မောင့်လကိကိုဆွဲ မောင်နဲ့မခွဲ _ အပိုင်း ( ၁၁ )
lotaya.mpt.com.mm
|
2022-04-17

အလှဆင်ထားသည့် မီးရောင်တွေက တလက်လက် တဖျတ်ဖျတ်တောက်ပလှပနေသလို မြက်ခင်းပြင်ပေါ် လျှောက်လမ်းအပြည့် ကော်ဇောနီခင်းထားကာ ခင်းကျင်းထားတဲ့စားပွဲဝိုင်းတွေထဲကမှ VVIP ဝိုင်းတစ်ခုတွင် ထိုင်နေသည့် တံခွန်သွေး။ စားပွဲပေါ်မှ ဝိုင်ခွက်ကို လှမ်းယူကာ သောက်နေရင်း စီးပွားဖက်လဲဖြစ် ရှယ်ယာရှင်လဲဖြစ်နေသည့် ဦးအောင်မြင်၏ မွေးနေ့ညစာစားပွဲမို့ မဖြစ်မနေ လာရခြင်းသာ။ တကယ်ဆို သူပွဲတွေ တက်လေ့တက်ထမရှိတာ ကြာပြီဖြစ်၏။

" မြတ်သူ ခဏနေရင် ပြန်ကြရအောင်ကွာ.....လူအရမ်းရှုပ်လွန်းတယ်။ "

" ဦးအောင်မြင်က Background တောင့်တယ်လေကွာ....မိတ်ဆွေလဲများတယ်။ "

မြတ်သူ၏စကားကို ပြန်မဖြေသလို ဘာမှတ်ချက်မှလဲမပေးပဲ ငြိမ်နေစဥ် အနားရောက်လာသည့် အရိပ်ကြောင့် ထိုင်နေရာမှ မော့ကြည့်မိတော့ ကြာရိုးဖြူ။

" သွေး....ငါ "

ကြာရိုး စကားပြောရန်ပြင်ပေမယ့် ဘယ်ကစပြောရမှန်းလဲမသိ။ ဂမုန်းနွယ် ကွာရှင်းခွင့်တောင်းလာသည်ဟု မြတ်သူဆီက သိရမှ ကိုယ့်အပြစ်ကိုယ်သိလာကာ နောင်တရသလို ကိုယ့်ကြောင့် ဆိုသည့်စိတ်က မစားနိုင်မသောက်နိုင်ဖြစ်စေသည်။ ပြီးတော့ သွေး ကိုယ့်ကိုယ်ပင်သတ်​သည်အထိ လုပ်လာတော့ ဝမ်းနည်းနောင်တရမဆုံး။ အရင်လိုမဟုတ်ပဲ သွေးက အရယ်အပြုံးမရှိ မှင်သေသေဖြစ်သွားကာ အသက်မဲ့သွားသည်အား မြင်နေကြရသည် မဟုတ်လား။

" ငါပြန်ပြီ မြတ်သူ။ "

တံခွန်သွေး မျက်နှာက တည်တင်းသွားရင်း ထိုင်နေရာမှထရပ်လိုက်၏။ ကြာရိုး အလောတကြီးဖြင့် သွေးလက်ကိုလှမ်းဆွဲလိုက်ပေမယ့် ဆောင့်ရုန်းပစ်ရင်း သူမအား ဒေါသတကြီး စိုက်ကြည့်လာသည့် ခွန်သွေး။ ဝမ်းနည်းစိတ်နဲ့အတူ မျက်နှာလေး ငယ်သွားစဥ် တံခွန်သွေး ခုံကိုဆွဲဖယ်၍ ပြန်ရန်ပြင်လိုက်၏။

" ဟင်....!"

ညစာစားပွဲထဲဝင်လာသည့် မုန်း နဲ့ ထွဋ်ခေါင်သျှင် ။ တံခွန်သွေးခြေလှမ်းတွေ တုန့်ခနဲ ရပ်တန့်သွားရသလို မျက်နှာက ဆွေးရိပ်သမ်းသွားရသည်။ မုန်း......အနက်ရောင်လက်ပြတ်ပွဲတက်ဂါဝန်ရှည်ကြီးက မုန်းကိုယ်လုံးလှလှလေးနှင့် လိုက်ဖက်နေကာ ဒူးအထက်ထိခွဲထားသည်မို့ လမ်းလျှောက်လိုက်တိုင်း ခြေသလုံးသားဝင်းဝင်းတွေက ထင်းခနဲ ထင်းခနဲ။ လက်ပြတ်လေးမို့ လက်မောင်းသားလေးတွေ ပခုံးသားလေးတွေက ဝင်းပနေကာ ဆံပင်အရှည်အား ခပ်မြှောက်မြှောက်စုစည်းထားသဖြင့် ကျော့ရှင်းနေ၏။

