
အခန်း [ ၁၇ ]
ငါရယ်၊ အုန်းမောင်ရယ်၊ ဆရာရွှေဇံရယ် သုံးယောက်
ပေါင်းပြီး ခေါင်းချင်းဆိုင် အကြံထုတ်ခဲ့ကြတယ်။ ဒါကြီး
ကို စမိတဲ့အတွက် ငါ့ကိုပြန်ထိနေပြီ။ ငါဒီလိုကြီး မနေချင်တော့ဘူး။
လက်မောင်းမှာပတ်ထားတဲ့ လက်ပတ်ကြီး ပြုတ်သွားမှာ
ကို အချိန်နဲ့အမျှ စိုးထိတ် နေရတဲ့ဘဝကို ရောက်နေရပြီ
မဟုတ်လား။
ငါ့ကိုယ်ငါ အကျဉ်းကျနေသလိုခံစားနေရတယ်။ ညဘက်
လည်းမအိပ်ရဲ၊ နေ့ဘက်လည်း မအိပ်ပျော်နဲ့ ဘယ်အချိန်
ခွေးနက်ကြီးတွေ ပေါ်လာမလဲဆိုပြီး ရင်တထိတ်ထိတ်ဖြစ်
နေရတာပဲ။
ညဘက်တွေမှာဆို တစ်ပတ်တစ်ခါလောက် ခွေးနက်ကြီး
တွေရဲ့ အသံကြားနေရတယ်။ ငါကတော့ ဘခက်မြန်မြန်
ဆန်ဆန် ကိစ္စချောပါစေ မျှော်လင့်နေမိတော့တယ်။
ဒီလိုနဲ့ ဘခက်ကို စောင့်ကြည့်ရင်း စနည်းနာနေတာပေါ့။
ဘခက်က ငါ့ထက်ပိုဆိုးတဲ့ အရာတွေကြုံနေရတယ်ဆို
တာ သိရတော့ ငါဝမ်းသာနေမိခဲ့တယ်။
သူကငါ့ကိုရင်လာလာဖွင့်တာကိုး။ အလောင်းကောင်ကြီး
ဟာ သူ့ဘေးမှာ ရပ်ပြီး သူ့ကိုကြည့်နေတာ ရက်ပေါင်း
အတော်ကြာပြီလို့ဆိုတယ်။
အထက်လမ်းဆရာ၊ အောက်လမ်းဆရာတွေနဲ့ စစ်တာ
လည်း စုံနေပြီပေါ့၊ ဆရာတွေက ဘာဖြစ်မှန်းသေချာ
အတပ်မသိကြဘူးတဲ့။
ဆရာရွှေဇံပြောထားတာပဲ၊ ဘယ်ဆရာမှမကယ်နိုင်ဘူး
တဲ့ဆို။ ဘခက်ခုလို ခံစားနေရတာကို ငါကျေနပ်မိတယ်။
ငါ့စိန်တွေကို မတရားယူချင်တာကိုး။ ငါ့ကိုခြေရာတိုင်း
ချင်တာကိုး။
ခုတော့ ဘခက်တစ်ယောက် မျက်တွင်းဟောက်ပက်နဲ့ မရူးရုံတမယ် ဖြစ်နေပြီ။ မကြာတော့ဘူး။ တကယ်မကြာတော့
ဘူးဆိုတာ ငါသိနေတယ်။
ငါလည်း လုပ်စရာတစ်ခုကျန်သေးတယ်လေ။ ဘခက်
မရှိတော့ရင် ဘခက်အိမ်ကို ပြန်ဝယ်ဖို့ ငွေလိုတယ်။ ဒါ
ကြောင့် ရှမ်းပြည်ဘက်ခရီးထွက်ပြီး ကုန်ပြန်ကူးနေရ
တယ်။
တနေ့ကို ထမင်း ၂ နပ်ပဲစားပြီး ပိုက်ဆံစုတယ်။ ငါကြိုက်
တဲ့ ဆေးပေါ့လိပ်တောင် ဝယ်မသောက်တော့ဘူး။ ရသမျှ
ဘခက်အိမ် ပြန်ဝယ်ဖို့ စုနိုင်သမျှ စုတော့တာပဲ။
ဘခက်အိမ်က ခုကာလပေါက်ဈေးနဲ့ဆို ၁သိန်းပိုပိုတော့
ပေးရမှာပဲ။ ငါ့လက်ထဲ ငွေ ခြောက်သောင်းမပြည့်သေး
တော့ ခက်နေပြီ။
ငါအလုပ်ပိုလုပ်မှဖြစ်မယ်။ ပိုက်ဆံမြန်မြန်ပြည့်အောင်
ရှာရမယ်။ ယောက္ခထီးပေးတဲ့အမွေကလည်း အိမ်ပြန်
ပြင်ဆောက်တာနဲ့ အကြွေးဆပ်လိုက်တာနဲ့ ဘာမှ သိပ်
မကျန်တော့ဘူး။
ငွေအတွက် ငါစိတ်ပူနေတုန်းမှာ သတင်းဆိုးတစ်ခုက
ရောက်လာတော့တယ်။ ဆရာရွှေဇံ သွေးအန်ပြီးဆုံးပြီ
တဲ့။
ငါလုံးဝမထင်ထားဘူး။ ဆရာရွှေဇံမရှိတော့ရင် သူပေး
တဲ့ အဆောင်လက်ပတ်ကရော အစွမ်းထက်ပါအုံးမလား။
ကြေးနန်းရရခြင်း အိမ်ကိုအပြေးပြန်လာမိတော့တာပဲ။
အုန်းမောင်ဆီသွားတွေ့ရတာပေါ့။ ဆရာရွှေဇံဆီသူခေါ်
သွားပေးတာကိုး။ သူကငါ့ထက် အကြံကောင်း ဉာဏ်
ကောင်း ပိုထွက်တတ်တော့ သူ့ကိုအားကိုးမိတာ အမှန်ပဲ။
အုန်းမောင်က စိတ်မပူဖို့ ပြောတယ်။ ဆရာရွှေဇံ မရှိတော့
ပေမယ့် ဆရာရွှေဇံလိုမျိုး ဂိုဏ်းတူ တပည့်တစ်ယောက်ရှိသေးသတဲ့။
သူ့နာမည်က ဆရာကြိုင်လို့ခေါ်တယ်ပေါ့။ သူ့ဆီလိုက်
ပို့ပေးမယ်ဆိုပြီး ခေါ်သွားပေးတယ်။ ဆရာကြိုင်ဆီရောက်
တဲ့အခါ အကျိုးအကြောင်းအားလုံးပြောပြ ရှင်းပြလိုက်
ကြတယ်။
ဆရာကြိုင်က တအံ့တဩနဲ့ကြည့်နေတာပဲ။ ဒီလောက်
ကြောက်စရာကောင်းတဲ့ အတိုက်ကြီးကို ဘာလို့ လုပ်
