ဘဝမှာ သင်အမှန်တကယ်လိုချင်တဲ့အရာကို သိဖို့ သင့်ကိုယ်သင်ပြန်မေးရမယ့် မေးခွန်း(၇) ခု
lifestylemyanmar.com
|
2021-12-09

ဘဝနဲ့ ပတ်သက်သော နက်နဲတဲ့မေးခွန်းတွေက ကျွန်မတို့ကို စိတ်မသက်မသာဖြစ်စေပါတယ်။ သို့ပေမယ့်လည်း ဘဝကို ပိုမိုရှင်းလင်းပြတ်သားစွာ ဖြတ်သန်းလိုတယ်ဆိုရင် ဒီလိုမနှစ်မြို့ဖွယ်မေးခွန်းတွေကို ရင်ဆိုင်သင့်ပါတယ်။ သင့်ရဲ့ လက်ကို နည်းနည်းဆွဲတင်လိုက်ပြီး ခက်ခဲတဲ့မေးခွန်းတွေကို ရင်ဆိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးသင့်ပါပြီ။ စာပုဒ်ဆုံးသွားတာနဲ့ သင့်ဟာ သင့်ကိုယ်သင်ပိုနားလည်လာပြီး ဟင်းခနဲသက်ပြင်းချရင်း စိတ်သက်သာရာရစေမယ်လို့ အာမခံပါတယ်။

၁။ ငါ ဘယျသူလဲ


ဒီမေးခွန်းက ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖို့ အရေးကြီးဆုံးမေးခွန်းတွေထဲက အလေးနက်ဆုံးမေးခွန်းတစ်ခုပါ။ ဘာလို့လဲ? သင်ဟာ ဘယ်သူဘယ်ဝါဆိုတာကို မသိဘဲနဲ့ ဘယ်နေရာရောက်နေတယ်ဆိုတာကိုတောင် သေသေချာချာမသိရင် ဘဝမှာ မတိုးတက်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သေသေချာချာသိဖို့ လိုပါတယ်။

စာရေးသူရဲ့ အတွေ့အကြုံတစ်ခုနဲ့ ယှဉ်ပြီး မျှဝေပေးပါ့မယ်။ သိပ်မကြာသေးခင်မှာ စာရေးသူနာရီအမည်းရောင်လေး တစ်လုံးဝယ်ခဲ့ပါတယ်။ အမှန်တကယ်တော့ စာရေးသူရဲ့ အကြိုက်က အဖြူရောင်ပါ။ ဆိုင်မှာ နာရီနှစ်လုံးကို အချိန်အတော်ကြာယှဉ်ပြီး ကြည့်နေခဲ့တယ်ဆိုပါတော့။ အမှန်က အမည်းရောင်ကို ဘာလို့ရွေးခဲ့လဲဆိုရင် အဖြူရောင်ကို ကြိုက်ပေမယ့် တစ်ခါတလေတော့လည်း အမဲရောင်ကြိုက်ရင် ကြိုက်မှာပေါ့ဆိုတဲ့ စိတ်ကြောင့်ပါ။ အမှန်တကယ် ဝယ်ပြီးလည်း ပြန်လာရော ဆိုင်မှာ ကျန်ခဲ့တဲ့ အဖြူရောင် လေးကို မျက်လုံးထဲကမထွက်ဘဲ တစ်ချိန်လုံးစိတ်ဖိစီးနေတော့တာပါပဲ။ အဖြူရောင်လေးကို မယူခဲ့ရကောင်းလားပေါ့။

ဘဝမှာ ကိုယ်ဘာလိုချင်တယ်ဆိုတာ သိခြင်း၊ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို သိခြင်းက တစ်ခြားလူတွေထက် အမြဲတစ်ပန်းသာနေပါလိမ့်မယ်။