တံခွန်သွေး၏ အကြည့်က မုန်းရဲ့ဘေးမှ အနက်ရောင်အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် ထွဋ်ခေါင်သျှင် ကို မြင်တော့ မျက်နှာပျက်သွားရသလို ထွဋ်ခေါင်သျှင်ကလဲ သူ့အား လှမ်းမြင်ပုံရသည်။ မုန်းအနားကပ်ကာ ဘာပြောလိုက်မှန်းမသိပေမယ့် မုန်းအကြည့်တွေက သူ့ဆီတစ်ချက်ရောက်လာကာ မသိသလိုလေး မျက်နှာလွဲသွား၏။ 

" မောင်ထွဋ်ခေါင် နဲ့ သမီးမုန်းရောက်လာပြီပဲ.... လာ လာ ဒီမှာ ထိုင်။ "

တံခွန်သွေးရှိရာစားပွဲဝိုင်းကိုပဲ ခေါ်လာသည်မို့ နွယ်လေး၏ ခြေလှမ်းတွေက နှေးကျသွားသလို သူသတိထားမိလိုက်သဖြင့် နွယ်လေးလက်ကိုလှမ်းဆွဲလိုက်တော့ မျက်လုံးလေးအဝိုင်းသားဖြင့် ငေးကြည့်လာသည်။

" ဘာမှမဖြစ်ဘူး.....လာ။ "

မုန်း အားလေးတင်းကာ လျှောက်လာရင်း နေရာချပေးသည့်အတိုင်း ဝင်ထိုင်လိုက်တော့ မုန်း၏ ထိုင်ခုံက ကိုကို နဲ့ မောင့်အလယ်တွင်ဖြစ်နေသည်။ တံခွန်သွေး မမြင်ရတာကြာပြီဖြစ်သည့် မုန်း၏ မျက်နှာလေးကို အနီးကပ်မြင်နေရတာမို့ လွမ်းမောစွာငေးစိုက်ကြည့်နေမိတာ မျက်တောင်မခတ် ။ 

" မတွေ့ရတာ ကြာပြီနော် တံခွန်သွေး။ "

နှုတ်ဆက်လာသည့် ထွဋ်ခေါင်သျှင်အား ဂရုမစိုက်သလို ပြန်မဖြေပဲ မုန်း မျက်နှာလေးသာ ငေးစိုက်ကြည့်ရင်းမှ ခပ်တိုးတိုး ခေါ်မိသည်။

" မုန်း....."

အေးအေးလူလူလေး လှည့်ကြည့်လာသည်က အရယ်အပြုံးမရှိသလို သူ့အား ငေးစိုက်ကြည့်လာ၏။

" မောင့်ကို မှတ်မိ....."

" မုန်း မှတ်မိပါတယ်။ "

မုန်းအကြည့်က တံခွန်သွေးအနားတွင် ရပ်နေသည့် မိန်းကလေးဆီ စူးစမ်းသလိုရောက်သွားရသည်။ မြတ်သူက ရိပ်မိတာမို့ ထိုင်နေရာမှ ကပျာကယာ ထလာရင်း......

" ကြာရိုး......လာ ငါနဲ့ခဏ ဟိုဘက်သွားရအောင်။"

ကြာရိုးဆိုသည့် ခေါ်သံကြောင့် ကြာရိုးဖြူမှန်း မုန်း သိလိုက်သလို မုန်း ခပ်မဲ့မဲ့လေးပြုံးမိ၏။ မောင့်ကို လှမ်းကြည့်လိုက်မိသလို မသိဟန်ဆောင်ကာ မျက်နှာလေးလွှဲရန်ပြင်တော့ တံခွန်သွေး ပျာပျာသလဲ ဖြစ်သွား၏။ အထင်လွဲသွားမှာ စိုးရိမ်တာမို့......

" မုန်း.......မောင် တို့က ဘာမှ..."

" ရုံးချိန်းက နောက်အပတ်မဟုတ်လား။ အဲ့ကျမှ တွေ့တာပေါ့။ "

ရင်ထဲထိခိုက်နာကျင်သွားရကာ မုန်း၏စကားကြောင့် သူခပ်ယဲ့ယဲ့လေး မချိတင်ကဲ ပြုံးမိသွား၏။ မျက်နှာလေးက တည်တင်းနေသလို သူ့အားအဖက်မလုပ်ပဲ ထွဋ်ခေါင်သျှင်နဲ့စကားပြောနေသည့် မြင်ကွင်းအား ရင်နာစွာ ဘေးမှ ငေးကြည့်ကာ သူ့နှလုံးသားတွေဟာ တစစ်စစ် နာကျင်ရပြန်သည်။

" ဝိုင်မသောက်ဘူးလား နွယ်လေး။ "

မုန်း ခေါင်းခါယမ်းလိုက်ရင်းမှ.....

