ခေတ်တွေ ပြောင်းသွားလည်း၊ ဘယ်တော့မှ ရိုးအီသွားမှာ မဟုတ်တဲ့ သင်္ကြန် Braided Hair
moda.com.mm
|
2020-04-12

သင်္ကြန်အပြင်အဆင်အကြောင်း ပြောမယ်ဆိုရင်တော့ သင်္ကြန်မတိုင်ပြုလုပ်လေ့ရှိတဲ့ ဈေးသင်္ကြန်ကိုလည်းမေ့ထားလို့မရပါဘူး။ ဈေးသင်္ကြန်လို့လူသိများတဲ့ ဗိုလ်ချုပ်ဈေးသင်္ကြန်မှာတော့ လူငယ်တွေ ဒီဇိုင်းကာလာမျိုးစုံနဲ့ လည်ကြပတ်ကြတာပါ။ အဲ့ဒီအချိန်မှာ ဆယ်ကျော်သက်လူငယ်တွေရဲ့ ထူးခြားဆန်းပြားတဲ့ ပြင်ဆင်မှုနဲ့ လွတ်လပ်ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ခံစားရမှာပါ။ မိုးထိမြင့်အောင် ထောင်ထားတဲ့ ကာလာစုံဆံပင်တွေနဲ့ ဈေးပတ်ပတ်လည်က လူတွေနဲ့ အဲ့ဒီအချိန်မှာ တစ်သားတည်းဆိုသလို စတုဒိသာတွေစားကြ၊ ရေလောင်းကြနဲ့ တကယ့်ကို ကြည်နူးစရာကောင်းစေတာအမှန်ပါ။



နှစ်စဉ်နှစ်တိုင်း သင်္ကြန်ဖက်ရှင်၊ သင်္ကြန်အပြင်အဆင်ဆိုတာကလည်း ရှိနေတော့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး A List Celebrity တွေအသွားများပြီး သင်္ကြန်ကျစ်ဆံမြီးမှာ နာမည်ကြီးတဲ့ တီချို၊ တီခိုင် (Hello Hair & Makeup) တို့နဲ့ သင်္ကြန်တမ်းချင်းလေးကို အတူတူခံစားလိုက်ရအောင်လား။
နှစ်အလိုက်ခေတ်စားလာခဲ့တဲ့ ဆံပင်ပုံစံနဲ့ ပတ်သတ်ပြီး တီချိုက “၈၆၊ ၈၇ တုန်းက ဒိုင်ယာနာကေတွေ ခေတ်စားတယ်။ သဘောၤသားတွေရှိတဲ့ အိမ်မှသာ နိုင်ငံခြား Magazine တွေကြည့်ပြီး လိုက်ညှပ်တာပေါ့။ တစ်ခုခေတ်စားပြီဆို တစ်တိုင်းပြည်လုံး လိုက်လုပ်ကြတဲ့အချိန်ပေါ့။ ၉၀ ကျော်လောက်မှာ ဒယ်ဘီမိုးကေလေး ညှပ်လာကြတယ်။ အဲ့ဒါပြီးတော့ ဟေမာနေဝင်း ဆံပင်ပုံစံလည်း ခေတ်စားလိုက်သေးတယ်။ ပြီးတာနဲ့ ဆံပင်ဖားလျားအရှည်တွေ ခေတ်စားလာတာပေါ့။ တင်နီလာဝင်းတို့၊ စိုးမြတ်သူဇာ တို့ ထက်ထက်မိုးဦးတို့ရဲ့ စတိုင်လို့ ပြောလို့ရပါတယ်။ တက္ကသိုလ်ကျောင်းသူလေးတွေကြားမှာ အရမ်းခေတ်စားခဲ့တဲ့ ဆံပင်ပုံစံလေးပေါ့။ တက္ကသိုလ်တက်မှပဲ သပ်သပ်ရပ်ရပ် အလှပြင်ကြတာဆိုတော့ သူတို့ကိုကြည့်လိုက်တာနဲ့ ဆံပင်ဖြောင့်ဖြောင့်ဖွာဖွာလေးတွေနဲ့ပေါ့။ ၉၆ ကျော်မှာ စပြီး ဆံပင်ကို အရောင်စဆိုးလာကြတယ်။ ရွှေရောင်ဆိုးတာ ခေတ်စားလာတယ်။ အဲ့ဒီ Blonde Hair ကိုမှ စပရိန်ပုံစံ ကောက်လိုက်ကြသေးတယ်။ အဲ့ဒီနောက်မှာတော့ ဖြောင့်တဲ့ခေတ်ကို ရောက်လာပါရော။ ချည်ပေါင်ရိုးရောင်၊ ခရမ်းနီရောင် ဆံပင်ဖြောင့်ဖြောင့်တွေကို မိန်းကလေးတိုင်းလုပ်ကြတာ မှတ်မိကြမှာပါ။ အင်တာနက်ခေတ်မစားတော့ တစ်ယောက်လုပ်တာတွေ့တာနဲ့ အကုန်လိုက်လုပ်ကြတယ်။ ၂၀၀၀ လောက်ထိ ဒီလိုမျိုးတွေ ခေတ်စားခဲ့တာပေါ့။ ၂၀၀၀ ခုနှစ်အကျော်မှာ Internet Café တွေခေတ်စားလာတာနဲ့ လူတိုင်းက ခေတ်မှီလာကြတယ်။ Update ဖြစ်တဲ့ဟာတွေ နားလည်ပြီး စမ်းသပ်လာကြတယ်။ ဆိုင်မှာဆိုလည်း Customerတွေကို ဒီလိုလေးတော့လိုက်မယ်၊ ဒါလေးတွေ အဆင်ပြေမယ်ဆိုပြီး ညှိပြီးလုပ်ပေးလာတယ်။ လူတွေကလည်း အကြံပေးစရာမလိုပဲနဲ့တောင် သိလာကြတယ်။ ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ ဖြစ်လာကြတယ်။”