သင့်ကိုယ်သင် သေသေချာချာသိခြင်းက ပိုမိုကောင်းမွန်သော အနာဂတ်အတွက် သော့ချက်ဖြစ်ပါတယ်။ နောက်တစ်နှစ်မှာ သင်ဘာဖြစ်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ်ကြိုမြင်ထားတဲ့လူက ဒီအချိန်မှာကတည်းက ဝါသနာနဲ့ပတ်သက်ပြီး ကြိုဖြည့်ဆည်းထားလို့ရပါတယ်။ တစ်ဖက်မှာလည်း လူတွေက သူတို့ကြိုက်တာကို သတိမထားမိဘူးဆိုရင် သူတို့ရဲ့ အနာဂတ်ကို ကောင်းကောင်းစီစဉ်ဖို့ အခွင့်အလမ်းနည်းပါးပါလိမ့်မယ်။ သင်ဘယ်သူလဲဆိုတာကို ကောင်းကောင်းသိခြင်းက သင့်ကို အထောက်အကူဖြစ်စေမယ့် အကျိုးကျေးဇူးတွေများစွာရှိပါသည်။

၂။ ငါဘာကြောင့် ဒီနေရာမှာ ရှိနေရတာလဲ?


သင့်ကိုယ်သင်ချက်ချင်းမေးရမယ့် အရေးကြီးမေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကို ရင်ဆိုင်မယ်ဆိုရင် သင်က ဘဝအပေါ်မှာ ပိုကောင်းတဲ့အမြင်တွေကို ရှိလာပါလိမ့်မယ်။

လူတိုင်းက ထူးခြားတဲ့ အကြောင်းပြချက်တစ်ခုကြောင့် လောကကြီးထဲရောက်လာကြတယ်လို့ ယုံကြည်ချင်ကြပါတယ်။ ဒီတော့ သင့်ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို နားလည်လာတဲ့အခါ သင့်ကိုယ်သင်ပိုတန်ဖိုးထားလာပါလိမ့်မယ်။ ပျော်ရွှင်မှုအပြင် လူတိုင်းလိုချင်ကြတဲ့ တစ်ခြားအရေးကြီးတဲ့အရာက ပန်းတိုင် (သို့) တိုးတက်မှုတစ်ခုခုပေါ့။ ဘယ်သူကမှ ကိုယ့်ရဲ့ မနက်ခင်းတွေကို ရည်ရွယ်ချက်မဲ့စွာနဲ့ နေ့ရက်တွေကို ဖြုန်းတီးချင်မှာမဟုတ်ပါဘူး။ ဒီမေးခွန်းက အဖြေရဖို့ မလွယ်ကူပေမယ့် သင့်ရည်ရွယ်ချက်အစစ်အမှန်ကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးနိုင်မယ့် လေးနက်သော မေးခွန်းတစ်ခုဖြစ်ပါလိမ့်မယ်။

၃။ မနက်ခင်းမှာ သင့်ကို စိတ်အားထက်သန်စေတာက ဘယ်အရာလဲ


မနက်ခင်းမှာ ပျော်ရွှင်စွာနှိုးထလာစေဖို့ မျှော်လင့်နေတဲ့အရာတစ်ခုသာရှိတယ်ဆိုရင် အဲဒီ့အရာကို ထိန်းထားရပါမယ်။ ကျွန်မတို့အများစုက ကျွန်မတို့ရဲ့ စိတ်အားထက်သန်မှုကို ဖြစ်ပေါ်စေတဲ့အရာတစ်ခုမှ မရှိတဲ့အခါ အိပ်စက်ခြင်းတွေက အရည်အသွေးညံ့သွားကြပါလိမ့်မယ်။

အကယ်၍ သင့်မှာ လှုပ်လှုပ်ရွရွဖြစ်စေတဲ့ အရေးကြီးတဲ့အရာတစ်ခုမှ မရှိဘူးဆိုရင် သင့်ရဲ့ မနက်ခင်းတွေမှာ ဒီလိုလုပ်ရိုးလုပ်စဉ်နှစ်ခုကို ထည့်ပါ။ မနက်ခင်းမှာ အိပ်ရာထလာတဲ့အခါ ကျေးဇူးသိတတ်တဲ့သဘောထားကို ပြုစုပျိုးထောင်ဖို့ဖြစ်ပါတယ်။ ဘဝမှာ ကျေးဇူးတင်မယ်ဆိုရင် ကျေးဇူးတင်စရာတွေအပြည့်ပါ။ သင်အသက်ရှင်နေရတာက ကျေးဇူးတင်စရာကိစ္စတွေထဲက တစ်ခုပါပဲ။ သင့်မှာရှိပြီးသားအရာတွေကို တန်ဖိုးထားမယ်ဆိုရင် ဒီစိတ်ထားက သင့်ဘဝမှာ အောင်မြင်မှုနှင့် အကောင်းမြင်စိတ်တွေကို ပိုဆွဲဆောင်စေပါတယ်။