ကြတာလဲ ဆိုပြီး ပြောတယ်။
အတိုက်က လုပ်နည်းမှားရင် လုပ်တဲ့သူကို ပြန်ထိသတဲ့။
ဆရာရွှေဇံက တစ်ခုခုမှားသွားလို့ ခုလိုဖြစ်သွားတာလို့
လည်းပြောတယ်။
အတိုက်က လုပ်ပေးတဲ့သူကို ပြန်ထိတာ၊ ဘာလို့လဲဆို
ရင် သစ်နက်ရုပ်ဟာ ဖုတ်ကောင်ကြီး တစ်ကောင်လိုဖြစ်
နေပြီ။
သူ့ကိုအစာကျွေးရတယ်။ မြုပ်ပြီးကတည်းက ငါတို့သူ့
ကို ဘာမှ မကျွေးမမွေး မ ' ပသ ' ထားဘူးကိုး။ သစ်နက်ရုပ်ကြီးဟာ ပထမဆုံးအကြိမ် လူစားခါနီးဆို အားယူတဲ့သဘောရှိတတ်လို့ သူ့ကို အစာကျွေးရသတဲ့။ အစာကျွေးပြီးရင် လူစစားပြီ။
ဒီတစ်ခုလုပ်ဖို့ ဆရာရွှေဇံကျန်နေခဲ့တယ်။ ဖုတ်ကောင်
အရုပ်ကြီးက သူ့ကိုအသက်သွင်းတဲ့သူကို ပြန်စားသွား
တာမျိုးပေါ့။
ခုတော့ ကမောက်ကမတွေဖြစ်ကုန်ပြီ။ ဘယ့်နှယ့်လုပ်
ကြမတုန်းဆိုတဲ့အခါ ဆရာကြိုင်က သူကယ်မယ်တဲ့။
ဒါပေမယ့် အဖိုးအခထိုက်ထိုက်တန်တန်ရမှ လုပ်ပေး
နိုင်မယ်ဆိုပြန်ရော။
ငါကလည်း ဘခက်အိမ်ကိုဝယ်ရအုံးမှာ၊ ပိုက်ဆံအပိုသုံး
ဖို့မလွယ်ဘူး။ ဒါကြောင့်ဘယ်လောက်ကန်တော့ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ မေးကြည့်မိတော့တယ်။
ဆရာကြိုင်က ငွေတစ်ထောင်နဲ့ ဆန်တစ်ပြည် ကန်
တော့ရမယ်တဲ့။ ငွေတစ်ထောင်ကများလွန်းနေတယ်။
တကယ်လို့ ခုလိုလုပ်တာ မအောင်မြင်ခဲ့ရင်ဆိုပြီး သေချာ
အောင်မေးကြည့်တဲ့အခါ သူ့ပြန်ဖြည်မှာပါတဲ့။
မအောင်မြင်ခဲ့ရင်တောင် ခုယတြာကို သူပြန်ချေပေး
ပါ့မယ်၊ သူ့မှာပြန်ဖြည်နည်းရှိပါတယ်တဲ့။ ငါလည်းအား
ကိုးရာမဲ့နေပြီမလို့ လုပ်လိုက်တော့မယ်လို့ ဆုံးဖြတ်
လိုက်တော့တယ်။
ငါ့ကိုနောက်ထပ်အစီအရင် တစ်ခုထပ်လုပ်ရမယ်လို့
ပြောတယ်။ ဘယ်လိုလုပ်ရမလဲဆို သစ်နက်ရုပ်ကို ငါကပြန်ထိန်းရမယ်တဲ့။ ဆရာရွှေဇံပြောတော့ သစ်နက်ရုပ်
ကြီးက မြေကြီးထဲ ရွေ့နေတာ ငါဘယ်လိုပြန်ထိန်းနိုင်
မလဲ။
ဆရာကြိုင်ကြတော့ နည်းလမ်းတစ်မျိုး။ သစ်နက်ရုပ်
ကို အသက်သွင်းတာ ဆရာရွှေဇံ၊ ငါ၊ အုန်းမောင် ဒီသုံး
ယောက်ဟာ ပြန်ထိကိုထိမှာ။
အုန်းမောင်တစ်ယောက်ဘဲ ခုထိဘာမှမဖြစ်သေးတာ၊
ကျန်တဲ့သူတွေက ကျိန်စာစက်ကွင်း မိနေကြပြီ။ ဒီအ
တိုက်ကြီးက ဖြေဆေးမရှိဘူး။ စပြီးရင် သစ်နက်ရုပ်ကြီး
ဟာ အနည်းဆုံး လူတစ်ယောက်တော့ စားကိုစားမှာ။
အဲ့ဒီတစ်ယောက်က ဘခက်ဆိုတာ သေချာနေပြီ။ ဘခက်
ကို စားပြီးမှ မြေလှန်ပြီး အရုပ်ကိုပြန်ထုတ်လို့ရမယ်။ မ
ဟုတ်ရင် မြေဘယ်လောက်လှန်လှန် အရုပ်ကိုရှာတွေ့မှာ
မဟုတ်ဘူးတဲ့။
ဒီတော့ ငါတို့လည်း အကာအကွယ်ပြန်ယူဖို့ ကိုယ်စားလက်လှယ် လုပ်ရမယ်ပေါ့။ ဘယ်လိုမျိုးလဲဆို ဂျုံမုန့်ကို လူပုံသဏ္ဍာန်လုပ်ပြီး ငါတို့ရဲ့ လက်သည်း၊ ခြေသည်း ၊ ဆံပင် အဲ့ဒါတွေ ဂျုံရုပ်မှာ ကပ်ရမတဲ့။
ပြီးရင် ဘခက်ဟာခြံဝင်းထဲက အရှေ့မြောက်အရပ်မှာ
ထားရမယ်လို့ပြောတယ်။ ဒါဆို သစ်နက်ရုပ်ကို အသက်
သွင်းတဲ့သူဟာ ကျိန်စာစက်ကွင်း ပြယ်သွားလိမ့်မယ်။
ကျိန်စာက ငါတို့ကိုယ်စား ဂျုံရုပ်ကို စားသွားရင် လွတ်
ပြီ။
ဒါဆို ငါ့ဆီလာနေတဲ့ ခွေးနက်ကြီးတွေလည်း မလာတော့ဘူး။ ငါနဲ့အုန်းမောင်လည်း လုပ်မယ်ပေါ့။ ဘခက်ခြံဝင်း
ထဲ မြုပ်ရမှာဆိုတော့ ဘခက်ကိုပြန်လှည့်စားရမယ်။
ဘခက်ကိုတော့ သူ့လက်သည်းခြေသည်းထည့်ပြီး ကိုယ်
စားလက်လှယ်လုပ် ယတြာချေမယ်လို့ပြောရမှာပဲ။ ပြီးရင်