သင်္ကြန်နဲ့ ပတ်သတ်ပြီး Hair Style တွေ ပြောင်းလဲလာပုံကိုလည်း တီချိုက ပြောပြပါသေးတယ်။ “သင်္ကြန်မှာ အရင်တုန်းက ကောက်ကောက်စိုစိုလေးတွေခေတ်စားတယ်။ နောက်ပိုင်းမှသာ ကျစ်ဆံမြီးတွေ စခေတ်စားလာတာပေါ့။ ကျစ်ဆံမြီးကတော့ ပုံစံမျိုးစုံပြုလုပ်ကြပါတယ်။ အရင်တုန်းကတော့ ဘောလုံးသမားတွေကျစ်တဲ့ပုံစံလေးတွေ ခေတ်စားတယ်။ လိုင်းလေးတစ်လိုင်းနဲ့ ကပ်ကပ်ကလေးတွေပေါ့။ နောက်ပိုင်းမှာ အရောင်စုံကြိုးလေးတွေနဲ့ ကျစ်တာခေတ်စားလာတယ်။ အရှေ့နှစ်တုန်းကတော့ ဖွေးဖွေးနဲ့ မိုးယုစံရဲ့ ကျစ်ဆံမြီးပုံစံ အရမ်းလာကျစ်ကြတယ်။ ကြိုးရောင်းတဲ့ဆိုင်တွေမှာတောင် ကြိုးတွေပျက်ထွက်ထိနီးပါးရောင်းရတယ်။ ဖွေးအတွက် သူက သင်္ကြန်မလည်ဖြစ်ပေမယ့်လည်း သင်္ကြန်အငွေ့အသက်ရချင်တယ်ဆိုလို့ အိမ်မှာလည်း ပေါ့ပေါ့ပါးပါးနဲ့ တကူးတကမထိန်းသိမ်းရတဲ့ ပုံစံကို ပြင်ဆင်ပေးခဲ့ပါတယ်။ မိုးယုစံအတွက်တော့ မိန်းကလေးဆန်ဆန်၊ ပန်းရောင်လေးနဲ့ လုပ်ပေးလိုက်တယ်။ သူနဲ့ လည်း အရမ်းလိုက်သွားတယ်။”

