မျက်နှာကျပုံစံပေါ်မူတည်ပြီး ဆံပင်ခွဲဖြီးကြမယ်
mystylemyanmar.com
|
2020-09-11

မိန်းကလေးတစ်ယောက်ရဲ့ အလှတရားအရင်းမြစ်က ဆံပင်လို့ပြောရင်မမှားပါဘူး။ စဉ်းစားကြည့်လေ ဘယ်လောက်ပဲချောတဲ့မိန်းကလေးဖြစ်နေပါစေ၊ ခေါင်းတုံးတုံးလိုက်ရင်တော့ ရုပ်နည်းနည်းဆိုးသွားမှာပဲ။ တခါတလေ ကိုယ့်ဆံပင်စတိုင်ကြောင့် ရုပ်ပိုရင့်သွားတာမျိုး၊ ရုပ်ပိုနုသွားတာမျိုးတောင်ဖြစ်တတ်ပါတယ်။ ကိုယ့်ဆံပင်ခွဲဖြီးပုံကတောင် ရုပ်ကိုပြောင်းစေပါတယ်။

တချို့ဆို ငယ်ငယ်ကတည်းက ဘေးခွဲဖြီးနေကျမို့ အခုထိထိအဲ့ဒီ့အတိုင်းကလေးပဲ ခွဲဖြီးကြပေမယ့် တကယ်က ကိုယ်နဲ့အလယ်ခွဲ ပိုလိုက်ချင်ရင်လိုက်နေပါလိမ့်မယ်။ ဒါဆို ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ခွဲနည်းဘယ်လိုသိရမလဲ။ မပူပါနဲ့။ ကိုယ့်မျက်နှာကျပုံစံနဲ့လိုက်ဖက်နိုင်မယ့် ဆံပင်ခွဲနည်းကို ပြောပြပေးမယ်နော်။


၁။ ဝိုင်းလုံးသောမျက်နှာကျ

မျက်နှာကျဝိုင်းတဲ့သူတွေကတော့ ဘေးခွဲကိုရွေးချယ်ပေးသင့်ပါတယ်။ ဘယ်ဘက်ဘေးလား ညာဘက်ဘေးလားဆိုတာမသဲကွဲရင်တော့ စာရွက်တစ်ရွက်ယူပြီး မျက်နှာတစ်ခြမ်းဆီဖုံးကြည့်ပါ။ လူတိုင်းရဲ့မျက်နှာဟာ ဘယ်ဘက်နဲ့ညာဘက် လုံးဝထပ်တူညီတယ်ဆိုတာမရှိပါဘူး။ ကိုယ်ကြိုက်တဲ့ဘက်ကိုလိုက်ပြီး ခွဲဖြီးပေးပါ။ အဓိကကတော့ ကိုယ့်မျက်နှာကို နည်းနည်းပိန်သယောင်ထင်ရစေဖို့ပါပဲ။



၂။ ဘဲဥသဏ္ဍာန်မျက်နှာကျ

ကိုယ့်မျက်နှာလေးက ဘဲဥပုံစံဖြစ်နေရင်တော့ ကံအကောင်းဆုံးလို့သတ်မှတ်လိုက်ပါ။ ဘဲဥမျက်နှာကျပိုင်ရှင်တွေက ဘယ်လိုအခွဲပုံစံမျိုးဖြစ်ဖြစ်လိုက်ပါတယ်။ စိတ်ကြိုက်မှန်ထဲကြည့်ပြီး ခွဲဖြီးလိုက်ပါ။ အခုနေဘေးခွဲ၊ တော်ကြာနေအလယ်ခွဲဆိုရင်တောင် အမျိုးမျိုးစီလှနေမှာဖြစ်လို့ ကြိုက်သလိုသာလုပ်ပါ။



၃။ အသဲပုံစံမျက်နှာကျ

အသဲပုံမျက်နှာကျပိုင်ရှင်တွေက ပါးပြင်ကျယ်တဲ့အတွက် ဆံပင်ရှည်ရှည်နဲ့ဆို အလယ်ခွဲလေးနဲ့ပိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ဆံပင်တိုတဲ့အခါမှာ၊ အထူးသဖြင့် ပါးပြင်နားလောက်ထိတိုတက်နေမယ်ဆိုရင်တော့ မျက်နှာလေးသွယ်စေဖို့ ဘေးခွဲဖြီးတာပိုလိုက်ပါတယ်။



၄။ လေးထောင့်ပုံစံမျက်နှာကျ

လေးထောင်မျက်နှာကျပိုင်ရှင်တွေက နှဖူးပြင်လေးထောင့်ကျပြီး မေးစေ့နဲ့ ထောင့်ပုံစံဖြစ်နေတတ်ပါတယ်။ အဲ့ဒီ့လူတွေကတော့ ဘေးခွဲကပိုကယိုလေးနဲ့လိုက်ဖက်ပါတယ်။ ဘေးခွဲဆိုလိုဆံပင်တွေကို လုံးဝသိမ်းကျုံးပြီးခွဲမဖြီးလိုက်ပါနဲ့။ ပုံပါအတိုင်းကပိုကယိုလေးခွဲမှပိုအဆင်ပြေမှာပါ။ မျက်ခုံးအမြင့်ဆုံးခုံးတက်တဲ့နေရာက စခွဲဖြီးတာကအလိုက်ဖက်ဆုံးနဲ့ အဆင်ပြေဆုံးပါ။



၅။ စိန်တုံးပုံစံမျက်နှာကျ

ပါးရိုးပေါ်လွင်စေတဲ့ စိန်တုံးပုံစံမျက်နှာကျပိုင်ရှင်တွေကတော့ ဆံပင်ဆံမြိတ်တိုတိုနဲ့မလိုက်ပါဘူး။ ဆံမြိတ်ချချင်ရင်တောင် ခပ်ရှည်ရှည်နဲ့မှလိုက်ဖက်ပါတယ်။ ဒီမျက်နှာကျပိုင်ရှင်တွေက နှဖူးပြင်ကျဉ်းတဲ့အတွက် ဆံပင်တိုဘေးခွဲနဲ့ပိုလိုက်ပါတယ်။ ဆံပင်ဂုတ်ဝဲကုတ်ကုတ်လေးနဲ့ဆိုပိုတောင်လိုက်ဖက်ပါသေးတယ်။ ဆံပင်ရှည်ထားချင်ရင်လည်း မျက်နှာကိုမအုပ်စေပဲ ပေါ်လွင်စေမယ့်စတိုင်မျိုးရွေးထားပါ။




စာဖတ်သူတို့လည်းအခုဆိုရင် ကိုယ်မျက်နှာကျနဲ့လိုက်ဖက်မယ့် ဆံပင်အခွဲပုံစံမျိုး သိသွားလောက်ပြီမို့ ကိုယ်တိုင်လက်တွေ့စမ်းသပ်ခွဲဖြီးကြည့်ပါ။ ကိုယ်နဲ့လိုက်ဖက်တယ်လို့ တကယ်ခံစားရရင်တော့ အဲ့ဒီ့အတိုင်းလေးပဲခွဲဖြီးလိုက်ပေါ့။ စာဖတ်သူအပေါင်းတို့ အလှတိုးကြပါစေ။


The post

မျက်နှာကျပုံစံပေါ်မူတည်ပြီး ဆံပင်ခွဲဖြီးကြမယ် appeared first on

MyStyle Myanmar .




Some text some message..