ဖေဖော်ဝါရီ တစ်လတာ ကံကြမ္မာဟောစာတမ်း
mmtimes.com
|
2021-02-01



ဖေဖော်ဝါရီ တစ်လတာ ကံကြမ္မာဟောစာတမ်း

မြန်မာတိုင်းမ်နေ့စဉ်သတင်းစာဖတ်ပရိသတ်များအတွက် တစ်လတစ်ကြိမ် ကံကြမ္မာဆိုင်ရာ အခြေအနေများကို ဖော်ပြပေးခဲ့ရာ ယခုဖေဖော်ဝါရီလအတွက် နက္ခတ်ဗေဒင်နိမိတ်ပညာရပ်မှ တွက်စစ်ရရှိသော စီးပွားရေး၊ လူမှုရေးသဘာဝဘေး၊ နိုင်ငံရေး၊ အခြေအနေတို့ကို ဖော်ပြပေးလိုက်ပါသည်။

* ပြီးခဲ့သည့် ဇန်နဝါရီလ ကံကြမ္မာဆိုင်ရာ ဟောစာတမ်းတွင် ဖော်ပြခဲ့သော ၁ ရက်နေ့မှ ၁၂ ရက်အတွင်း စီးပွားရေး၊ ဆေး၊ ဝါး၊ စားသောက်ကုန်၊ စွပ်စွဲပြစ်တင်၊ စစ်ဆေးမှုများ၊ ခရီးသွား သောကြာ၊ အင်္ဂါနေ့နံတို့နှင့်ပတ်သက်ပြီး ရေးသားဖော်ပြခဲ့သလို အများသိကြသည့်အတိုင်း ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းကိစ္စရပ်များနှင့် စစ်တပ်၏ ဖော်ပြချက်များ၊ သတင်းစာရှင်းလင်းပွဲများ၊ အပြန်အလှန်ပြောဆိုမှုများ၊ ရှေ့တန်းရောက်ပြဿနာများအဖြစ် ပေါ်ထွက်ခဲ့သလို တခြားသော စီးပွားရေး၊ စစ်ရေး၊ သံတမန်ရေး၊ စကားပြောဆိုမှု၊ ကရင်ပြည်နယ် နယ်ကြားစောင့်တပ်ဖွဲ့ နုတ်ထွက်ရန် တင်ပြမှုစသည်တို့ ပေါ်ပေါက်ခဲ့ပါသည်။

* ဇန်နဝါရီ ၁၃ ရက်မှ ၃၁ ရက်အတွင်း ဗုဒ္ဓဟူး၊ စနေဂြိုဟ်တို့နှင့် သက်ဆိုင်သော လူစုလူဝေး၊ အလုပ်သမား၊ လယ်ယာမြေ၊ ရေကြောင်း၊ လေကြောင်း စသည်တို့ မငြိမ်မသက် လှုပ်လှုပ်ရှားရှား သောကပူပင် ရှေ့တန်းရောက် ပြဿနာများအဖြစ် မြန်မာနှင့် တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဥရောပနိုင်ငံတွေမှာ ပေါ်ပေါက်ဖြစ်ပေါ်လာမည်ဟု ကြိုတင်ရေးသားခဲ့သလို (ဗုဒ္ဓဟူး၊ စနေ) နေ့နံ သက်ရှိသက်မဲ့တို့ဖြင့်သော မြန်မာပြည်တွင်း မြို့နယ်တချို့မှာ လူတချို့အဖွဲ့အစည်းတချို့၊ အလုပ်သမားတချို့၊ ဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပြီး ထိုင်းနိုင်ငံ၌လည်း ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး အမေရိကန်နိုင်ငံမှာလည်း သမ္မတအိမ်ဖြူတော်အတွင်း လူစုလူဝေးကြီး စီးနင်းဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံ၌လည်း ခရီးသွားလေယာဉ်တစ်စင်း ပျက်ကျခဲ့ခြင်းဖြစ်စဉ်။ ထို့နောက် ငလျင်အပြင်းစားလှုပ်ခတ်ခဲ့ပြီး အပျက်အစီးများ ဖြစ်ပေါ်ခဲ့၍ လူသေဆုံးမှုများရှိခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၌လည်း အအေးလှိုင်းဖြတ်ပြီး စံချိန်တင်၍ (ယန်ဖြစ်) အတွင်း ရေခဲမှုများ ပေါ်ပေါက်ခဲ့သောဖြစ်စဉ်များ ယခုဇန်နဝါရီလမှာ ဖြစ်ပေါ်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၌လည်း COVID-19 ကာကွယ်ဆေးထုတ်သော ကမ္ဘာ့အကြီးဆုံးစက်ရုံကြီး မီးလောင်မှုဖြစ်စဉ်ပေါ်ပေါက်ခဲ့ပြီး မြန်မာနိုင်ငံက ဝယ်ယူထားသော COVID-19 ကာကွယ်ဆေးတစ်သန်းခွဲကို အချိန်မီပေးပို့နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံမှာလည်း COVID-19 ကာကွယ်ဆေး ဝယ်ယူဖို့ရန်အတွက် အလှူငွေများ ပြည်သူတို့က လှူဒါန်းမှုပြုခြင်းများကို ဖြစ်ပေါ်စေပါသည်။

