ဆံပင်ပေါင်းတင်ဖို့အချိန်မပေးနိုင်ဘူးဆိုရင်အသုံးပြုနေကျခေါင်းလျှော်ရည်ထဲကို ဒါတွေရောစပ်ထားလိုက်ပါ
shweinnlay.com
|
2019-01-02



ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံသားပျက်စီးခြင်းနဲ့ ဆံပင်အရောင် မွဲခြောက်ခြောက်ဖြစ်ခြင်းစတာတွေက မကြာခဏဆံပင်ပုံစံပြောင်းလဲသူတွေ ကြုံတွေ့ရတဲ့ ပြဿနာရပ်တွေပါ။ ဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်၊အရောင်ဆိုးလိုက်နဲ့အမျိုးမျိုး ပြုလုပ်နေတာကြောင့် ဆံသားများ ပျက်စီးရတာပဲဖြစ်ပါတယ်။ ဒါတွေကိုဖြေရှင်းဖို့အတွက် ဆံပင်ပေါင်းတင်ဖို့အတွက်အချိန်သီးသန့်ပေးပြီးအလုပ်ရှုပ်ခံစရာမလိုဘဲ ခေါင်းလျှော်လိုက်ရုံနဲ့အကျိုးထူးရရှိနိုင်မယ့် နည်းလမ်းကောင်းလေးကို ဖော်ပြပေးချင်ပါတယ်။အသုံးပြုနေကျ ခေါင်းလျှော်ရည်ထဲကို ဆံသားကျန်းမာလှပစေတဲ့ သဘာဝပစ္စည်းများကို ရောစပ်အသုံးပြုလိုက်ရုံနဲ့ ဆံပင်ပျက်စီးခြင်းကို ကုသမယ့် နည်းလမ်းကောင်းလေးပါပဲနော်။


(၁) ပျားရည်

ဦးရေပြားခြောက်သေ့ွခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ဗောက်ပြဿနာကို ရှင်းထုတ်ပစ်ချင်တယ်ဆိုရင်တော့ ခေါင်းလျှော်ရည်ထဲကို ပျားရည်ရောစပ်ပြီးအသုံးပြုပေးပါနော်။ ပျားရည်မှာပါဝင်တဲ့ ဓာတ်များက ဦးရေပြားဆဲလ်များကို ကျန်းမာစေတဲ့အပြင် ဗောက်ဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားပိုးမွှားများကို သေစေနိုင်ပြီး ဦးရေပြားအတွက်လိုအပ်တဲ့အစိုဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ကောင်းကျိုးများစွာပြုတဲ့ သဘာဝနည်းလမ်းကောင်းလေးပါပဲ။


(၂) ရှားစောင်းလက်ပတ်အနှစ်ရည်

ရှားစောင်းလက်ပတ်ကလည်းအလှအပရေးရာမှာ တကယ့်ကိုအသုံးဝင်တာကို တွေ့ရပါတယ်။ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ သဘာဝဓာတ်ပစ္စည်းများက ဦးရေပြားကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ ဒါ့ကြောင့် ဆံပင်အရှည်မြန်ချင်တယ်ဆိုရင်တော့ သင်အသုံးပြုနေကျ ခေါင်းလျှော်ရည်ထဲကို ရှားစောင်းလက်ပတ်အနှစ်ရည်ကို ပေါင်းစပ်ပြီးအသုံးပြုပေးဖို့ မမေ့ပါနဲ့နော်။


(၃) သံပရိုရည်

သံပရိုရည်ကိုလည်း ခေါင်းလျှော်ရည်ထဲ ထည့်ပြီးအသုံးပြုလို့ ရပါတယ်နော်။ သံပရိုရည်မှာပါဝင်တဲ့ သဘာဝဓာတ်များက ဆံသားမွဲခြောက်ခြောက်ဖြစ်ခြင်းအတွက်အလျင်မြန်ဆုံးကုသပေးနိုင်တာကို တွေ့ရမှာပါ။ ဆံသားအရောင်မွဲခြောက်ခြောက်ဖြစ်နေလို့ သံပရိုရည်ရောစပ်ထားတဲ့ ခေါင်းလျှော်ရည်ကိုအသုံးပြုမယ်ဆိုရင် ဆံပင်နက်မှောင်လှပလာတာကို ခဏအတွင်းတွေ့မြင်ရမှာပါ။ တကယ့်ကိုကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးဖြစ်တာကြောင့် စမ်းလုပ်ကြည့်လိုက်ပါနော်။


(၄) Rose water

နှင်းဆီရေမွှေးလို့ခေါ်တဲ့ Rose Waterကို နီးစပ်ရာစူပါမားကတ်ဆိုင်တွေမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်နော်။အိမ်မှာလည်းအလွယ်တကူပြုလုပ်လို့ရပါတယ်။ ရေနွေးလေးထဲကို နှင်းဆီနီပွင့်ဖတ်ကလေးတွေကို စိမ်ထားပြီးအအေးခံထားလိုက်ပါ။ ၃နာရီခန့်စိမ်ထားပြီးရင် Rose water ကိုရရှိပါပြီ။ ဒီrose waterကို သင်အသုံးပြုနေကျ ခေါင်းလျှော်ရည်ဘူးထဲကို ရောထည့်ပြီးအသုံးပြုနိုင်ပါတယ်။ Rose waterက မှိုရောဂါကြောင့် ဦးရေပြားယားယံခြင်း၊ ဆံသားခြောက်သွေ့ကြမ်းတမ်းခြင်းကို ကုသပေးနိုင်တဲ့အကောင်းဆုံးဆေးတစ်လက်ပါပဲ။


နန်း(ရွှေအင်းလေး)




Some text some message..