Hair Color ပိုင်းနဲ့ ပတ်သတ်ပြီးတော့လည်း “သင်္ကြန်အတွက် Hair Color ကတော့ မျိုးစုံပဲ။ လူငယ်တွေကတော့ အရောင်စုံဆိုးကြတယ်။ ကိုယ်ပိုင်ဒီဇိုင်းနဲ့ပဲ ထင်ပေါ်အောင် ပြင်ဆင်လာကြပါတယ်။” ကျစ်ဆံမြီးရှိဖို့ ပြင်ဆင်နေတဲ့သူဖြစ်ဖြစ်၊ ခုမှ စကျစ်မယ့်သူတွေအတွက်လည်း ဒါလေးတွေက သိထားဖို့လိုပါမယ်။ “ကျစ်ဆံမြီးကျစ်ဖို့အတွက် အဓိကခံနိုင်ရည်ရှိဖို့လိုပါတယ်။ အချောင်းရေနည်းနည်းနဲ့ ကျစ်တာရယ်။ အချောင်းရေအများကြီးနဲ့ ကျစ်တာရယ်ဆိုပြီး နှစ်မျိူးရှိတာပေါ့။ အချောင်းရေများတာက အချိန်ပိုကြာပြီး လေးလည်းလေးတယ်။ ထိန်းသိမ်းရတာလည်း နည်းနည်းခက်တယ်။ သင်္ကြန်နဲ့က အရမ်းလှပေမယ့် ခံနိုင်ရည်သိပ်မရှိတဲ့သူအတွက်ဆိုရင်တော့ မသင့်တော်ဘူးပေါ့။ ခေါင်းနာ သက်သာတဲ့ အချောင်းရေနည်းနည်းနဲ့ ကျစ်တဲ့ပုံစံကတော့ အားလုံးနဲ့ အကောင်းဆုံးပဲ။ တစ်ချိူ့ဆို ကျစ်ဆံမြီးကျစ်ပြီး ဖျားသွားတဲ့သူရှိတယ်။ အဲ့ဒီတော့ ခံနိုင်ရည်ရှိဖို့လိုပါတယ်။ ခေါင်းနဲ့ ပတ်သတ်ပြီး နာတတ်၊ ကိုက်တတ်တဲ့သူဆိုရင်တော့ အဆင်မပြေပါဘူးလို့ အကြံပေးချင်ပါတယ်။”




“ကျစ်ဆံမြီးကျစ်ထားပြီးရင်လည်း ခေါင်းကို ခပ်ပြင်းပြင်းကုတ်တာ၊ ဘီးနဲ့ ဖြီးတာတော့လုပ်လို့မရဘူးပေါ့နော်။ သင်္ကြန်မှာ ရေထိပြီးရင်လည်း အိမ်ရောက်တာနဲ့ ခေါင်းကို ရေသန့်နဲ့ လောင်းလိုက်ရင် ရပြီ။ ကျစ်ဆံမြီးစိုစိုနဲ့တော့ အိပ်ရာမဝင်ပါနဲ့။ ကျစ်ဆံမြီးကျစ်ထားတာဖြစ်လို့ ပုံမှန်ဆံပင်ထက်စာရင်တော့ အခြောက်နှေးတတ်တယ်။ ဒါကြောင့် ကိုယ်ခေါင်းလျော်ထားတဲ့ ဆံပင်တွေလိုပဲ သုတ်မယ်၊ အခြောက်ခံမယ်ဆိုရင် ရပါပြီ။ ရေပိုပြီးစုပ်အောင် ခေါင်းအုံးပေါ်မှာ သတင်းစာလေးခင်းပြီး အိပ်လို့ရပါတယ်။ သတင်းစာက ရေစုပ်တဲ့အတွက် တစ်နည်းအားဖြင့် ခေါင်းမြန်မြန်ခြောက်တာပေါ့။ မဟုတ်ရင် စိုထိုင်းမှုကနေ ဖျားနာတာတွေဖြစ်မှာစိုးတဲ့အတွက်ကြောင့်ပါ။ ကျစ်ဆံမြီးကျစ်ပြီးလို့ ပြန်ဖြည်မယ်ဆိုရင်လည်း ကိုယ်ကိုယ်တိုင်ဖြည်လို့ရသလို၊ အချို့စိတ်မရှည်တဲ့သူတွေဆိုရင်တော့ ဆိုင်မှာလဲဖြည်လို့ရပါတယ်။ ဖြုတ်ပြီးရင်လည်း ဆံပင်နဲ့ ဦးရေပြားအတွက် Treatment လေးယူပေးပါ။ ပုံမှန်ကတော့ ကျစ်ဆံမြီးကျစ်လို့ ထွေထွေထူးထူးပြဿနာဖြစ်တာတော့ မရှိသေးပါဘူး။” လို့ တီချိုက ဆံပင်ထိန်းသိမ်းဖို့အတွက် နည်းလမ်းလေးတွေလည်း မျှဝေပေးခဲ့ပါတယ်။