အရုပ်မှာ ငါတို့ လက်သည်း ခြေသည်းနဲ့ ပြောင်းထည့်
လိုက်ရုံပဲကိုး။ ဘာမှတော့မခက်လှဘူး။
ဆရာကြိုင်နည်းအတိုင်းလုပ်ဖို့ စီစဉ်လိုက်ကြတော့တယ်။
ဘခက်ကလည်း လူသေကောင်ကြီးပဲ မြင်နေတော့ စိတ်
မမှန်တော့သလိုဖြစ်နေပြီ။
သူ့မိန်းမကလည်း တော်တော်စိတ်ဆင်းရဲနေတာသိသာ
တယ်။ လူကပိန်ကပ်ပြီး မျက်နှာက နွမ်းလို့။ ငါကတော့
မသနားနိုင်ဘူး။
ဘခက်မိန်းမကို ယတြာချေကြည့်ဖို့ တိုက်တွန်းတော့ ဘာ
ဖြစ်ဖြစ်လုပ်မယ်တဲ့။ ဆရာကြိုင်ကို ဘခက်အိမ် ခေါ်
လာတာပေါ့။ ငါတို့ကလက်ဝါးချင်းရိုက်ထားကြပြီးသား။
ဂျုံရုပ်နှစ်ရုပ်လုပ်ပြီး လင်မယားနှစ်ယောက်လုံး ယတြာ
ချေဖို့ ဆရာကြိုင်က စီမံပေးတယ်။ ငါနဲ့အုန်းမောင်က
လိုက်ကူညီပေးတဲ့သူတွေပေါ့လေ။
ငါတို့အကြံ အထမြောက်ခဲ့တယ်။ လက်သည်း ခြေသည်း
ဆံပင် အစားထိုးပြီး ခြံထဲပစ်နိုင်ခဲ့တယ်။ အဲ့ဒါလုပ်ပြီး
တဲ့အခါ ဆရာရွှေဇံရဲ့လက်ပတ်လည်း မလိုတော့ဘူးလေ။
လက်ပတ်ကို လက်မောင်းပေါ်ကဖြုတ်ပြီး ဗီဒိုထဲထည့်
သိမ်းထားလိုက်တော့တယ်။
***********
အခန်း [ ၁၈ ]
" လုပ်ရက်လိုက်တာ ဘိုးဘိုးရယ် ... "
ဦးအောင်ဒင်၏ စာအုပ်ကိုဖတ်ရင်း နုရည်ဝင်း မျက်ရည်
များစီးကျလာခဲ့သည်။
" ပိုက်ဆံဆိုတာ ပြန်ရှာလို့ရပါတယ် ... သူ့အကုသိုလ်နဲ့
သူ သွားပါစေပေါ့ ... ဘိုးဘိုးက ဘာဖြစ်လို့များ ဒီအကု
သိုလ်ကြီးကို ဝင်ယူရသလဲ ... ခုတော့ "
ပါးပြင်ပေါ်စီးကျလာသည့် မျက်ရည်များကို လက်ဖဝါး
နှင့်သုတ်ကာ စာကိုဆက်မဖတ်နိုင်လာတော့ပေ။ မျက်
ရည်များကြောင့် စာလုံးများကဝါးနေလေသည်။
" ဘိုးဘိုး လုပ်ခဲ့တဲ့ အကုသိုလ်ကို သမီး ရအောင်ပြန်
ဆယ်မယ် ... "
စိတ်ဓာတ်ကျစွာဖြင့် စာကြည့်စားပွဲပေါ် ခဏမှောက်နေ
လိုက်သည်။ စာအုပ်ကို ဆက်ဖတ်ကြည့်ဖို့ အားမရှိနေပေ။
သို့သော်လည်း မဖတ်လျှင် သိရမည်မဟုတ်။
သူမသိထားသည့် ရိုးသားလှသောအဘိုးဖြစ်သူမှာ အငြိုး
ကြီးပြီး ရက်စက်တတ်သူဖြစ်နေသဖြင့် အလွန်ဝမ်းနည်း
နေမိသည်။
တချိန်လုံး ဂုဏ်ယူဝင့်ကြွားခဲ့ရသည့် အဘိုးအကြောင်း
များမှာ လုပ်ဇတ်သက်သက်သာ။ အဘိုးဖြစ်သူက သူ၏
မိသားစုအပေါ်တွင် အနှိုင်းမဲ့ သာလွန်သော မေတ္တာပေး
ခဲ့သဖြင့် ဂုဏ်ယူဝင့်ကြွားမိကြခြင်းပင်။
အမှန်စင်စစ်မူ မိသားစုအပေါ်တွင်သာ ကောင်းပြီး သူ
စိမ်းတရံအပေါ်၌ ကြောက်စရာကောင်းလောက်အောင်
အငြိုးကြီးမားလွန်းသူ ဖြစ်နေလေသည်။
" နုရည် ... ထမင်းမစားဘူးလား "
" သမီး မစားချင်သေးဘူးမေမေ ... ခုနက မုန့်စားလာ
လို့ "
ဒေါ်သန်းသန်းဝင်းက လာမေးပြီး ပြန်ထွက်သွားသည်။
ဖခင်ဖြစ်သူကို ခေါ်၍ ညစာစားသောက်နေကြသည်ကို
အသံကြားနေရလေသည်။
နုရည်ဝင်းလည်း တုန်ယင်နေသော လက်အစုံဖြင့် စာ
အုပ်ကို တဖန်ပြန်ဖွင့်ကြည့် လိုက်တော့လေသည်။
လက်ပတ်ဖြုတ်ပြီး စိတ်လွတ်ကိုယ်လွတ်နဲ့ အိပ်နေတုန်း
နားထဲမှာ ခွေးနက်ကြီးတွေ မာန်ဖီသံကြားလို့ လန့်ပြီး
ထထိုင်မိလိုက်တယ်။
ငါ့ကုတင်ခြေရင်းမှာ ခွေးနက်ကြီးသုံးကောင်၊ မာန်ဖီပြီး
ငါ့ကိုကြည့်နေကြတာ ကြောက်စရာကြီး။ အဲ့ဒီခွေးနက်
ကြီးတွေဟာ တဖြည်းဖြည်း မြင့်တက်လာပြီးတော့ လူ
နက်ကြီး သုံးယောက်အဖြစ် ပြောင်းသွားပါရောလား။
လူနက်ကြီးတွေဟာ အပေါ်ပိုင်း ဗလာကျင်းနဲ့၊ ပုဆိုး