" သောက်လို့မရဘူးလေ ။ "

" ဆောရီးဆောရီး.... ကိုကို မေ့သွားတယ်။ "

ထွဋ်ခေါင်သျှင် ထမင်းကြော်ပန်းကန်ကို နွယ်လေးဆီ ကမ်းပေးလိုက်သလို ဘေးမှ အကဲခတ်သလို မှိန်ဖျော့စွာငေးကြည့်နေသည့် တံခွန်သွေးကြောင့် သူလဲ စိတ်မကောင်း။ တကယ်ဆို ကလေးအဖေပဲမို့ သိသင့်သည်ဟု သူထင်သည်။ 

! အဟွတ်.....အဟွတ်!

မုန်းဆီမှ ချောင်းဆိုးသံလေးထွက်လာတော့ တံခွန်သွေး စိုးရိမ်တကြီးဖြင့် ရေခွက်လေးယူကာ မုန်းရှေ့ ကပျာကယာလှမ်းပေးမိသည်။ သို့ပေမယ့် ထွဋ်ခေါင်သျှင် ကမ်းပေးလာသည့် ရေခွက်ကိုသာ ယူသောက်လိုက်သည့် မုန်းကြောင့် သူ့ရင်ဟာ ထပ်မံထိခိုက် ကြေကွဲရပြန်သည်။ 

ထမင်းကြော်စားရန်ပြင်ပေမယ့် ရင်ထဲပျို့တက်လာရသည်မို့ မုန်း ဒရောသောပါး ထလာရင်း Toilet ဆီ ထွက်လာခဲ့ရသည်။ Toilet ထဲရောက်သည်နှင့် ဘေစင်ထဲထိုးအန်ချမိပေမယ့် ကိုယ်ဝန်ကြောင့် ပျို့အန်တာမို့ လေတွေသာအန်သလို ရေဖွင့်ချရင်း ရင်ထဲမောနေသေးသည်မို့ မုန်း အမောဖြေနေမိသည်။

" အစ်မ......"

မုန်း ခေါ်သံကြောင့် လှည့်ကြည့်မိတော့ အနားတွင်လာရပ်သည့် ကြာရိုးဖြူကို တွေ့လိုက်ရသလို တစ်ရှူးလေးကမ်းပေးလာရင်းမှ.....

" အဆင်ပြေရဲ့လားဟင်.....။ "

မုန်း ခေါင်းလေးငြိမ့်ပြလိုက်ရင်း တစ်ရှူးဖြင့် အသာသုတ်လိုက်ကာ.....

" ကျေးဇူးပါ ။ "

မုန်း ပြန်ထွက်ရန်ပြင်လိုက်ပေမယ့် ရုတ်တရက် မုန်းရှေ့ ဒူးထောက်ချလိုက်သည့် ကြာရိုးဖြူကြောင့် မုန်း အံ့အားသင့်သွားရသလို မျက်လုံးလေးပြူးသွားမိသည်။

" ကြာရိုး တောင်းပန်ပါတယ် အစ်မရယ်။ ကြာရိုး မှားခဲ့ပါတယ်.....သွေး သွေးက အစ်မကို သိပ်ချစ်တာပါ။ "

" မင်း ထပါ......ဘာလုပ်တာလဲ။ "

မုန်း ကြာရိုးဖြူကို ဆွဲထူလိုက်ရင်းမှ ကြည့်မိတော့ မျက်ရည်လေးတွေဝဲကာ မုန်းကို ကြည့်ရင်း ငိုရှိုက်လာသည်။

" သွေး က ကြာရိုးကို သူငယ်ချင်းခန်းဖြတ်ပြီး အခေါ်အပြော အဆက်ဆံမလုပ်တာ ကြာပါပြီ....အစ်မ နဲ့ပြဿနာစဖြစ်ထဲကပါပဲ။ ကြာရိုးကြောင့် အစ်မ နဲ့ သွေး ခုလိုဖြစ်တာ။ "

မုန်း လက်လေးကာပြလိုက်ရင်းမှ ခေါင်းကို ခါယမ်းလိုက်မိသည်။

" မင်းအပြစ်လို့ မယူဆပါနဲ့ ကြာရိုးဖြူ။ အရာအားလုံးက ပျက်ချိန်တန်လို့ပျက်တယ်ပဲ မုန်းတွေးတယ်။ မုန်း မင်းကို ခွင့်လွှတ်ပြီးသားပါ။ လူတိုင်း အမှားဆိုတာလုပ်နိုင်တာပဲလေ။ အမှန်သိတဲ့အချိန် အမှားဆက်မလုပ်တာမှ လူတော်ပါ။ မင်း ရဲ့ အမှားတစ်ခုဟာ တစ်သက်လုံး လက်ညှိုးထိုးထောက်ပြနေစရာ မလိုပါဘူး။ "

ကြာရိုး ပိုဝမ်းနည်းသွားရသလို ဝမ်းပန်းတနည်း ငိုရှိုက်မိသည်။ ခေါင်းကိုခါယမ်းလိုက်ရင်းမှ ....