မျက်နှာ အနေအထားနဲ့ ဘယ်လိုကျစ်ဆံမြီး ကျစ်ရမလဲဆိုတဲ့ မေးခွန်းကိုတော့ “မျက်နှာပြည့်တဲ့သူ၊ ဝိုင်းတဲ့သူတွေအတွက်ဆိုရင်တော့ ရှေ့ဆံပင်နည်းနည်းချန်ပြီး ကျစ်ပေးလေ့ရှိတယ်။ ဆံပင်နည်းတဲ့သူတွေအတွက်ဆိုရင်တော့ ကြိုးများများလေးနဲ့ ကျစ်ပေးတာပေါ့နော်။” လို့ ပြောပြခဲ့ပါတယ်။
တီခိုင်ကလည်း မိတ်ကပ်၊ အသားအရေနဲ့ ပတ်သတ်ပြီးတော့ “သင်္ကြန်အတွင်း နေပူပူ၊ ရေတွေ အချိန်ပြည့်ထိနေရမယ့် အသားအရေအတွက် Sunscreen လေးတစ်ဘူးတော့ မဖြစ်မနေလိုပါတယ်။ ကိုယ်လွယ်သွားမယ့်အိတ်လေးထဲမှာ ဘူးလေးတစ်ဘူး ထည့်သွားလိုက်ပေါ့။ အသားအရေအတွက်ကိုတော့ သင်္ကြန်ပြီးမှပဲ ထိန်းသိမ်းတာက ပိုပြီးကောင်းပါတယ်။ သင်္ကြန်မှာ မိတ်ကပ်လိမ်းမယ်ဆိုရင် Waterproof လေးတွေ ခံမယ်။ Moez က Sun gel လေးကို တောက်လျှောက်လိမ်းပေါ့။ အဓိကကတော့ Waterproof Product လေးသုံး၊ ကိုယ်သုံးနေကျ Sunscreen၊ Sun gel လေးသုံးပေ့ါ။”
သင်္ကြန်နဲ့ ပတ်သတ်ပြီး လူငယ်တွေ အများဆုံးလုပ်ဖြစ်တဲ့အလှအပအကြောင်းအရာတွေကိုလည်း ပြောပြခဲ့ပါတယ်။ “အရင်နှစ်တွေတုန်းကတော့ သင်္ကြန်မတိုင်ခင် မျက်တောင်အရမ်းလာဆက်ကြတယ်။ အဓိက ရေစိုလည်း မျက်နှာလေးပေါ်နေစေတဲ့အတွက် လူကြိုက်များတာပေါ့နော်။ တစ်ပင်ချင်းဆက်တာရှိတယ်၊ အစုလိုက်ဆက်တာရှိတယ်။ ဆိုတော့ မျက်နှာပေါက်နဲ့ လိုက်၊ မလိုက်ကြည့်ပြီးမှပဲ လုပ်ပေးဖြစ်တာများတယ်။ အရင်တုန်းကဆို Eye shadow တောက်တောက်၊ နှုတ်ခမ်းနီတောက်တောက်တွေ ပြင်ကြတယ်။ ဒါမယ့် ခုနောက်ပိုင်းကတော့ အဲ့လို Heavy ကြီးတော့ မလုပ်ကြတော့ဘူး။ အမအနေနဲ့ အကြံပေးရမယ်ဆိုရင် Waterproof Eyeliner လေးခြယ်၊ မျက်တောင်လေးဆက်ထား၊ ပါးနီရဲရဲလေးခြယ်ထားလိုက်ရင် သဘာဝဆန်ဆန် ပေါ့ပေါ့ပါးပါးလေးလှနေမှာပါ။ အဓိကတော့ Foundation အများကြီးလိမ်းတာကို လျော့ခိုင်းစေချင်တယ်။ အဓိကက သင်္ကြန်မှ မဟုတ်ဘူး..အပူချိန်များတဲ့ နွေရာသီဖြစ်တာကြောင့် မျက်နှာကိုပြင်ဆင်သလိုပဲ..လည်ပင်းနဲ့ အခြား အစိတ်အပိုင်းကိုလည်း ကာကွယ်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ်သယ်သွားလို့ရမယ့် Sunscreen ကို အမြဲတမ်းဆောင်ထားပါ။ တီခိုင် ကတော့ Moe z ရဲ့ sun gel လေးကို Recommend ပေးချင်ပါတယ်။ ပြာတာ၊ စေးကပ်တာ၊ ပူစပ်တာတွေ မဖြစ်တဲ့အတွက် အရမ်းကြိုက်တယ်။