နောက်တစ်ခုက အသစ်သော လှုပ်ရှားမှုတွေမှာ သင်ကိုယ်တိုင်ပါဝင်ခြင်းဖြစ်ပါတယ်။ တစ်ခါတရံမှာ သင်စိတ်ဝင်စားနိုင်လောက်မယ့် အသစ်တစ်ခုခုကို စတင်ပါ။ စွန့်စားပါ။ သို့မှသာ ကိုယ်ဟာ ဘယ်အရာတွေမှာ အဖြစ်ရှိသေးလဲဆိုတာကို ပိုနားလည်လာမှာပါ။

၄။ ဒီဘဝကနေ ငါဘာလိုချင်တာလဲ


ဒီမေးခွန်းကတော့ သင့်ရဲ့ အတွင်းစိတ်ဆန္ဒတွေနဲ့ ချိတ်ဆက်ဖို့ ရည်ရွယ်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်ဆန္ဒကိုယ်စီရှိကြပါတယ်။ တစ်ချို့လူတွေက တိတ်ဆိတ်အေးချမ်းတဲ့ဘဝကို လိုချင်ပေမယ့် တစ်ချို့က အောင်မြင်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဘဝကို လိုချင်ကြပါတယ်။ အဲဒီ့နှစ်ခုလုံးကြားမှာ ဗျာများပြီး နှစ်ခုစလုံးကို လိုချင်နေသူတွေလည်းရှိပါတယ်။

တစ်ခြားလူတွေရဲ့ လွှမ်းမိုးမှုအောက်ကနေ ထွက်ပြီး ကိုယ့်ရဲ့ ရွေးချယ်မှုတွေကို လက်ခံလိုက်ပါ။ သင့်ရဲ့ ဆုံးဖြတ်ချက်က သင်နဲ့အတူရှိနေဖို့ လိုအပ်ပါတယ်။ တစ်ခြားလူတွေကို သင့်ဘဝအပေါ် လွှမ်းမိုးခွင့်ပေးခြင်းက သင်လုပ်မိသမျှအရာတွေထဲက အမှားကြီးတစ်ခုဖြစ်ပါတယ်။ ရေရှည်ပျော်ရွှင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်။

၅။ ဒီဘဝကနေ ငါဘာတွေကို မျှော်လင့်ထားသလဲ


မယုံနိုင်စရာကောင်းလောက်အောင်ပဲ ဘဝမှာ သင်ရရှိတဲ့အရာတွေက သင်မျှော်လင့်ထားတာတွေပါပဲတဲ့။ ဒီမေးခွန်းကို ရင်မဆိုင်ခင်မှာ ကံကံရဲ့ အကျိုးကို အရင်ဆုံးနားလည်ထားဖို့ လိုပါတယ်။ သင့်ဘဝရဲ့ အရာရာတိုင်းဟာ သင်အတွေးတွေနဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်ဖြစ်တယ်ဆိုတာ နားလည်ပါ။ ဆင်းရဲဒုက္ခတွေပြည့်နေတဲ့ဘဝနဲ့ပဲ ရှေ့ဆက်မလား? ဒါမှမဟုတ် သင်လိုချင်တာတွေလုပ်ပြီး ပြည့်စုံမှု၊ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကနေ ရရှိတဲ့ ဘဝတစ်ခုကို ဖန်တီးချင်ပါသလား? ဘာပဲလုပ်ချင်ပါစေ သင့်မှာ စွမ်းအားအပြည့်ရှိပါတယ်။