" ကြာရိုး ရှင်းပြပါရစေ အစ်မရယ်။ သွေးက အစ်မကို သိပ်ချစ်တာပါ။ ကြာရိုးကို ရှင်းပြခွင့်ပေးပါနော်။ သွေး အရမ်းခံစားနေရတာပါ။ သူ့ကို ခွင့်လွှတ်စေချင်တယ်။ "

မုန်း ပြုံးလိုက်မိရင်းမှ ကြာရိုးဖြူ၏ လက်တစ်ဖက်ကို ခပ်ဖွဖွလှမ်းကိုင်လိုက်သည်။

" အစ်မကို ရှင်းပြရမှ မင်းစိတ်ထဲရှင်းမယ် နေလို့အဆင်ပြေသွားမယ်ဆို ရှင်းပြပါ။ အစ်မ နားထောင်ပေးပါ့မယ်။ ဒါပေမယ့် ခွင့်လွှတ်ဖို့ဆိုတာကတော့ အစ်မ ဆုံးဖြတ်မယ်။ "

တံခွန်သွေး မုန်းကို စောင့်နေကာ ထွက်လာတာမြင်သည်နှင့် အနားလျှောက်လာရင်း အရှေ့မှပိတ်ရပ်ပစ်၏။ ဖျတ်ခနဲ မော့ကြည့်လာသည့် မျက်နှာလေးက နုဖတ်နေသလို သူ့အား ခပ်စိမ်းစိမ်းလေး ကြည့်လာသည်။

" မုန်း နေကောင်းရဲ့လားဟင်။ "

" မင်း နဲ့ မဆိုင်ပါဘူး...."

" မောင့်ကို ခုထိ ခွင့်မလွှတ်နိုင်ဘူးပေါ့နော်......မောင့်ကို အဲ့လောက်မုန်းသွားတာလား။ "

မုန်း အောက်နှုတ်ခမ်းလေးကို ဖိကိုက်မိရင်းမှ ဆက်သွားရန်ပြင်ပေမယ့် လက်ကိုလှမ်းဆွဲလာသဖြင့် ရုန်းပစ်လိုက်သည်။ မုန်းကို မချိတင်ကဲ စိုက်ကြည့်လာရင်း သူ ပြုံးမိကာ......

" မောင် မုန်းကို သိပ်ချစ်တယ်။ "

" ........."

" မောင့်ကို ကွာရှင်းရမှ ကျေနပ်မယ်ဆို ၊ မောင် လက်မှတ်ထိုးပေးမှ မုန်း စိတ်ချမ်းသာမယ်ဆို မောင် လက်မှတ်ထိုးပေးပါ့မယ်။ "

မယုံနိုင်သလို အံ့သြတကြီး မောင့်မျက်နှာကို ငေးစိုက်ကြည့်မိတော့ မျက်ဝန်းတွင် မျက်ရည်စတို့ဝေ့သီးလျက် မုန်းအား ခပ်ဖျော့ဖျော့ ပြုံးကြည့်နေသည့် မောင့်ပုံစံကြောင့် မျက်နှာလွှဲပစ်မိသည်။ စိတ်ကိုတင်းလိုက်ရင်းမှ....

" မင်းစကားမင်းဆက်ဆက်တည်ပေးပါ။ "

သူ့ဘေးမှ ဖြတ်သွားသည့် မုန်းရဲ့ ကျောပြင်လေးအား ငေးကြည့်ရင်း နေရာတွင်သာရပ်ကျန်နေခဲ့ရသည်။ လက်မှတ်ထိုးပေးမည်ပြောပေမယ့် ထိုစကားဟာ သူ့နှလုံးသားတစ်ခုလုံး စုတ်ပြတ်ခံပြီး ပြောလိုက်ရခြင်းပါ။ သူ့ရင်ဘတ်တစ်ခုလုံးနှင့် ရင်း၍ ပြောရခြင်းဖြစ်သလို မုန်းကို တကယ် ဆုံးရှုံးရမည်ဆိုသည့် အသိဝင်လာတော့ မရှုနိုင် မကယ်နိုင်ခံစားနာကျင် ကြေကွဲရပြန်သည်။

@@@@@@@@@@@@

" ဘာ.....မင်း ဘာပြောခဲ့တယ်။ ခွန်သွေး မင်းတကယ် ကွာပေးမလို့လား။ "

အံ့သြတကြီး မေးလာသည့် မြတ်သူက သူ့ကို အားမလိုအားမရ ။ တံခွန်သွေး ခေါင်းငြိမ့်ပြလိုက်ရင်းမှ.....

