၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားအိမ်ရှင်လျှောက်ထားမှု ထိုင်းနှင့်မြန်မာ ရုပ်သိမ်းအင်ဒိုနီးရှားနိုင်ငံကိုသာအိမ်ရှင်အဖြစ်ဝန်းရံပေးရန်အာဆီယံနိုင်ငံများဆုံးဖြတ်
mmtimes.com
|
2019-08-28

ထိုင်းနိုင်ငံ၌အာဆီယံကောင်စီအစည်းအဝေးကျင်းပခဲ့စဉ်။ ဓာတ်ပုံ-အေအက်ဖ်အက်ဖ်

၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားအိမ်ရှင်လျှောက်ထားမှု ထိုင်းနှင့်မြန်မာ ရုပ်သိမ်းအင်ဒိုနီးရှားနိုင်ငံကိုသာအိမ်ရှင်အဖြစ်ဝန်းရံပေးရန်အာဆီယံနိုင်ငံများဆုံးဖြတ်

၂၀၂၁ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်အာဆီယံဒေသမှအင်ဒိုနီးရှား၊ ထိုင်းနှင့်မြန်မာတို့ လျှောက်ထားခဲ့သော်လည်းအင်ဒိုနီးရှားနိုင်ငံကိုသာအာဆီယံနိုင်ငံများက ဝန်းရံရန်ဆုံးဖြတ်ခဲ့ကြသဖြင့် ထိုင်းနှင့်မြန်မာပူးတွဲအိမ်ရှင်လျှောက်ထားမှုကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ထုတ်ပြန်

ပြီးခဲ့သည့် သြဂုတ်၂၇ရက်က ထိုင်းနိုင်ငံ ပတ္တရားမြို့တွင်ပြုလုပ်ခဲ့သည့်အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီအစည်းအဝေး၌ ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့အိမ်ရှင်လျှောက်ထားမှုကို ရုပ်သိမ်းခဲ့ခြင်းနှင့်ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူ တစ်ဦးက " ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ကျင်းပဖို့ ကနဦးက ထိုင်း၊မြန်မာ၊အင်ဒိုနီးရှားနိုင်ငံတို့ကအဆိုပြုထားတာကနေအာဆီယံကိုယ်စားပြု နိုင်ငံအနေနဲ့အင်ဒိုနီးရှားနိုင်ငံကိုသာ ဝန်းရံကြဖို့ သြဂုတ် ၂၇ရက်က ပြုလုပ်ခဲ့တဲ့အာဆီယံကောင်စီအစည်းအဝေးမှာ ထုတ်ပြန်ခဲ့တာပါ။အဓိကကတော့ ဘယ်နိုင်ငံမှာပဲလုပ်လုပ်အာဆီယံဂုဏ် ကို ဆောင်နိုင်ဖို့သာအဓိကပါ။ ဒါကြောင့်အင်ဒိုနီးရှားတစ်နိုင်ငံတည်းကိုပဲအာဆီယံနိုင်ငံအားလုံးက ဝန်းရံကြဖို့ ဆုံးဖြတ်ခဲ့တာပါ" ဟု ရှင်းပြခဲ့သည်။


ယုံကြည်

ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရန်အာဆီယံဒေသမှ တစ်နိုင်ငံတည်း သာကျန်ရှိတော့သည့်အင်ဒိုနီးရှားနိုင်ငံ၏ ဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ရာတူတီရှာဒီစထရာက "အိမ်ရှင်အဖြစ်ကျင်းပဖို့ လျှောက်ထားတဲ့နိုင်ငံတွေထဲမှာ တစ်နိုင်ငံတည်းသောအာဆီယံနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ခဲ့တဲ့အတွက်အရမ်းပျော်ရွင်မိပါတယ်။ ဖီဖာရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲတစ်ခုကိုအင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခွင့်ရဖို့အတွက်အာဆီယံဒေသတစ်ခုလုံးက ဝန်းရံအားပေးကြမယ်လို့ ယုံကြည်ပါတယ်" ဟု ပြောဆိုခဲ့သည်။


ဆက်လက်ယှဉ်ပြိုင်

၂၀၂၁ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရန် ပြီးခဲ့သည့်ဇူလိုင်က နိုင်ငံ ၈ နိုင်ငံက လျှောက်ထားခဲ့သည်။ ယခုအခါအာဆီယံဒေသမှ ထိုင်းနှင့်မြန်မာတို့ကအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရန် လျှောက်ထားမှုမှ နုတ်ထွက်ခဲ့ သဖြင့် ယင်းပြိုင်ပွဲကိုအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရန်အာဆီယံမှအင်ဒိုနီးရှား၊ တောင်အမေရိက မှ ဘရာဇီး၊ ပီရူးနိုင်ငံအပြင်အာရှမှ ဘာရိန်း၊ဆော်ဒီအာရေဗျနှင့် ယူအေးအီးနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ဆက်လက်ယှဉ်ပြိုင်ရ တော့မည်ဖြစ်သည်။




Some text some message..