၆။ ငါ ဘယ်လိုဒဏ်တွေကို ခံနိုင်ရည်ရှိလဲ

ဒီမေးခွန်းကတော့ တစ်ခုခုမှာ အရမ်းအောင်မြင်ချင်သူတွေ ၊ တစ်ခြားလူတွေရဲ့ အရှေ့မှာပဲရှိချင်တဲ့လူတွေအတွက် အသုံးဝင်ပါတယ်။ သင့်မှာ အောင်မြင်မှုကို ဆွတ်ခူးဖို့ဆိုရင် ပင်ပန်းပြီး နာကျင်ရပါလိမ့်မယ်။ ဒါပေမယ့် ဒီအရာက သင်ချစ်တဲ့လူတွေအတွက်ဆိုရင်တော့ ထိုက်တန်ပါတယ်။ ကြံ့ခိုင်ပြီး လှပသော ခန္ဓာကိုယ်တစ်ခုကို လိုချင်တဲ့လူတစ်ယောက်ကို ဥပမာယူပါ။ ကြွက်သားနာကျင်ခြင်းနှင့် မောပန်းနွမ်းနယ်မှုကို ကြုံတွေ့ရတာက ပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေက သူတို့ရဲ့ ပန်းတိုင်တွေဆီ ဘယ်လောက်တိုးတက်နေတယ်ဆိုတာ သိထားတော့ နာကျင်မှုကို ကြိုဆိုဖို့ ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးနေကြပါတယ်။

၇။ ကမ္ဘာကြီးကို ငါဘာတွေ ပြန်ပေးမလဲ


ငွေကြေးချမ်းသာပြီး အောင်မြင်မှုတွေတစ်သီကြီးပိုင်ဆိုင်ထားသူတွေက ဘာကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်နေကြပါလိမ့်လို့ တွေးဖူးတယ်မလား? အကြောင်းရင်းကတော့ သူတို့ရဲ့ အောင်မြင်မှုတွေက အပြင်ဘက်မှာရှိပြီး အတွင်းဘက်ထဲမှာ ဗလာဖြစ်နေတယ်လို့ ခံစားနေရတာကြောင့်ပါ။ အမှန်တကယ်တော့ အတွင်းစိတ်ကမ္ဘာက စိတ်ကျေနပ်ရှိနေဖို့က အရေးကြီးဆုံးပါ။

ကျွန်မတို့တစ်ယောက်ချင်းစီက ကမ္ဘာကြီးကို ပြန်လည်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လောကကောင်းကျိုးချမ်းသာကိုလည်း အကျိုးပြုပေးဖို့ လိုအပ်ပါတယ်။ စည်စိမ်းဥစ္စာနှင့် အောင်မြင်မှုဟာ ပြီးပြည့်စုံခြင်းကို ရှာဖွေပေးနိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာကြီးအတွက် သင့်ရဲ့ လက်ဆောင်တွေကသာ သင့်အတွက် စစ်မှန်တဲ့ပျော်ရွှင်မှုကို ရရှိစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင်လုပ်နိုင်သမျှထဲက သင့်ရဲ့ အရည်အချင်းတွေ၊ ပျော်ရွှင်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေကို သင့်ပတ်ဝန်းကျင်နဲ့အတူ မျှဝေလိုက်ပါ။

ဒီမေးခွန်းတွေက သင့်ဘဝကို ပိုမိုရှင်းလင်းစေပြီး လိုအပ်တဲ့ခြေလှမ်းတွေကို စတင်နိုင်ဖို့ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်။ အကူအညီတစ်ခုခုဖြစ်စေမယ်ဆိုရင် commet box မှာ သင်တို့ရဲ့ ခံစားချက်လေးတွေကို မျှဝေပေးခဲ့ပါဦး။

Lifestyle_Myanmar

Nyein_Thu

ref-themindsjournal


#မေးခွန်း
#ပျော်ရွှင်မှု
#အရာ
#မနက်
#လောက

Some text some message..