" မုန်းကို ငါ့ကြောင့် စိတ်မညစ်စေချင်တော့ဘူး။ "

" သြော်.....အေး.....မင်း နောင်တမရနဲ့နော်။ ထွဋ်ခေါင်သျှင်က ဂမုန်းနွယ်ဘေးမှာ အမြဲရှိနေတာ မင်းလဲ သိပါတယ်။ မင်း ကွာပေးလိုက်ပါပြီတဲ့။ ထွဋ်ခေါင်သျှင် က ဂမုန်းနွယ် ကို ကျိန်းသေ လက်ထပ်ခွင့်တောင်းလိမ့်မယ်.....အေး....အဲ့ကျမှ နှစ်ယောက်သားလက်ထပ်ရင် မင်းခံစားနိုင်လား။ မင်း ရူးသွားလိမ့်မယ် ငါ သိနေတယ်။ "

ဂရုဏာဒေါသဖြင့် ပြောနေမှန်း သိပေမယ့် သူ့မှာ ဖြေနိုင်သည့် အဖြေဆိုတာ မရှိ။ သူ ဘာများတတ်နိုင်မည်နည်း ။ မုန်းက သူ့ကို အရင်လိုမချစ်တော့သည့်အပြင် ခါးခါးသီးသီး မုန်းတီးနေတာ မဟုတ်လား။ မျက်စိထဲ ထွဋ်ခေါင်သျှင် တနေ့က မုန်းလက်ကိုဆွဲကာ ဝင်လာသည့် မြင်ကွင်းကိုပဲ ပြန်မြင်ယောင်နေသလို မြင်ယောင်မိတိုင်းလဲ ရင်ထဲ နာကျင်ရတာ သူသာသိသည်။

" ဒါနဲ့ ဂမုန်းနွယ်က နေမကောင်းဘူးလား။ "

မြတ်သူစကားကြောင့် သူ ငဲ့ကြည့်လိုက်မိရင်းမှ......

" ဘာဖြစ်လို့လဲ။ "

" ကြာရိုးက ဂမုန်းနွယ်ကို တောင်းပန်တယ်ပြောတယ်။ ဂမုန်းနွယ်ကလဲ ခွင့်လွှတ်တယ်....ဒါပေမယ့် မင်းကိုတော့ ခွင့်မလွှတ်ဘူးတဲ့။ ကြာရိုးသွားတဲ့အချိန် အန်နေတယ်ပြောလို့။ "

အန်နေတယ်.....ရင်ထဲပူသွားရရင်းမှ စိုးရိမ်တကြီး ထရပ်လိုက်မိသလို မုန်းကို စိတ်ပူတာမို့ ကားဆီလျှောက်လာခဲ့သည်။ ကားပေါ်တက်ကာ မုန်းရဲ့အိမ်ဆီမောင်းထွက်လာပေမယ့် မုန်းအိမ်ရှေ့အရောက် ဒေါ်ကြည်ပြာနဲ့အတူ ကားပေါ်ပါသွားသည့် မုန်းကို မြင်လိုက်ရသဖြင့် အနောက်မှ မသိမသာလိုက်လာခဲ့၏။

မုန်း ကားပေါ်မှဆင်းလိုက်ကာ အန်တီလေးနဲ့အတူ ဆေးရုံထဲဝင်လာခဲ့၏။ အိုဂျီ နဲ့ ရက်ချိန်းပြရန် ဖြစ်သလို မောင်ပါလာမှန်း မုန်းတကယ်ကို မသိခဲ့။ 

တံခွန်သွေး မယုံနိုင်သလို ရင်တွေတဒိတ်ဒိတ်ခုန်ရင်း ခြေဖျားလက်ဖျားတွေပင် အေးစက်နေရသည်။ မုန်းက အိုဂျီလာပြသည်တဲ့လား။ ဒါ ဘာအဓိပ္ပါယ်လဲ ။ မျက်စိထဲ ကလေးပစ္စည်းတွေဝယ်နေသည့် မုန်းပုံစံ နှင့် မြတ်သူပြောသလို အန်နေသည်ဆိုတာတွေ ကြားယောင်လာရင်း သူ့ရင်တွေဟာ တလှပ်လှပ် တုန်ယင်လာသလို ဝမ်းသာကြည်နူးစိတ်ကြောင့် လူကထိုင်မရထမရ။ 

မုန်း ဆေးရုံထဲမှထွက်လာကာ အန်တီလေးနဲ့အတူ ကားပေါ်တက်လာရင်း အိမ်ပြန်ခဲ့ကာ ကလေးအ​ခြေအနေ အနေအထားအကုန်ကောင်းသည်ဆိုတာမို့ စိတ်ချမ်းသာနေရသည်။ ခြံရှေ့ရောက်သည်နှင့် ကားပေါ်မှဆင်းလိုက်ကာ ခြံထဲဝင်ရန်ပြင်နေစဥ် ဖျတ်ခနဲ လက်ကိုလာဆွဲသည်မို့ လှည့်ကြည့်လိုက်မိတော့ မောင်။

" မောင်တို့ စကားခဏပြောရအောင်။ "

မုန်း လက်လေးကို ရုန်းပေမယ့် အလွှတ်မပေးတာမို့ အန်တီလေးကို စစ်ကူတောင်းသလို ကြည့်မိသည်။

" ဒီမှာ မင်း....."

