ျကို စာရင်းသွင်းထားရမှာ ဖြစ်ပါတယ်။ Newport Beach မှာ ဒေါ်လာ ၂၅ သန်းတန်အိမ်တစ်လုံး ၊ Rhode Island ကျွန်းမှာ ဒေါ်လာ ၁၅.၇ သန်းတန် အိမ်ဝင်းကြီးတွေနဲ့ လာ့စ်ဗီးဂတ်စ်မှာ ဒေါ်လာ ၈.၅ သန်းတန် အိမ်ကြီးတစ်ဆောင်အပါအဝင် စုစုပေါင်း အိမ်ဂေဟာကြီး ၁၅ ခု ပိုင်ခဲ့ဖူးသူပါ။

အမေရိကရဲ့ သရဲအခြောက်ဆုံးနေရာတစ်ခုအဖြစ် သတင်းကြီးတဲ့ နယူးအော်ရီလန်းက LaLaurie ရဲတိုက်ကြီးကိုလည်း ဒေါ်လာ ၃.၄ သန်းပေးဝယ်ခဲ့ဖူးပါတယ်။ ဥရောပတစ်ခွင်မှာလည်း ဒေါ်လာ ၁၀သန်း နဲ့ ဒေါ်လာ ၂.၃သန်းတန် ရဲတိုက်ကြီးတွေ ဝယ်ခဲ့ပြန်ပါသေးတယ်။ ဘရားမားမှာလည်း ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၃ သန်းနဲ့ ဝယ်ခဲ့တာပါ ထည့်တွက်ရမှာပါ။

ဒီထဲမှာ ဒေါ်လာ ၁ သိန်းခွဲတန် ရေဘဝဲတစ်ကောင် ၊ ကွယ်လွန်သူ အီရန်ဘုရင်ဟောင်းစီးခဲ့တဲ့ ဒေါ်လာ ၄ သိန်းခွဲတန် လမ်ဘော်ဂီနီကား ၊ နှစ်သက်တမ်း သန်း ၇၀ ရှိ ဒေါ်လာ ၂၇၆၀၀၀ တန် ဒိုင်နိုဆောဦးခေါင်းခွံနဲ့ ရှုံ့တွနေတဲ့ ပစ်ဂမီလူပုလေးတွေရဲ့ ခေါင်းတွေလို ထူးထူးဆန်းဆန်းအရာတွေ အများကြီးလည်း ဝယ်ယူသုံးဖြုန်းခဲ့တာ ဖြစ်ပါတယ်။

ဘဝပျက်လုမတတ် အသုံးအစွဲကြမ်းရာကနေ နောက်ပိုင်း အကြွေးတွေ တစ်လှေကြီးနဲ့ ဒုက္ခတွေ့ခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ပိုင်ပစ္စည်းတစ်ချို့ ချိတ်ပိတ်အသိမ်းခံလိုက်ရသလို အိုးအိမ်ခွန်အဖြစ် ဒေါ်လာ ၆.၃ သန်းလည်း ပေးခဲ့ရပါတယ်။ သူလည်း စီးပွားပျက်လို့ ဒေဝါလီခံရတဲ့ အခြေအနေရောက်ခဲ့ပြီး အခုတော့ အကြွေးတွေ ဆပ်ဖို့ ဇာတ်လမ်းတွေ မရွေးတမ်း သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

(၃) 50 Cent




Photo: Rolling Stone

၂၀၁၅ မှာ ကမ္ဘာကျော် အမေရိကန်ရက်ပ်ပါ 50 Cent လူမွဲစာရင်းခံခဲ့ရပါတယ်။ တကယ်တော့ အဲ့ဒီအချိန်မှာ သူ့ရဲ့ အအောင်မြင်ဆုံး အယ်ဘမ်ဖြစ်တဲ့ Get Rich or Die Tryin လည်း ထွက်ထားလို့ လျှမ်းလျှမ်းတောက်နေတဲ့ အချိန်ပါ။ Forbes မဂ္ဂဇင်းကဆို သူဟာ ဒေါ်လာသန်း ၁၅၀ အထိ ချမ်းသာတယ်လို့တောင် ဖော်ပြခဲ့တာပါ။

နာမည်အရင်း ကာတစ်ဂျက်ဆန်ဟာ လူမွဲစာရင်းသွင်းချိန်မှာ သူ့ပိုင်ဆိုင်မှုစုစုပေါင်းက ဒေါ်လာသန်း ၂၀ လောက် ရှိပါတယ်။ အကြွေးပေးစရာက ဒေါ်လာ ၃၆ သန်းလောက် ရှိနေပါတယ်။ ခပ်မိုက်မိုက် ပေတေတေ နေတတ်ပြီး ရန်ငြိုးရန်စများတဲ့သူဟာ အမှုတွေလည်း ပွေလီလွန်းပါတယ်။

အမျိုးသမီးတစ်ဦးနဲ့ Sex Tape ကို တင်ခဲ့တာကြောင့် ဒေါ်လာ ၇ သန်း လျော်ခဲ့ရတာကနေ သူ့ရဲ့ လူမွဲစာရင်းဝင်တဲ့ ကိစ္စက စတင်လာတာပါ။ လူမွဲစာရင်းသွင်းပြီးနောက် တရားသူကြီးဟာ ၅ နှစ်ကာလ plan နဲ့ အကြွေး ၈.၇ သန်းပေးဖို့ စီရင်ချက်ချခဲ့ပါတယ်။ တရားစွဲဆိုမှုတွေနဲ့ လူမွဲစာရင်းဝင်တာတွေ ရှိပေမယ့် 50 Cent ရဲ့ အသားတင်ကြွယ်ဝမှုဟာ လက်ရှိမှာ ဒေါ်လာ သန်း ၃၀ ခန့် ရှိမယ်လို့ ယူဆရပါတယ်။




Some text some message..