
အကြောပြတ်ရာဟာ လူတိုင်းမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားအခြေအနေတစ်ခုပါ။ ပုံမှန်အားဖြင့်တော့ အမျိုးသမီးတွေဟာ ပိုပြီးအဖြစ်များကြပါတယ်။ အမှန်တော့ အကြောပြတ်ရာဟာ အမာရွတ်တစ်ခုပါပဲ။ လူသားတွေရဲ့ခန္တာကိုယ်အသားအရေသုံးလွှာထဲက အလယ်လွှာကနေ ရုတ်တရက်ပိန်သွား ဝသွားတဲ့အခါ အရေပြားတွေကိုအလျင်စလို ကျုံဆန့်လိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ဒဏ်တစ်ခုဖြစ်ပါတယ်။

အကြောပြတ်ရာအများစုဟာ အစပိုင်းမှာ အနီရောင်လိုမျိုးဖြစ်တတ်ပေမဲ့ အချိန်ကြာလာတဲ့အခါ အဖြူရောင်နှင့်ငွေရောင်အဖြစ်ကိုပြောင်းလဲသွားပါတယ်။ အနီရောင်ဖြစ်နေတဲ့အချိန်ကုသပေးရင် ပျောက်ကင်းနိုင်ပေမဲ့ အဖြူရောင်အဖြစ်ပြောင်းသွားတဲ့ အကြောပြတ်ရာတွေကိုတော့ ကုသဖို့ခက်ခဲပါတယ်။

အကြောပြတ်ရာအများစုဟာ ကိုယ်အလေးချိန်အပြောင်းအလဲများလွန်းတဲ့သူတွေမှာ ဖြစ်တတ်တာပါ။ ကိုယ်ဝန်ဆောင်မိခင်အများစုဟာလည်း ကလေးမွေးပြီးချိန်မှာဗိုက်ကြောတွေပြတ်ပြီး အကြောပြတ်ရာအဖြစ်ကျန်လေ့ရှိပါတယ်။ တစ်ချို့ကတော့ အကြောပြတ်ရာကိုမျိုးရိုးကနေတစ်ဆင့်လက်ခံရတဲ့သူလည်းရှိပြီးတော့ စတီးရွှိုက်ပါဝင်တဲ့ဆေးကို အချိန်အကြာကြီးသောက်နေ လိမ်းနေတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

အကြောပြတ်ရာတွေဟာလူတိုင်းမှာရှိတတ်ပြီး ကျန်းမာရေးကိုအထူးတလည်ဆိုးကျိုးမဖြစ်စေတာကြောင့် ကုသမှုခံယူဖို့တော့မလိုအပ်ပါဘူး။ ပြီးတော့ အဖြူရောင်အဖြစ်ပြောင်းသွားပြီးတဲ့ အကြောပြတ်ရာတွေကိုတော့အရှင်းပျောက်တဲ့အထိကုသဖို့ ခက်ခဲပါတယ်။