" ကျွန်တော် တောင်းပန်ပါတယ် အန်တီ..  မုန်း နဲ့ စကားပြောပါရစေ။ "

မုန်း ကျစ်ခနဲ စုပ်သပ်လိုက်မိရင်းမှ မောင့်မျက်နှာကို စေ့စေ့စိုက်ကြည့်မိသည်။

" တံခွန်သွေး မင်း....."

" မုန်း ကိုယ်ဝန်ဘယ်နှစ်လရှိပြီလဲ။ "

" ဟင်! "

မထင်မှတ်ထားသည့်စကားကို ကြားလိုက်ရသဖြင့် မုန်း မျက်နှာလေးက ဖြူဖျော့သွားရသလို ကိုယ်လေးပါတောင့်တင်းသွားရ၏။

" မင်း......မင်း ဘာတွေလာပြောနေတာလဲ ။ "

တံခွန်သွေး ခေါင်းကိုခါယမ်းလိုက်ရင်း မုန်း၏လက်လေးနှစ်ဖက်လုံးကို ဆွဲကိုင်မိသည်။

" မောင့်ကို မညာပါနဲ့ မုန်းရယ်.....မောင် အကုန်မြင်ပြီးပြီ။ မုန်း ဘာလို့ အိုဂျီပြရတာလဲ။ ဘာလို့ ကလေးပစ္စည်းတွေဝယ်တာလဲ။ ဘာလို့ အန်တာလဲ။ "

" မဟုတ်ဘူး..... မဟုတ်ဘူး မင်း ပြောတာတွေ..."

" သမီးမုန်း.....သူက ကလေးအဖေပဲလေ သမီးရယ်။ ပေးသိလိုက်ပါ။"

" အန်တီလေး.... "

" ဟုတ်တယ်.... မုန်းလေးမှာ မင်းကိုယ်ဝန်ပါလာတာ။ ကိုယ်ဝန်က နှစ်လကျော်ပြီ။ "

တံခွန်သွေး ဟားခနဲ ရေရွတ်မိရင်း ဝမ်းသာလွန်း၍ မျက်ရည်များပင် စီးကျလာရသည်။ မုန်း မျက်နှာလေးကို ငေးစိုက်ကြည့်ရင်းမှ.....

" မောင်.....မောင် ဝမ်းသာလိုက်တာမုန်းရယ်။ မောင် အဖေဖြစ်ပြီပေါ့.....မောင့်မှာ...."

သူ့စကားမဆုံးခင်မှာပင် သူ့လက်ထဲက ဆောင့်ရုန်းပစ်သည့် မုန်း။ သူ့အား ခပ်မဲ့မဲ့လေး ကြည့်လာရင်း....

" ဘာတွေ လာပြောနေတာလဲ ။ မင်းနဲ့ရတာ မှန်ပေမယ့် ဒါ ငါ့ကလေးပါ။ မင်း နဲ့ ကွာရှင်းမှာက ကွာရှင်းမှာပဲ။ "

" မောင် မကွာပေးနိုင်ဘူး ။ "

မုန်း အံလေးတင်းခနဲ ကြိတ်လိုက်မိရင်းမှ သူ့ရင်ဘတ်ကြီးကို ဒေါသတကြီး ဆောင့်တွန်းထုတ်ပစ်သည်။ တံခွန်သွေး အနောက်သို့ တစ်လှမ်းခန့် ယိုင်ကျသွားပေမယ့် တဘုန်းဘုန်း ထုရိုက်သမျှ ငြိမ်ခံနေသည်။

" ဘာမကွာပေးဘူးလဲ... .နင်ပဲ ငါ့ကို လက်မှတ်ထိုးပေးမယ်ဆို။ အခုမှ ဘာစကားပြောင်းပြောတာလဲ။ "

တံခွန်သွေး စိတ်တွေကြီးနေသည့် မုန်း ကိုယ်လေးကို လဲကျမည်စိုးကာ ဖမ်းထိန်းပေးရန်ကြိုးစားပေမယ့် ဖြောင်းခနဲ ရိုက်ချက်နဲ့အတူ ပါးတစ်ဖက်သာပူထွက်သွား၏။

" မောင် မကွာပေးနိုင်ဘူး....... မုန်းစိတ်ချမ်းသာအောင် ကွာပေးမယ်ပြောပေမယ့် မောင့်ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်နေတာ မုန်းသိလား။ ခု မောင့်မှာ မောင့်ရင်သွေးလေးရှိနေပြီ။ မောင် သေတောင်မကွာပေးနိူင်ဘူး။ "

" မင်း.....မင်း....."