ကတောင်းကျိုက်ထားသလို ဝတ်ထားတယ်။ သူတို့
မျက်လုံးကြီးတွေက နီရဲနေတာပဲ။
သူတို့ကိုမြင်နေရတာ ဘယ်လိုအသည်းငယ်သွားမှန်း
မပြောပြတတ်ဘူး။ ငါ့ကိုယ်ငါ မပိုင်သလိုမျိုး၊ ငါ့ကိုယ်ငါ
ပျောက်ဆုံးသွားသလိုမျိုး ချက်ချင်းကြီး သိမ်ငယ်သွား
မိတယ်။
လူနက်ကြီးတွေဟာ ငါ့ကိုဂုတ်ကနေ ဆွဲခေါ် ပစ်ကြတယ်။
ဘယ်လောက်ကြောက်စရာကောင်းလဲဆို သူတို့ဆွဲခေါ်
တဲ့အခါ ငါလည်း သူတို့လက်ထဲ မြှောက်ခနဲ မြှောက်တက်
ပြီးပါသွားပေမယ့် ကုတင်ပေါ်မှာတော့ ငါ့ခန္ဓာကိုယ်ကြီး
ကျန်နေတာမြင်နေရတာပဲ။
ဒါဆို သူတို့လက်ထဲ ပါသွားတာ ငါ့ ဝိဉာဉ်ပေါ့။ အဲ့ဒီခဏ
ဟာ ဘဝမှာ ကြောက်စရာအကောင်းဆုံးပဲ။ ငါသေပြီထင်
ခဲ့တာ။ ငါသေကံမရောက်သေးဘူးထင်ပါတယ်။
အဲ့ဒီအချိန်မှာ သင်္ကန်းစကြီးက ငါ့ကိုရစ်ပြီး ပြန်ဆွဲခေါ်
သွားလို့ ငါလွတ်ခဲ့ရတယ်။ ကြောက်အားလန့်အားနဲ့ထ
ထိုင်လိုက်တဲ့အခါ ငါကုတင်ပေါ်ပြန်ရောက်နေပြီ။
ငါချက်ချင်းသတိရသွားမိတယ်။ ရှမ်းပြည်ဘက်ခရီး
ထွက်တုန်းက အဲ့ဘက်မှာ ရေခဲတော့မတတ်အေးနေချိန်
ကားဂိတ်မှာ ဥူးဇင်းတစ်ပါးဟာ သင်္ကန်းပါးပါးလေးရုံ
ပြီး ခိုက်ခိုက်တုန်နေတာ တွေ့ခဲ့ရတယ်။
ဥူးဇင်းက တခြားနေရာကို ကြွဖို့ ကားစီးတာထင်တယ်။
ငါလည်း အချိန်ရသေးတာနဲ့ မြို့ထဲပတ်ရင်း သင်္ကန်းအပေါ်ရုံဖို့ ဝင်ဝယ်ပြီး လှူခဲ့လိုက်တယ်။
ဒီကုသိုလ်တရားဟာ ငါ့ကိုပြန်ကယ်သွားတာမှန်း ငါသိ
လိုက်ပြီ။ ဒါပေမယ့် ငါလုပ်တဲ့အကုသိုလ်ကကြီးတော့
ကြာကြာကယ်နိုင်မယ်မထင်ဘူး။
ငါလည်း ဒါကိုကြာကြာမတွေးနိုင်ပါဘူး။ ဆရာကြိုင်ဆီ
ညတွင်းချင်း သွားလိုက်တော့တာပဲ။ ဆရာကြိုင်ရဲ့ အိမ်
တံခါးကို တဘုံးဘုံး ထုပြီး နိုးတာပေါ့။
တော်တော်ကြာမှ ဆရာကြိုင်နိုးလာပြီး တံခါးလာဖွင့်
ပေးတော့တယ်။ ငါလည်း ဖြစ်ကြောင်းကုန်စင်ပြောပြ
တဲ့အခါ နည်းလမ်းကဒီတစ်ခုပဲရှိတာတဲ့၊ ဒါမှမကယ်နိုင်
ရင် သူလည်းမတတ်နိုင်ဘူးလို့ ဆိုပြန်ရောလား။
ဆရာကြိုင်က အပြောတစ်မျိုး အလုပ်တစ်မျိုးလူစား။
ပြောတုန်းက သူပြန်ဖြည်ပေးမယ်ဆိုပြီး ခုကြတော့ မရ
တော့ဘူးတဲ့။ မရဘူးဆို ငါ့ငွေတစ်ဝက်ပြန်ပေးလို့ ပြန်
တောင်းပစ်တာပေါ့။
ဆရာကြိုင်က ငွေပြန်ယူရင် ခုထက်ဆိုးသွားအောင်သူ
လုပ်ပစ်မှာလို့ပြန်ပြောတယ်။ ငါ့ဒေါသကထိန်းမရတော့
ဘူး။ ဆရာကြိုင်ကို လက်ညိုးငေါက်ငေါက်ထိုးပြီး ဆဲခဲ့တယ်။
" အလကားအောက်လမ်းဆရာ၊ ငါ့ပိုက်ဆံကိုလိမ်ယူ
သွားတာ သွေးအန်သေပါစေ "
ဒီအကြောင်းတွေကို ငါတစ်ခုခုဖြစ်ပြီး မပြောပြခဲ့ရမှာစိုး
လို့ အခုရေးထားခဲ့တာ။ မနက်ဖြန်ဘာတွေကြုံရမလဲဆို
တာကို နေ့စွဲတပ်ပြီး ဆက်ရေးခဲ့မယ်။
စာအုပ်မှာထိုအထိသာ။ နုရည်ဝင်းလည်း နောက်ဆုံးအထိ
တစ်ရွက်ချင်း လှန်ရှာကြည့်သော်လည်း စာအဆက်မရှိ
တော့ပေ။
ထိုအဆက်ဟု ထင်မှတ်ရသည့် မှတ်တမ်းမှာ ရှေ့စာမျက်
နှာတွင် ဖတ်ခဲ့ရသည်များသာ ဖြစ်ပေလိမ့်မည်။
" ဘိုးဘိုး ... ဘာတွေဆက်ဖြစ်သွားတာလဲ ... ဦးဘခက်
နဲ့ ဦးအုန်းမောင်ကရော ... ဒီနောက်ပိုင်း ကိစ္စတချို့ကို
တော့ မေမေ နည်းနည်းပါးပါး သိမယ်ထင်တယ် ... ငါ
ဘယ်လိုမေးရမလဲ "
နုရည်ဝင်းမှာ အကြံထုတ်မရဘဲ ဖြစ်နေခဲ့သည်။ ထို့
ကြောင့် ဖခင်ဖြစ်သူကို အကြံဉာဏ်တောင်းရမည်ဟု စိတ်ကူးထားလိုက်လေတော့၏။
စာအုပ်ကို ပိုက်ဆံအိတ်ထဲထည့်ခဲ့ပြီး ညစာစားရန် ထွက်
