ကြက်ဥခွံကို လွှင့်မပစ်ဘဲ ပြန်လည် အသုံးပြုနိုင်တဲ့ နည်းလမ်း အမျိုးမျိုး
auntymay.com
|
2020-10-08

ကြက်ဥကတော့ နေ့စဉ် စားသောက်စရာတွေထဲမှာ အရေးပါတဲ့ စားသောက်စရာ တစ်ခု ဖြစ်ပါတယ်။ ကြက်ဥကို အသုံးပြုပြီး ဟင်းပွဲများစွာ ပြုလုပ်နိုင်သလို တခြားသော ဟင်းပွဲတွေအတွက်လည်း အရေးပါတဲ့ ပါဝင်ပစ္စည်း ဖြစ်ပါတယ်။ ကြက်ဥရဲ့ စားနိုင်တဲ့ အပိုင်းတင် အသုံးပြုနိုင်တာ မဟုတ်ဘဲ ကြက်ဥအခွံကလည်း အသုံးဝင်ပါသေးတယ်။ ကြက်ဥအခွံတွေကို လွှင့်ပစ်မယ့်အစား အခုလို အရာတွေအတွက် အသုံးပြုနိုင်ပါတယ်နော်။


၁။ ကော်ဖီနှပ်ရင် သုံးနိုင်တယ်

ကော်ဖီမှုန့်ကို နှပ်သောက်တတ်တဲ့သူတွေအတွက် ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥခွံတွေကို ကြိတ်ခြေပြီး ကော်ဖီစက်နဲ့ နှပ်တဲ့အခါ ကော်ဖီမှုန့်နဲ့အတူ ရောနှပ်လိုက်တဲ့အခါ အခါးလည်း သက်သာသွားသလို အနံ့လည်း ပိုသင်းလာစေပါတယ်။ ဒီနည်းကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက အသုံးပြုခဲ့ကြပါတယ်။


jcomp/Freepik


၂။ အပင်ကို သန်စွမ်းစေဖို့

ကြက်ဥခွံမှာ ကယ်ဆီယမ်ဓာတ်တွေ ကြွယ်ဝလို့ အပင်တွေအတွက် အားဖြည့်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ နည်းလမ်းကတော့ ကြက်ဥကို ချေပြီး အပင်စိုက်ထားတဲ့ မြေကြီးနဲ့ ရောနှောပေးဖို့ ပါပဲ။


shutterstock/Wachiwit


၃။ ပျိုးပင်တွေ စိုက်နိုင်တယ်

အပင်အသေးလေးတွေကို ပျိုးပင်အဖြစ် အပင်ခွဲတဲ့အခါမှာ ကြက်ဥခွံအတွင်းကို မြေဆွေးနဲ့အတူ ထည့်စိုက်ထားလို့ ရပါတယ်။ ဒါ့အပြင် မျိုးစေ့တွေကနေ အပင်အဖြစ် ပျိုးတဲ့အခါလည်း အသုံးပြုနိုင်ပါတယ်။ တစ်နေရာမှာ ကျကျနန စိုက်တော့မယ်ဆိုရင်လည်း မြေကြီးထဲ မြုပ်ပေးလိုက်ရုံပါပဲ။ ကြက်ဥက မြေနဲ့အတူ ဆွေးသွားသလို သင့်အပင်ကို အားဖြည့်ပေးနိုင်ပါတယ်။


esich_elena/Freepik


၄။ အဝတ်တွေကို ဖြူအောင်

အဝတ်လျှော်တဲ့အခါမှာ ကြက်ဥခွံတွေကို ခြေပြီး သံပရိုသီး နှစ်စိတ်ခန့်နဲ့အတူ အဝတ်လျှော်တဲ့ အိတ်သေးသေးထဲ ထည့်ပြီး အဝတ်လျှော်စက်ထဲကို အဝတ်တွေနဲ့ အတူ ထည့်လိုက်တဲ့အခါ သင့်အင်္ကျီ အဖြူတွေ အရောင်မလွင့်အောင် ပြုလုပ်ပေးနိုင်ပါတယ်။


Freepik.com


၅။ အသားအရေ လှဖို့

ကြက်ဥခွံနဲ့ ပန်းသီးရှာလကာရည်ကို သုံးပြီးတော့လည်း အသားအရေကို လှပအောင် ပြုလုပ်နိုင်ပါတယ်။ ကြက်ဥခွံ ၂ ခွံကို ကြိတ်ခြေပြီး ပန်းသီးရှာလကာရည် အနည်းငယ်နဲ့ ခွက်တစ်ခုထဲမှာ ၅ ရက်ကြာအောင် စိမ်ထားပါ။ ပြီးရင်တော့ ဒီအရည်ကို cotton pad နဲ့ စွတ်ပြီး မျက်နှာပေါ်ကို လိမ်းပေးလို့ ရပါတယ်။ မိနစ်အနည်းငယ်ကြာရင် ရေပြန်ဆေးချလိုက်ပါ။ မျက်နှာပေါ်က အပေါက်တွေ၊ ဆဲလ်သေတွေနဲ့ မှဲ့ခြောက်တွေကို ဖယ်ရှားပေးနိုင်လို့ အနည်းဆုံး တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးသင့်ပါတယ်။

Kham




Some text some message..