မုန်း အံလေးတင်းတင်းကြိတ်မိရင်းမှ စိတ်ကိုပြန်ထိန်းလိုက်သလို သူ့အား ဒေါသတကြီး ငေးစိုက်ကြည့်ပစ်သည်။

" ငါကလဲ လုံးဝ မပေါင်းဘူး။ "

အိမ်ထဲဝင်သွားသည့် မုန်းကို မချိတင်ကဲ ငေးကြည့်ရင်း ဒေါ်ကြည်ပြာလက်ကို ကမန်းကတန်း ဆွဲကာ အရှေ့တွင် ဒူးထောက်ချလိုက်၏။

" ဘာလုပ်တာလဲ.... "

" ကျွန်တော်..... ကျွန်တော့် ကို ကူညီပါ အန်တီရယ်။ ကျွန်တော် မုန်းကို အရမ်းချစ်တယ်.... အဆုံးရှုံးမခံနိုင်ဘူး။ ကျွန်တော် ကြိုးစားပါ့မယ် .....ကျေးဇူးပြုပြီး။ "

ဒေါ်ကြည်ပြာ သက်ပြင်းချမိသလို မျက်နှာလဲ ပူလှသည်။ အိမ်ထောင်တစ်ခု က မကွဲကွာတာ အကောင်းဆုံး ပေမယ့် မုန်းလေးက အရမ်းခေါင်းမာတတ်သည်။

@@@@@@@@@@@@

မုန်း ရေမိုးချိုးကာ အောက်ထပ်ဆင်းလာရင်း ညက ဟိုတွေးဒီတွေးဖြင့် ညနက်သည်အထိ မအိပ်နိုင်တာမို့ မနက်ကျ အတော်နောက်ကျမှ နိုးလာခြင်းပင်။ ပန်းနုရောင်ဂါဝန်လေးဝတ်ကာ ဆံပင်တွေကို ဆံညှပ်ကြီးဖြင့် စုညှပ်ကာ အောက်ထပ်ဆင်းလာ၍ ထမင်းစားခန်းထဲ ဝင်လိုက်သည်နှင့် ဟင်းခါးနံသင်းသင်းလေးက ဗိုက်ကို တဂွီဂွီဆာစေသည်။

" ဟာ....ရွှေတောင်သုပ်ပါလား။ ".

ဒေါ်ကြည်ပြာ ပြုံးမိရင်းမှ ...

" ဟုတ်တယ် သမီး.....ငါးဖယ်လုံးဟင်းချိုလေးနဲ့။"

မုန်း ခုံတွင် အမြန်ဝင်ထိုင်လိုက်သလို လာချပေးသည့် အသုပ်နှင့် ဟင်းခါးအား အားရပါးရ ပလုတ်ပလောင်းစားနေလိုက်သည်။ ဒေါ်ကြည်ပြာ မုန်းလေးကို ကြည့်ကာ ကြိတ်ပြုံးမိသလို ဒါတွေက သမီးမုန်း ကြိုက်မှန်းသိ၍ မောင်ခွန်သွေးက မနက်စောစော လာပို့ပေးသွားခြင်းပင်။ 

ခုနောက်ပိုင်း တံခွန်သွေးဟာ အိမ်ကိုအမြဲလာပြီး သမီးမုန်းကို တောင်းပန်ကာ ချော့ခေါ်ပေမယ့် သမီးမုန်းက လက်မခံ။ ရိုက်လဲခံသလို မုန်းလေးပြောဆိုလိုက်ရင်လဲ မျက်နှာလေးမသာမယာဖြင့် ပြန်သွားရသည်ချည်းသာ။ကြာတော့ ကိုယ်တွေလဲ သနားလာသလို နေရခက်လာသည်။

" စားလို့ကောင်းလား သမီး။ "

" အင်း.....ကောင်းတယ် ။ "

" ဒါ မောင်ခွန်သွေး လာပို့သွားတာလေ။ "

မုန်း စားလက်စလေး ရပ်သွားရသလို ဆက်ပဲစားရမလို ရပ်လိုက်ရမလိုပင်။ 

" မမမုန်း....ဧည့်သည်ရောက်နေတယ်။ မမနဲ့တွေ့ချင်လို့တဲ့။ "

မုန်း စားနေတာကို ရပ်ပစ်လိုက်ကာ စုစုနဲ့အတူ ဧည့်ခန်းထဲလိုက်လာခဲ့သည်။ ဆင်စွယ်ရောင်ရင်ဖုံးလက်ရှည်ဖြင့် နံ့သာရောင်ချိတ်ထဘီကိုဝတ်ထားသည့် ခပ်သန့်သန့် အမျိုးသမီးကြီးကို မြင်လိုက်ရကာ  မသိသောသူမို့ ပြုံးပြလိုက်ရင်းမှ......