လာခဲ့လိုက်သည်။ သူမ၏အသံကြားသဖြင့် ဖခင်ဖြစ်သူ
သည်လည်း မယောက်မလည်နှင့် ရောက်လာပြီး ' အခြေ
အနေဘယ်လိုလဲ ' ဟူသော သဘောမျိုး မျက်နှာဟန်
ထားနှင့် မေးလေသည်။
ဖခင်ကို ခေါင်းခါပြလိုက်ပြီး Nokia keypad ဖုန်းလေး
ကို မြှောက်ပြလိုက်သည်။ မက်ဆေ့ပို့လိုက်မည်ဟု ပါး
စပ်လှုပ်ရုံလေး ပြောရင်း ထမင်းဆက်စားနေသည်။
ဦးသန်းတိုးလည်း ဧည့်ခန်းတွင်ထိုင်စောင့်နေကာ တီဗီ
ထိုင်ကြည့်ရင်း စောင့်နေမိသည်။ သူ၏အတွေးထဲတွင်
ဒေါ်သန်းသန်းဝင်း မရိပ်မိခင် စာအုပ်ပြန်ထားနိုင်ရေး
သာ တွေးနေ၏။
နုရည်ဝင်းက ညစာစားပြီးသည့်အခါ အခန်းထဲဝင်သွား
ပြီး ဖခင်ကို မက်ဆေ့ပို့လိုက်သည်။
" ဖေဖေ ... ဒီစာအုပ်ပြန်မပေးခင် အရင်ဖတ်ကြည့်အုံး...
ဘိုးဘိုးက ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုလုပ်ထား
တယ် "
ဦးသန်းတိုးလည်း မက်ဆေ့ကိုဖတ်ပြီး ပြန်ရေးလိုက်၏။
" မေမေ မသိခင် စာအုပ်ပြန်ထားမှရမှာ ... နောက်မှဖတ်
မယ် ... စာအုပ်အရင်လာပို့ "
နုရည်ဝင်းလည်း စာအုပ်ပြန်ပို့လျှင် ဖခင်ဖတ်မည်မဟုတ်
မှန်း ရိပ်မိနေတော့သည်။ ထို့ကြောင့် ဖတ်မပြီးသေး၍
မနက်မှ စာအုပ်ပြန်ထားပေးဖို့ မက်ဆေ့ပြန်ပို့ခဲ့၏။
***********
အခန်း [ ၁၉ ]
" ငါ ရွှေဝါးရုံဆရာကို အိမ်ပင့်ခဲ့တယ် ငွေတိုး "
" ဟင် ... ဆရာလာမယ်တဲ့လား ... "
" အေး ... ၂ နာရီလောက်မှအားမယ်တဲ့ ... ဝေယံထူးကို
သွားပင့်ခိုင်းထားတယ် "
" ငါပြောတာ နင်ယုံပြီပေါ့ မကြီး "
" ယုံလို့မဟုတ်ဘူး ... နင့်ကိုအမှောင့်ပရောဂကပ်နေ
လား စစ်မလို့ဟေ "
ဒေါ်စိန်သန်းအဖြေကို ဦးငွေတိုး သဘောမကျသော်လည်း
ဆရာပင့်ထားသည်ဆိုသဖြင့် ဝမ်းသာမိသွားသည်။ သူ
တစ်ယောက်တည်းအခက်တွေ့နေရသည်မှာ ကြာလှချေ
ပြီ။
ယခုအခါတွင်မူ အတူကူညီဖြေရှင်းပေးမည့် ဆရာရောက်
လာချေတော့မည်။ ဦးငွေတိုးလည်း ဆရာကိုသာ တွင်
တွင်မျှော်နေမိ၏။
ညနေ ( ၃ ) နာရီခန့်ရောက်သောအခါ ရွှေဝါးရုံဆရာဟု
နာမည်ကြီးနေသော ဆရာဦးနိုင်မိုး ရောက်လာလေသည်။
ထိုဆရာကို ဝေယံထူးက သူ၏ဆိုင်ကယ်လေးနှင့် သွား
ပင့်ခေါ်လာခြင်းပင်။
ဆရာနိုင်မိုးမှာ ခြံထိပ်ရောက်သည်နှင့် ဆက်မဝင်ဘဲတန့်
သွား၏။ မြေကြီးကိုသာ စူးစိုက်ကြည့်နေလေသည်။
" ဆရာကြီး ... အထဲကြွပါရှင့် "
ဒေါ်စိန်သန်းက ဖက်လှဲတကင်း နှုတ်ဆက်ကာ အထဲခေါ်
ဝင်လိုက်သည်။ ဆရာနိုင်မိုးက သူ၏လွယ်အိတ်ထဲမှ ဆေး
မှုန့်အချို့ကို ပက်ပြီး ထိုဆေးမှုန့်ပေါ်သို့သာ လမ်းလျှောက်
ဝင်လာခဲ့၏။
အိမ်ထဲရောက်သည့်အခါ အိမ်ကိုကြည့်ပြီး မျက်နှာ မ
ကောင်းနေပေ။ ဆရာနိုင်မိုးကို နေရာထိုင်ခင်းပေးပြီး
ဒေါ်စိန်သန်းက ဦးငွေတိုးအား စစ်ဆေးကြည့်ပေးရန်
ပြောလေတော့သည်။
" သူ့ကိုစစ်စရာမလိုဘူးအစ်မကြီး ... တကယ်စစ်သင့်
တာက ဒီအိမ်ကြီးကိုပဲ "
" ရှင် "
" အိမ်ကြီးက တစ်ခုခုစီးနေတယ် ... အခိုးအငွေ့တွေ
အပြည့်ဖုံးနေတာကို ခံစားနေရတယ် "
ဒေါ်စိန်သန်းမှာ ဆရာနိုင်မိုးပြောသည်ကို နားမလည်နိုင်
ရှာ။ ပါးစပ်လေးဟပြီး ကြည့်နေလေသည်။ ဦးငွေတိုးမှာမူ ကယ်တင်နိုင်မည့်သူတွေ့ပြီဟူ၍ အားတက်လာမိတော့
၏။
" ဒီလိုပါဆရာကြီး ... ကျွန်တော်သေရတော့မယ်နဲ့တူ
ပါတယ်... အဖြစ်အပျက်ကြီးက မသင်္ကာစရာလည်း...
