ပုံမှန်ထက် ပိုပြီးလေလည်တာ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်
hellosayarwon.com
|
2019-12-24


လေလည်တယ်ဆိုတာ အမျှင်ဓာတ်များတဲ့အစားအစာတွေကို အစာခြေစနစ်ရဲ့ပုံမှန်လုပ်ဆောင်ချက်က ချေဖျက်နေတယ်ဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ မီသိန်း၊နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်ဂက်စ်တွေကို စအိုဝကတဆင့် ခန္ဓါကိုယ်ထဲကစွန့်ထုတ်လိုက်တာပါ။ ကောင်းတဲ့အရာတစ်ခုဖြစ်လို့အောင့်မထားသင့်ပါဘူး။ တော်ရုံလောက်ဆို လူမသိသူမသိ ဖြေရှင်းလိုက်ကြတာပါပဲ။ ဒါပေမယ့် ထိန်းလို့မရ၊ နေရာမရွေးတော့ဘဲ လူတစ်ယောက်က ပုံမှန်ထက် ခဏခဏလေလည်နေပြီဆိုရင်ရော… ဒီအကြောင်းရင်းတွေ ရှိနေနိုင်ပါတယ် -

အစာကြေဖို့မလွယ်တဲ့ အစားအသောက်တွေ
ခန္ဓာကိုယ်က ချေဖျက်ရာမှာ အချိန်ပိုကြာနိုင်တဲ့ တချို့အစားအသောက်တွေရှိပါတယ်။ သူတို့မှာ အမျှင်ဓာတ်နဲ့ သကြားဓာတ်အမျိုးအစားတချို့ ပမာဏများများပါဝင်တာမို့ သူတို့ကို ချေဖျက်တဲ့အခါ အချိန်ပိုကြာတတ်ပါတယ်။ ဒီလိုဖြစ်ရာကနေ လေပွလာစေနိုင်တဲ့ အစားအသောက်တွေထဲမှာ  - ပဲသီးတွေ၊ ပဲနီလေး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ နို့ထွက်ပစ္စည်းတွေ၊ အသီးတချို့မှာ ဒါမှမဟုတ် အချိုရည်နဲ့ သကြားလုံးတွေမှာ ပါတဲ့ fructose (သကြားဓာတ်)၊ သကြားလုံးနဲ့သကြားအတုတွေမှာသုံးတဲ့အစားထိုးပစ္စည်း sorbitol၊ ဂက်စ်ပါတဲ့ အချိုရည်၊ ဘီယာ၊ ဂျုံ စတာတွေ ပါဝင်ပါတယ်။

အစာခြေစနစ်ပြဿနာတွေ
အစာခြေစနစ်၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါဝေဒနာတွေကြောင့်လည်း  ခဏခဏလေလည်စေနိုင်ပါတယ်။ ဒီရောဂါတွေကြောင့် ပုံမှန်အစာခြေဖျက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အစာခြေစနစ်ကို ဖိအားဖြစ်စေတယ်၊ နောက်ဆုံးရလဒ်အနေနဲ့ မကြာခဏလေလည်စေတာပါ။

စိတ်ဖိစီးတာ
တချို့လူတွေမှာ စိတ်ဖိစီးတဲ့အခါ အူလမ်းကြောင်းလုပ်ဆောင်ချက်မမှန်ခြင်း လက္ခဏာတွေခံစားရတတ်ပါတယ်။ အဲဒီထဲမှာ မကြာခဏလေလည်ခြင်းလည်း ပါဝင်နေပါတယ်။ နောက်ပြီး စိတ်ဖိစီးတဲ့အခါ ဆေးလိပ်သောက်တာ၊ ပီကေဝါးတာ၊ အချိုတွေစားတာ၊ အရက်သောက်တာ တို့လို လေပွစေ၊ လေလည်စေမယ့် အမူအကျင့်တွေပိုလုပ်မိ တတ်ပါသေးတယ်။

ဝမ်းချုပ်တာ
ကိုယ်စားထားတဲ့ အစားအသောက်တွေဆီက အကြွင်းအကျန်တွေ အူမကြီးထဲမှာ ကျန်ရှိတာကြာလာလေ အချဉ်ပေါက်ဖို့အချိန်ပိုကြာလေပါပဲ။ အဲလိုကနေ အနံ့ဆိုးတဲ့ လေတွေ မကြာခဏလေလည်စေနိုင်ပါတယ်။

အစာခြေစနစ်အတွင်းက ဘက်တီးရီးယားပမာဏ ဒါမှမဟုတ် အမျိုးအစား ပြောင်းလဲတာ
ပဋိဇီဝဆေးဝါးတွေ အသောက်များလို့ ဒါမှမဟုတ် ဘက်တီးရီးယားပါတဲ့ အစားအသောက်တွေစားမိလို့ အစာခြေစနစ်အတွင်းက ဘက်တီးရီးယားထိန်းညှိမှု ပျက်ယွင်းစေနိုင်ပါတယ်။ ဒီလိုပြောင်းလဲပျက်ယွင်းတဲ့အခါ မကြာခဏ လေလည်စေနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်တာလဲ
လေလည်တာ လူတိုင်းဖြစ်တဲ့ သဘာဝပဲဆိုပေမယ့် လွန်ကဲနေရင်တော့ ပုံမှန်မဟုတ်ပါဘူး။ လေလည်တာ မကြာခဏဖြစ်လွန်းရင် နေ့စဉ်ဘဝမှာ ထိခိုက်လာပါလိမ့်မယ်။ လူကြားထဲ သွားရလာရ၊ အလုပ်လုပ်ရတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့လာမယ်၊ လူအထင်သေးခံရနိုင်တယ်၊ ရှက်ကိုးရှက်ကန်းဖြစ်နေရမယ်၊ အဆင်မပြေတော့ဘူးပေါ့။ ဒါပေမယ့် -
ဗိုက်အောင့်တာ၊ လေပွတာ မပျောက်ဘဲကြာရှည်နေတာ၊
ဝမ်းပျက်တာ ဒါမှမဟုတ် ဝမ်းချုပ်တာ ထပ်ကာတလဲလဲဖြစ်နေတာ၊
အကြောင်းရင်းမည်မည်ရရမရှိဘဲ ကိုယ်အလေးချိန်ကျတာ၊
ဝမ်းမထိန်းနိုင်တာ( လေနဲ့ဝမ်းမကွဲတာ)၊
ဝမ်းသွားတော့ သွေးပါတာ၊
ကိုယ်ပူတာ၊ အော့အန်တာ၊ ချမ်းတုန်တာ၊ အဆစ်နဲ့ကြွက်သားနာကျင်ကိုက်ခဲတာလိုမျိုး ရောဂါပိုးဝင်တဲ့ လက္ခဏာတွေဖြစ်လာတာ ဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးကုသမှုခံယူတာအကောင်းဆုံးပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။


#အစားအသောက်
#အချိန်ပို
#သကြားလုံး
#ဝမ်း
#ဂက်စ်

Some text some message..