" မုန်းကို တွေ့ချင်တယ်ဆိုလို့ပါ။ ဘာကိစ္စလဲမသိဘူး။ "

ဒေါ်ပန်းငုံ ဂမုန်းနွယ်ကို စေ့စေ့ကြည့်လိုက်ရင်းမှ ပြုံးလိုက်မိသည်။ သားအဖြစ်ကို ကြားသိနေရတာ ဘယ်လိုမှ အဆင်မပြေတော့သလို ကလေးပင်ရတော့မည်မို့ မကွဲစေချင်။ သားဆိုလဲ အရူးတပိုင်း မဟုတ်လား။

" အန်တီ့နာမည်က ဒေါ်ပန်းငုံပါ.....တံခွန်သွေးရဲ့အမေပေါ့။ "

မုန်း နှုတ်ခမ်းလေးဖွင့်ဟသွားမိသလို အံ့အားသင့်သွားရသည်။ မောင့်မေမေမှန်းသိလိုက်ရတာမို့ မုန်း ဆိုဖာတွင်ထိုင်ချလိုက်ရင်း တုန်ယင်နေသည့် လက်ဖျားလေးတွေကို မနည်းထိန်းထားရသည်။

" ဟုတ်ကဲ့....."

" သားခံစားနေရတာကို အမေတစ်ယောက်အနေနဲ့ မကြည့်ရက်တော့ မကြားရက်တော့လို့ပါ။ အန်တီ့ကို သားကစိတ်နာနေတာ သိတယ်မဟုတ်လား။ "

မုန်းခေါင်းလေး ငြိမ့်ပြမိတော့ ဒေါ်ပန်းငုံ ခပ်ယဲ့ယဲ့ပြုံးမိသည်။ သက်ပြင်းလေးချမိရင်းမှ.....

" အားလုံးဟာ အန်တီ့အမှားတွေပါ.....သားက သမီးကို အရမ်းချစ်တာ...သမီးထင်မထားနိုင်တဲ့အထိ သူ သမီးကိုတွယ်တာတယ်။ သားက သနားစရာကလေးပါ.....ငယ်ရွယ်တဲ့အချိန်မှာ 

Broken family ကို ကြုံလာရတော့ သားမှာ စိတ်ဒဏ်ရာတွေက ရှိတယ်။ သားက သမီးကို စွပ်စွဲတယ်လို့ ကြားတယ်......သားဟာလေ အန်တီနဲ့ သူ့အဖေကြောင့် သူ့ကိုယ်သူအမြဲသိမ်ငယ်အားငယ်နေရတဲ့ကလေးပါ။ စွပ်စွဲတယ်ဆိုတာထက် သားဟာ သူ့ကိုယ်သူယုံကြည်ချက်မရှိတော့တာ....သူထားခဲ့ခံရမှာ ကြောက်တာ။ "

မုန်း ငြိမ်သက်နေမိသလို မုန်းအား ဖျော့တော့သောအကြည့်တွေဖြင့် အားကိုးတကြီးကြည့်လာသည့် ဒေါ်ပန်းငုံ။ 

တံခွန်သွေး အပေါ်ထပ်မှဆင်းလာစဥ် ခြံထဲဝင်လာသည့် ကားနဲ့အတူ ကားပေါ်မှ ဆင်းလာသည့် မိခင်ကို မြင်တော့ ခြေလှမ်းတို့ကို ရပ်ကာ မျက်နှာလွှဲမိ၏။ ခါးကြီးထောက်လိုက်ရင်းမှ သက်ပြင်း ချကာ....

" အမေ ဘာလာလုပ်တာလဲ။ ကျွန်တော့်ကို ပစ်ထားပေးပါလို့ ပြောထားတယ်လေ......အရင်ကလိုပဲ ပစ်ထားပေးပါ။ "

ဒေါ်ပန်းငုံ မျက်နှာမကောင်းဖြစ်သွားရရင်း မကြည့်ချင်သလို မျက်နှာ လွှဲနေသည့် သားဖြစ်သူအား ရင်နာစွာ ငေးကြည့်မိသည်။ 

" အမေ သားဆီ အပ်စရာလေးရှိလို့.....သမီး လာလေ။ " 

တံခွန်သွေး ဖျတ်ခနဲ လှမ်းကြည့်မိတော့ ကားနောက်ခန်းကနေ ဆင်းလာသည့် မုန်း။ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသလို ကပျာကယာ ရှေ့တိုးလာသည်။

" မုန်း.....မုန်းက ဘယ်လိုဖြစ်ပြီး။ "

မုန်း မောင့်ပုံစံကို ကြည့်ရင်းမှ နေရခက်သလို မျက်နှာလွှဲလိုက်မိသည်။ ဒေါ်ပန်းငုံ သားဖြစ်သူ ကို ပြုံးကြည့်ရင်းမှ.....

" အမေ့ချွေးမ နဲ့ မြေးကို ပြန်ခေါ်လာတာ။ "

@@@@@@@@@@@@@@@@@@@@@@

To be continue P - 12 ( ဇာတ်သိမ်းပိုင်း)

Author - အနမ်းခြွေ

#lotaya_shortstory


#မျက်နှာ
#အစ်မ
#ဒေါသ
#လက်မ
#အနာ

Some text some message..