ကောင်း... ကြောက်စရာလည်း...ကောင်းနေတာခင်ဗျ "
" အင်း ... အစအဆုံးပြောပြပါအုံးလေ "
ဦးငွေတိုးမှာ အခန်းထဲစာအုပ်ဝင်ယူပြီး ပြန်ထွက်လာခဲ့
သည်။ ထို့နောက် ( ၁၅ ) နှစ်ကြာလအတွင်း သေဆုံး
စာရင်းနှင့် ထူးဆန်းမှုများကို စီကာပတ်ကုံး ပြောပြလိုက်
၏။
ဦးငွေတိုးနှင့် ဆရာနိုင်မိုးတို့ အချိတ်အဆက်မိမိပြောနေ
ကြသည်ကို တစ်အိမ်သားလုံး နားမလည်နိုင်ကြပေ။ အ
ခြေအနေကိုသာ အကဲခတ်နေကြလေသည်။
" ဒီလိုအဖြစ်မျိုး ကျွန်တော်ကြားဖူးတယ် ကိုငွေတိုးရ ...
ဒါပေမယ့် ဒီပညာရပ်ဟာ ပျောက်ကွယ်နေတာ နှစ်ပေါင်း
အတော်ကြာနေပြီပဲ ... ဒီပညာကိုသုံးတဲ့သူရှိတာ ဟုတ်
နိုင်ပါ့မလားတော့မသိဘူး "
" ဆရာကြီးကြားဖူးနားဝရှိတယ်ဆိုရင်... ဟုတ်လောက်မှာ
ပါ ... ကျွန်တော်တို့မိသားစုကို ကယ်တင်ပေးပါဆရာကြီး
ရယ်... ကျေးဇူးမမေ့ပါဘူးဗျာ "
" ကျွန်တော်ကတော့ အကူအညီလာတောင်းသမျှအကုန်
ကူညီနိုင်သလောက် ကယ်တင်နိုင်သလောက် ကူပေးကယ်
ပေးပါတယ် ... ဒါပေမယ့် ခုကိစ္စကြီးကြတော့ လုံးစေ့ပတ်
စေ့ မသိနေဘူး ... ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်
ဆရာ ပြောပြဖူးတာ တစ်ခါကြားဖူးတယ် ... ကြားဖူးတယ်
ဆိုရုံပဲ ... ဒီတော့ ကျွန်တော် ပြန်လေ့လာရအုံးမှာပဲ "
" ဟုတ်ကဲ့ပါဆရာကြီး ... "
" လောလောဆည်တော့ ကိုငွေတိုးကို စည်းချပေးပြီး
အကာအရံလုပ်ပေးခဲ့မယ် ... ကိုငွေတိုးဘက်ကလည်း
တစ်ခုတော့စောင့်ထိန်းပေး "
" ဟုတ် ပြောပါဆရာကြီး "
" သီလလုံအောင်ထိန်းရမယ် ... ဘာအကြောင်းနဲ့မှ သီလ
မကျိုးစေနဲ့ ... ဒီအိမ်ကြီးမှာစီရင်ထားတဲ့အတိုက်က အောက်လမ်းပညာရပ်ထဲက တော်တော်ရှေးကျတဲ့ပညာ
မျိုး ... ဘယ်လိုအမှောင့်ပရောဂ မကောင်းတဲ့အတိုက်
ဖြစ်ပါစေ ... သီလသာလုံရင် သူအားနည်းသွားလိမ့်မယ်
... "
" ဟုတ်ကဲ့ "
" နောက်တစ်ခုကတော့ မေတ္တာပို့ပေးရမယ် ... မေတ္တာပွား
များတဲ့သူဟာ အတိုက်အခိုက်ရန်ကို ကျော်လွှားနိုင်တယ်...
ကျွန်တော်နည်းလမ်း ရှာနေတုန်း ကိုငွေတိုးတို့ တစ်အိမ်လုံး
တစ်မိသားစုလုံး သီလလုံအောင်ထိန်းပြီး မေတ္တာပွားကြ
ပါ ... နည်းလမ်းရှာတွေ့တာနဲ့ ကျွန်တော်ပြန်လာခဲ့မယ် "
ထူးဆန်းသည်မှာ ရွှေဝါးရုံဆရာသည် ထိုသို့ပြောပြီး ပြန်သွားခဲ့သည်။ ယခင်က အမှောင့်ပရောဂစစ်ပေး
လျှင် ထိုသို့မဟုတ်၊ ယခုမူကား အရေးကြီးပြဿနာကဲ့
သို့ ယူဆပုံရ၏။ ကတိုက်ကရိုက်ပြန်သွားလေသည်။
ဒေါ်စိန်သန်းတို့မှာနားမလည်နိုင်ဘဲတစ်ယောက်တစ်
ပေါက်ပြောနေကြသော်လည်း ဦးငွေတိုးမှာမူ ဆရာနိုင်မိုး
အပေါ် အမျှော်လင့်ကြီး မျှော်လင့်နေမိ၏။
အတိုက်ကြီးတိုက်ခံထားရသော ယခုအိမ်ကိုစွန့်ခွာပစ်
ချင်စိတ်တဖွားဖွားပေါ်လာသည့်တိုင် မစွန့်ပစ်နိုင်သေး။
ငွေကြေးအဆင်မပြေသဖြင့် နေစရာနေရာရှာဖွေနိုင်မည်
မဟုတ်ပေ။
အိမ်ကိုရောင်းချပြီး ပြောင်းရွေ့နေထိုင်ဖို့ စီစဉ်ကြည့်
လည်း အဆင်မပြေ။ အဘယ်အကြောင်းကြောင့် ဝယ်
မည့်သူမရှိဖြစ်နေသနည်း မည်သူမှတွေးမရကြတော့။
မြို့လယ်ခေါင်ကျသည်ဟုဆိုနိုင်သည့် နေရာကောင်း၊
ရပ်ကွက်ကောင်း အိမ်ကြီးမှာ ပွဲစားအလီလီရောက်လာကြ
ပြီး ဝယ်ယူမည့်သူများအား ခေါ်လာပြကြသော်လည်း
အကြောင်းကြောင်းကြောင့် ပျက်ခဲ့သည်ချည်းသာ။
အခန်း [ ၂၀ ]
နုရည်ဝင်း တစ်ညလုံးအိပ်မပျော်ပေ။ ဟိုဘက်လှိမ့်လိုက်၊
ဒီဘက်လှိမ့်လိုက်ဖြင့် အကြံထုတ်နေသည်။ အဘိုးဖြစ်သူ
၏ လုပ်ရပ်များကို မည်သို့မည်ပုံ ဖြေဖျောက်ပေးနိုင်မည်
နည်း ဟုနည်းလမ်းအမျိုးမျိုးရှာကြည့်နေ၏။
" ဟုတ်ပြီ ... အန်တီအေးကို ပြောပြရမယ်... နောက်ပြီးစာ
အုပ်ထဲမှာ ဘကြီးကျော်ဝင်း မြင်တယ်လို့ရေးထားတာ...