* ဒီရက်ပိုင်းမှာ စနေ့၊ ဗုဒ္ဓဟူးနှင့် သက်ဆိုင်သော တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မကြာမီ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် အဖွဲ့လည်းလာရောက်ခဲ့ပါသေးသည်။

ဖေဖော်ဝါရီလ တစ်လတာ ကံကြမ္မာ ၂ဝ၂၁ ဖေဖော်ဝါရီလသည် ကောင်းကင်ရာသီ စက်ဝန်းဂြိုဟ်ပြောင်းဖြစ်စဉ်များသည် ထူးခြားမှု ရှိနေပါသည်။ စနေအိမ် မကာရရာသီမှာ ကောဇာတနင်္ဂနွေဂြိုဟ်ကြီးသည် ဇန်နဝါရီ ၁၄ ရက်မှ ဖေဖေဝါရီ ၁၂ ရက်အတွင်းရှိနေပြီး ကောဇာဗုဒ္ဓဟူးဂြိုဟ်ကလည်း ဇန်နဝါရီ ၃ ရက်မှ မတ် ၉ ရက်အထိ မကာရရာသီမှာပဲ ရောက်ရှိနေသည်။ ကောဇာကြာသပတေးဂြိုဟ်ကြီးကလည်း မတ် ၂၆ ရက်အထိ မကာရရာသီမှာ ရှိနေပြန်သည်။ ထို့ပြင် ကောဇာသောကြာဂြိုဟ် ဇန်နဝါရီ ၂၇ မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ မကာရရာသီမှာ လာရောက်ပူးပေါင်းနေသည်။ ကောဇာစနေဂြိုဟ်ကြီးကလည်း စနေအိမ် မကာရရာသီမှာ အားကောင်းစွာ ရှိနေသည်။

ထိုသို့အခြေအနေများကြောင့် ဖေဖော်ဝါရီ ၁၂ ရက်အထိ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သေကြာ၊ စနေဂြိုဟ် ငါးလုံး စနေအိမ်မှာပူးယှဉ်ပြီး မိဿရာသီ၌ ရောက်နေသော အင်္ဂါဂြိုဟ်ကလည်း ဖေဖော်ဝါရီ ၂၂ ရက်အထိ အားအလွန်ကောင်းနေပါသည်။ ထို့ပြင် ပြိဿရာသီ သောကြာအိမ်မှာ ရာဟုဂြိုဟ်ကြီးရောက်ရှိနေပြီး ဗြိစ္ဆာရာသီတွင် ကိတ်ဂြိုဟ် (အင်္ဂါအိမ်) ပေါ် မှာ ရှိနေသည်။ သံတောင်းကလည်း ဖေဖော်ဝါရီ ၁ဝ ရက်အထိ မိန်ရာသီမှာရှိပြီး ၁၁ ရက်နေ့ မှာ ကုန်ရာသီကို ပြောင်းရွှေ့မှာ ဖြစ်ပါသည်။ ထိုကဲ့သို့ နက္ခတ်ဂြိုဟ်များ ဖြစ်ပေါ်နေခြင်းသည် မြန်မာပြည်ဇာတာနှင့်ကြည့်လျှင် စိန်ခေါ် မှုဖြစ်သော သဘာဝဘေး၊ စီးပွားရေး၊ နိုင်ငံရေးအခက်အခဲများ ဖေဖော်ဝါရီလမှာ ဖြစ်ပေါ် လာနိုင်သောကြောင့် အစစအရာရာ သတိ၊ ဝီရိယ၊ စေတနာ၊ မေတ္တာတို့ဖြင့် နေထိုင်သွားလာ လုပ်ကိုင်ဖြတ်ကျော်သင့်ပါသည်။