သင်္ကြန်မှာ ပျက်စီးသွားတဲ့ အသားအရေကို ပြုပြင်ထိန်းသိမ်းဖို့အတွက်ကိုလည်း “သင်္ကြန်ပြီးသွားရင်လည်း Body Treatment Face Treatment တွေကိုသေချာလုပ်ပေးဖို့လိုပါတယ်။ ဆိုင်မှာလည်း သင်္ကြန်ပြီးရင် အရမ်းလာလုပ်ကြတယ်။ သင်္ကြန်တွင်းက ပျက်စီးထားတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်က မဖြစ်မနေထိန်းသိမ်းရမှာပါ။ ပုံမှန် Body Treatment ကို တစ်ခါမှ မလုပ်ဘူးသေးတဲ့သူတွေအတွက်ဆိုရင်တော့ တစ်လကို နှစ်ခေါက်တော့ ပြုလုပ်စေချင်ပါတယ်။ နောက်ပိုင်းဆိုရင်တော့ တစ်လတစ်ခေါက်နှုန်းနဲ့ သွားရင် အဆင်ပြေပါတယ်။ အဓိက ဘာကောင်းလဲဆိုတော့ အသားအရေကို ကြည်လင်သန့်စင်စေပြီး Skin အသစ်အတိုင်းဖြစ်သွားစေလို့ပါ။ Spa တွေ၊ Salon တွေမှာ လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကိုယ်ပုံမှန်လုပ်နေကျထက် ပိုမိုထိရောက်ပြီး ပေါ့ပါးတဲ့ခံစားချက်ကိုရရှိမှာပါ။”
သင်္ကြန်နဲ့ ပတ်သတ်ပြီးတော့လည်း တီချိုနဲ့ တီခိုင်ရဲ့ အမြင်က “သင်္ကြန်က လွတ်လပ်ပေါ့ပါးတယ်၊ ဒီဇိုင်းမျိုးစုံ၊ ကာလာမျိုးစုံ ပြင်ဆင်နိုင်တယ်။ ဒီအချိန်က ကဲ့ရဲ့တာဘာတွေလည်းမရှိဘူး။ Hair Style အနေနဲ့ကတော့ ကျစ်ဆံမြီးက ဘာတွေ ဘယ်လိုပဲ ခေတ်စားနေ လုပ်နေကြအုံးမှာပါ။ ကာလာတွေ တွေ့ရမယ်။ မိတ်ကပ်ဆိုလည်း ပေါ့ပေါ့ပါးပါးလေးတွေက သင့်တော်ပါတယ်။”

ကဲ သင်္ကြန်နဲ့ ပတ်သတ်ပြီး အမှတ်ရစရာတွေ၊ ဗဟုသုတတွေရလို့ ကျေနပ်ကြမယ်လို့ထင်ပါတယ်။ ဒီနှစ်ကတော့ ရေမစိုတဲ့ သင်္ကြန်ဖြစ်တာကြောင့် အားလုံးဝမ်းနည်းနေကြမှာဆိုပေမယ့်လည်း ရောဂါကာကွယ်တားဆီးခြင်းအတွက် အိမ်ထဲမှာနေတာက အကောင်းဆုံးပါ။ နောက်နှစ်သင်္ကြန်ကိုတော့ ဒီနှစ်အတွက်ပါ အတိုးချပြီး အစွမ်းကုန်ပျော်ကြရအောင်နော်။




Some text some message..