ဘကြီးများသိနေမလား ... မေမေပြောတော့ မန္တလေးမှာ
ဆိုပြီး ဘယ်လိုပြန်ရောက်လာတာလဲ ... ဘာပဲဖြစ်ဖြစ်
အန်တီအေးတော့ သိမှာပဲ ... အန်တီအေးဆီစာအုပ်ယူ
သွားပြီးပြရမယ် "
အစီအစဉ်ချပြီးသည်ဖြစ်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
သွားခဲ့လေတော့သည်။
မနက်ရောက်သည့်အခါ ဦးသန်းတိုးက စာအုပ်ပြန်တောင်း
နေသည်ကို မသိဟန်ပြုကာ အပြင်ထွက်လာခဲ့လိုက်သည်။
" နုရည် ... ဒါကဘယ်လဲ "
" သမီး သင်တန်းလေးသွားစုံစမ်းမလို့မေမေ "
" ဘာသင်တန်းတုန်း ... သင်တန်းကလည်းတက်လို့ကို
မပြီးတော့ဘူး "
" Excel တက်ချင်လို့ သွားစုံစမ်းမှာပါမေမေရယ် ... သမီး
ကလေးမဟုတ်တော့ဘူး ... မေမေကတအားလိုက်ပူနေ
တာပဲ "
" ဟဲ့ ...အမေကိုတစ်ခွန်းမခံပြန်ပြောနေတာ ကြည့်စမ်း "
" မဟုတ်ပါဘူးမေမေကလဲ ... ခဏပဲ မကြာဘူး "
" ဖြည်းဖြည်းမောင်းအုံး ... "
" ဟုတ် ... ဟုတ် "
ဒေါ်သန်းသန်းဝင်းမှာ နုရည်ဝင်းထွက်သွားရာကြည့်ကာ
သက်ပြင်းချနေလေတော့၏။
" ကိုသန်းတိုး ... အဲ့ဒါကြောင့် ရှင့်သမီးကို ကားမဝယ်
ပေးနဲ့လို့တားတာ ... ခုတော့မျောက်အုန်းသီးရသလိုပဲ ...
တချိန်လုံးထွက်နေရော "
" သူတို့ခေတ်ပဲမဟုတ်လားကွ ... သမီးလည်းအရွယ်
ရောက်နေပြီပဲ ... လွတ်လွတ်လပ်လပ်သွားချင်ရှာမှာ
ပေါ့ ... မဟုတ်တာမလုပ်ရင် ပြီးတာပဲကို "
ဒေါ်သန်းသန်းဝင်းမှာ နုရည်ဝင်းကိုမနိုင်သည့်အခါတိုင်း
ဦးသန်းတိုးကိုသာအပြစ်တင်မြဲ။ သို့သော်လည်း တစ်ဦး
တည်းသောသမီးလေးဖြစ်၍ လိုချင်သမျှအကုန် ဆင်
ပေး ဝယ်ပေးခဲ့သည်။ ဝယ်ပေးပြီးမှ စိတ်ပူသည်။
နုရည်ဝင်းအပြင်ထွက်တိုင်း ဒေါ်သန်းသန်းဝင်းမှာစိတ်
မအေးနိုင်။ အိမ်ပြန်ရောက်ပြီဆိုမှ ဟင်းချနိုင်လေသည်။
" သမီး ပြောတာ အန်တီသဘောပေါက်ရဲ့လား "
ဒေါ်အေးအေးဝင်းသည် တူမဖြစ်သူပြောသည့်အရာများ
အား နားထောင်ရင်း စာအုပ်ကို ကောက်ကိုင်ကြည့်နေ
၏။
" အန်တီစာအုပ်အရင်ဖတ်လိုက်အုံးမယ် ... ပြီးမှ သမီး
ကိုပြန်ပြောမယ်နော် "
" ဟုတ် ... ဒါနဲ့သမီးသိချင်တာကလေ ... အဲ့အချိန်အန်တီ
ကဘယ်အရွယ်ရှိပြီလဲ... နောက်ပြီးတော့ ဘကြီးကျော်
ဝင်းကရော ... မန္တလေးမှာနေတယ်ဆိုပြီး အဲ့အချိန်ဘာလို့
ပြန်ရောက်နေတာလဲ "
" အဲ့ဒါကဒီလိုသမီးရေ ... အန်တီနဲ့သမီးမေမေက ( ၁၀ ) နှစ်ကွာတယ်လေ ... သမီးဘွားဘွားက အန်တီ့ကို အသက်
ကြီးမှမွေးခဲ့တာပေါ့ ... "
" ဆယ်နှစ်ကွာတာတော့သိပါတယ် ... အဲ့အချိန်အန်တီက
ဆယ်ကျော်သက်အရွယ်ပဲရှိအုံးမှာပေါ့ ... "
" အင်းပေါ့ ... ဒီမှာရေးထားတာ ( ၇၉ ) ခုနှစ်ဆိုတော့ ...