* အထူးသဖြင့် မြန်မာတိုင်းမ်နေ့စဉ်သတင်းစာမှ လွန်ခဲ့သော ၂ဝ၁၉ ကာလမှစ၍ နေ့စဉ်ဖော်ပြနေသော သတင်းစာနောက်ကျောပါ (အမျိုးသားရင်ကြားစေ့ရေးမှတစ်ပါး အခြားမရှိပါ) ဆိုသော စာသားအတိုင်းအားလုံး တူညီသောစိတ်ဖြင့် လျှောက်လှမ်းဖို့အချိန် ရောက်နေပါသည်။

* ဖေဖော်ဝါရီ ၁ ရက်မှ ၁၂ ရက်အတွင်း စနေ၊ ဗုဒ္ဓဟူး၊ စနေ့နံ သက်ရှိသက်မဲ့တို့သည် လှုပ်လှုပ်ရှားရှား ပူညံဆူညံရှေ့တန်းရောက် ပြဿနာများအဖြစ် ဆက်လက်အားကောင်းစွာ ရှိနေပါသေးသည်။ အထူးသဖြင့် လူစုလူဝေးများ၊ အလုပ်သမားကိစ္စ၊ လယ်သမားကိစ္စ၊ ရေ ကြောင်း၊ လေကြောင်းကိစ္စရပ်များ မငြိမ်မသက်ရှိနေပြီး လေပွေ၊ လေပြင်း၊ လှိုင်းကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ သဘာဝဘေးများ မြန်မာနှင့် အာဆီယံနိုင်ငံများတွင် ဖြစ်ပေါ်နိုင်ပါသေးသည်။

စနေနှင့်သက်ဆိုင်သော တွင်းထွက်၊ ရေနံ၊ တိုက်ပွဲ၊ တော၊ တောင်၊ အထည်အလိပ်၊ ရထား၊ လမ်းတံတား၊ တိုက်၊ ထီ၊ ကြီးမားသော စီမံကိန်းကြီးများ အတိုးနှုန်းကိစ္စများ တရားရေး၊ ဥပဒေ၊ အစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတ၊ တိုင်းဒေသအာဏာပိုင်အစိုးရအဖွဲ့များ၊ လွှတ်တော် ကိစ္စများတို့သည် ရှေ့တန်းရောက်ပြဿနာများအဖြစ် အပြောင်းအလဲများ ဖြစ်ပေါ်လာမည့် ကာလဖြစ်ပါသည်။ ထိုကိစ္စတို့သည် မြန်မာနိုင်ငံနှင့်အတူ ကမ္ဘာ့နိုင်ငံ၊ အမေရိကန်၊ တရုတ်၊ ထိုင်း၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ အိန္ဒိယတို့တွင်လည်း ဖြစ်ပေါ်ပြောင်းလဲမှုများ ရှိနေပါသေးသည်။

* ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ ရက်အတွင်း တနင်္လာ၊ သောကြာနေ့နံဂြိုဟ်တို့နှင့်ဆိုင်သော သက်ရှိသက်မဲ့တို့သည် မငြိမ်မသက် ပူပင်သောက လှုပ်လှုပ်ရှားရှားပြောင်းလဲ ဖြစ်ပေါ်လာပါလိမ့်မည်။ တနင်္လာနှင့်သက်ဆိုင်သော ငွေကြေးအမျိုးမျိုး၊ ကားအမျိုးမျိုး၊ ကျောက်မျက်ရတနာ၊ ကျောင်း၊ ကျန်းမာရေးကိစ္စ၊ သားငါး၊ ကြက်၊ ငှက်၊ သကြား၊ ကြက် သွန်၊ ခရီးစသည်တို့ မငြိမ်မသက် အပျက်များသောအချိန် ဈေးကွက်ကျဆုံးမှုတွေ ဖြစ်ပေါ်နိုင်ပါသည်။

သောကြာဂြိုဟ်နှင့် သက်ဆိုင်သော သုတ်သွေး၊ သံယောဇဉ်၊ စကားပြော၊ ဘာသာစကား၊ တရားဓမ္မ၊ အသံထွက်ပစ္စည်း သစ်၊ သွပ်၊ သံ၊ ဟိုတယ်ခရီး၊ အသင်းအဖွဲ့၊ သံတမန်၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေး စသည်တို့ ခက်ခဲခြင်း၊ အထင်အမြင်လွဲခံရခြင်း၊ စကားပြောမှားခြင်း၊ အသံမီဒီယာသတင်းကိစ္စများ ပြဿနာရှိလာနိုင်ခြင်းတို့ရှိသောကြောင့် သတိကြီးကြီးထားရန်လို သည်။ သွေးနှင့်သက်ဆိုင်သော ကျန်းမာရေးရောဂါများ၊ ခရီးသွားမတော်တဆဖြစ်စဉ်တို့ကြောင့် လူအသေအပျောက်များနိုင်သည်။ အနုပညာတရားဟော၊ ဓမ္မ၊ သံဃာတော်တချို့ ထိခိုက်စရာများ၊ အခက်အခဲများ၊ ကြုံတွေ့ရနိုင်သော ကာလဖြစ်ပါသည်။

* ကျန်ရှိသော တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေနေ့နံတို့နှင့် သက်ဆိုင်သော သက်ရှိသက်မဲ့အဖွဲ့အစည်းများ၊ လူများ၊ နေရာဒေသများ၊ ပုံမှန်နှင့်ကောင်းသော၊ မြတ်သော၊ အကျိုးရှိသော ကာလရောက်နေပါသည်။


မှတ်ချက်။ ။ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ ရက်အထိ မြန်မာနှင့် အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဗြိတိန်နိုင်ငံတွေမှာ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ သဘာဝဘေးတို့ အခက်အခဲများ ကြုံရသောအချိန် ရောက်နေပါသည်။ ကုန်သွယ်ရေးကိစ္စ တော်တော်များများ အပြောင်းအလဲများရှိသောကြောင့် အထူးသတိထား လုပ်ကိုင်သင့်ပါသည်။

* အိမ်ဆောက်မင်္ဂလာအခါရက်များ - ၂၊ ၂၇

* လက်ထပ်မဂင်္လာအခါရက်များ - ၁ဝ၊ ၁၈၊ ၂၃၊ ၂၅

* ထီထိုးရန်မဂင်္လာအခါရက်များ - ၆၊ ၁၂၊ ၁၅၊ ၁၈၊ ၂၃၊ ၂၅၊ ၂၇

* မတ်လအတွက် ထီဖွင့်ပွဲတွင် စိုးမိုးအက္ခရာ - စနေ၊ တနင်္လာ၊ သောကြာ။

* စိုးမိုးဂဏန်းများ - ၂၊ ၆၊ ဝ၊ ၈ တို့ဖြစ်သည်။

မည်သူမဆို ကံကောင်းဖို့ မကောင်းတာမှန်သမျှ အချိန်တိုင်းရှောင်ပါ။ ကောင်းတာမှန်သမျှ အချိန်တိုင်းလုပ်ပါ။ စိတ်ဓာတ်ခွန်အားမြှင့်ထားပါ။ အားလုံးသတ္တဝါတွေ ဘေးရန်ကင်း၍ ကျန်းမာ၊ ချမ်းသာကြပါစေ။




Some text some message..