အဲ့အချိန်အန်တီ့အသက်က ( ၁၄ ) နှစ်ပဲ ရှိသေးတယ် ...
သမီးဘကြီးကြတော့ မန္တလေးကဘိုးဘိုးတို့ဆီမှာသွား
နေတာ...သမီးဘွားဘွားရဲ့ အဖေပေါ့ ... သမီးရဲ့အဘေး...
အန်တီတို့ရဲ့အဘိုး ... "
" အော် ... ဘကြီးကဘာလို့ပြန်လာတာလဲ "
" မပြန်လာဘူးလေ ... အဲ့အချိန်တုန်းက ခဏအလည်လာ
တာနေမှာ ... သေချာမမှတ်မိဘူးသမီးရဲ့ "
" ဘကြီးကျော်ဝင်းဆီ မေးကြည့်ကြမလား အန်တီအေး "
" အိုး ... မဖြစ်ပါဘူးကွယ် ... "
" ဘာလို့လဲ "
" သူ့မိန်းမကသိတဲ့အတိုင်း ... ဒီဘက်အမျိုးတွေကို
အမြင်ကြည်တာမဟုတ်ဘူးရယ် ... ရှုပ်ရှုပ်ယှက်ယှက်
တွေလို့ အပြောခံနေရပါအုံးမယ် "
နုရည်ဝင်းမှာတော့ သူမဦးလေးဖြစ်သူ ဦးကျော်ဝင်းထံမှ
တစုံတရာသိရနိုင်မည်ဟု ထင်နေမိသည်။
" အန်တီ မမေးနဲ့ ... သမီးမေးလိုက်မယ် "
" သဘောပါတော် "
ဦးကျော်ဝင်းထံ ဖုန်းခေါ်ပြီး အဖြစ်အပျက်အကျဉ်းချုံး
နှင့် ထိုအချိန်က အကြောင်းအရာများအား မေးကြည့်
လိုက်လေသည်။
" နုရည် ... အဲ့ဒီစာအုပ်ကိုမဖတ်နဲ့သမီး ... လုံးဝမထိနဲ့ ..."
" ဘာလို့လဲ ဘဘကြီးကလဲ "
" မဖြစ်သေးပါဘူး ... သန်းသန်းဝင်းကို ဖုန်းခဏပေး
လိုက် "
" သမီးအိမ်မှာမဟုတ်ဘူး ဘကြီးရဲ့ ... အန်တီအေးအိမ်
မှာ "
" ဒါဆို အေးအေးဝင်း ဖုန်းပေးလိုက်... ခုပေးလိုက် "
" ဟုတ်ကဲ့ ... "
နုရည်ဝင်းလည်း ဒေါ်အေးအေးဝင်းအား ဖုန်းလှမ်းပေး
လိုက်ရတော့သည်။
" ဟုတ် ကိုကြီး "
" ××××××××××× "
" ဟုတ် "
" ××××××××××× "
" ညီမလေး ခုမှသိတာ ... စာအုပ်တောင်မဖတ်ရသေးဘူး "
" ××××××××××× "
" ဟင် ... ဟုတ် ... ဟုတ် "
" ××××× "
" သိမ်းထားလိုက်မယ်ကိုကြီး ... ဟုတ်ကဲ့ "
မောင်နှမနှစ်ယောက်ပြောသမျှကို နုရည်ဝင်းမှာ အကဲ
ခတ်နေလေသည်။ အခြေအနေကောင်းပုံမရမှန်းလည်း
ရိပ်မိနေ၏။
ဒေါ်အေးအေးဝင်းဖုန်းပြောပြီးသည့်အခါ နုရည်ဝင်းကို
ကြည့်ရင်း ခေါင်းခါပြလာလေတော့သည်။
" သမီးဘကြီးက ဒီစာအုပ်ကို လုံးဝမထိပါနဲ့တဲ့ "
" မထိနဲ့သာပြောနေတာ ... သမီးကအကုန်ဖတ်ပြီးပြီ "
" ဟင်း ... ဒါဆိုလည်း စာအုပ်ကို မေမေ့ဆီပြန်ပေး
လိုက် ... နောက်ယူမကိုင်နဲ့ ... ဟုတ်ပြီလား "
" အန်တီအေးကလဲ ... မေမေကလည်းသမီးဘက်မပါဘူး... ဘကြီးကျော်ဝင်းကလည်း စာအုပ်တောင်မထိနဲ့
တဲ့ ... သမီးဘယ်သူ့ကိုအားကိုးရတော့မှာလဲ ... စိတ်ညစ်
တယ် "
" လူကြီးတွေက မလုပ်နဲ့ဆို မလုပ်ပါနဲ့သမီးရယ် နော် "
" အန်တီအေး ... သမီးကူပေးပါဆို ... ဘိုးဘိုးက ရေတွင်း
အောက်ထဲမှာ သွေးတွေနဲ့ ရှိနေတာ ... အန်တီမယုံရင် ဒီ
ည သမီးတို့နှစ်ယောက် အဲဒီအိမ်အဟောင်းမှာ သွားအိပ်
မယ် ... ဘိုးဘိုး တစ်ခုခုအရိပ်အယောင်ပြခဲ့ရင် သမီးကို
ယုံတော့ ... မပြခဲ့ရင် အဲ့ဒီစာအုပ်ကို သမီးလုံးဝမထိတော့
ဘူး ... "
" အပေးအယူကလုပ်သေးတာ "
" နော်လို့ ..."
" ဟုတ်ပြီလေ ... ဒီညသွားအိပ်ကြတာပေါ့ ... သမီးပြော
တာ ဟုတ်မဟုတ် စောင့်ကြည့်ကြမယ် ... မဟုတ်ဘူးဆို
ရင် ကတိအတိုင်းနော် နုရည် "
ထိုအခါမှ နုရည်ဝင်းလည်း မျက်နှာလေးဝင်းသွားလေ
တော့သည်။ ထို့နောက်တွင် တူဝရီးနှစ်ယောက်သား
အိမ်သို့လာကြပြီး နုရည်ဝင်းက အိမ်သော့အား တဖန်
ဖွက်ယူခဲ့ပြန်သည်။
ဒေါ်အေးအေးဝင်း၏အိမ်၌ ညအိပ်မည်ဟု ညာပြောကာ
အိမ်အဟောင်းဆီသို့ နှစ်ယောက်တည်း ထွက်လာခဲ့ကြ
လေ၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory