
မျက်လုံးမှေးတဲ့သူတွေက လိုင်နာဆိုးတဲ့အခါပဲဖြစ်ဖြစ်၊ Eyeshadow ဆိုးတဲ့အခါပဲဖြစ်ဖြစ် ယုံကြည်မှုနည်းပြီး အားငယ်တတ်ကြပါတယ်။ တကယ်တော့ စိတ်ညစ်စရာကိစ္စမဟုတ်ပါဘူး။ ကိုယ့်မျက်လုံးလေးတွေ မှေးနေလို့ အလှပြင်တဲ့အခါ မပေါ်လွင်ဘူးလို့လည်း မထင်စေချင်ဘူး။ အဓိကက ပြင်ပုံပြင်နည်းနဲ့ပဲ ဆိုင်တာပါ။ မျက်လုံးမှေးတဲ့ပျိုမေလေးတွေ ဘယ်လို ပြင်ဆင်ခြယ်သရင် မျက်လုံးလေးတွေ ဝိုင်းပြီး လှနေမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။
၁။ သဘာဝနည်းနဲ့ ပေါင်းတင်ပါ။
မျက်လုံးနားတစ်ဝိုက်ကို အသားအရေ ခြောက်မနေအောင် သဘာဝနည်းလေးတွေနဲ့ ပေါင်းတင်ပေးတာမျိုး လုပ်ပေးပါ။ အသားအရေ ခြောက်နေမယ်ဆို မိတ်ကပ်လိမ်းတဲ့အချိန်ကျ ညက်မနေတော့ဘဲ Blend လုပ်ရတာ ခက်ခဲနေပါလိမ့်မယ်။ ဒါဆိုရင်သခွားသီးလေး ကပ်ပြီး ညမအိပ်ခင် ပေါင်းတင်နိုင်ပါတယ်။
၂။ Dark Circle နေရာတွေကို မိတ်ကပ်ထူထူ သိပ်ပေးပါ။
Dark Circle ဆိုတာက မျက်လုံးအောက်နေ ပါးမို့တစ်ဝက်လောက်ထိ တြိဂံဇောက်ထိုး အနေအထားမျိုးကို ပြောတာပါ။ အောက်ဘက် မျက်ခမ်းအရစ်တစ်လျှောက်နဲ့ မမှားစေနဲ့နော်။ အဲဒီ Dark Circle နေရာလေး တစ်ဝိုက်ကို မိတ်ကပ်လိမ်းပြီး Concealer သေချာ သိပ်ပေးဖို့ လိုပါတယ်။ မဟုတ်လို့ ရှိရင် မျက်လုံးအရောင်ခြယ်တဲ့အခါမျိုးတွေမှာ မျက်ကွင်းညိုနေသလိုမျိုး ဖြစ်ပြီး မျက်လုံးအလှကို ပေါ်လွင်စေမှာ မဟုတ်ပါဘူး။
၃။ မျက်တောင်တု တပ်ပါ။
မျက်တောင်တု တပ်ပေးဖို့လည်း လိုပါတယ်။ ကိုယ်က မျက်တောင်တုနဲ့ နေသားမကျတဲ့သူဆိုရင် မျက်တောင်ကော့စက်လေးဆောင်ထားပြီး အမြဲ ကော့ကော့ပေးပါ။ မျက်တောင်မွေးတွေ ဖြောင့်စင်းနေမယ်ဆိုရင် မျက်လုံးကို ပိုမှေးသယောင် ဖြစ်စေနိုင်ပါတယ်။
၄။ Water Line နေရာကို အမည်းရောင် မခြယ်ပါနဲ့။
Water Line နေရာတွေဆိုတာကတော့ အောက်မျက်ခမ်းအတွင်းဘက်ကို ပြောတာပါ။ အဲဒီနေရာကို လိုင်နာအမည်းရောင် ခြယ်မယ့်အစား ငွေရောင်၊ ရွှေရောင်နဲ့ အရောင်ဖျော့လေးတွေ ဦးစားပေးပြီး ခြယ်ဖို့ လိုပါတယ်နော်။
၅။ Inner Corner ကို အရောင်လင်းတာ ခြယ်ပါ။
အပေါ်ဘက် မျက်ရစ်အတွင်းဘက်ထောင့် နှစ်ဖက်စလုံးကို ငွေရောင်၊ ရွှေရောင်၊ အဖြူရောင် စတဲ့ အရောင်လင်းလင်းလေးတွေ အနည်းငယ် ခြယ်ပေးပါ။ သင့်မျက်လုံးကိုလည်း လင်းစေသလို ကြီးသယောင်ယောင်လည်း ဖြစ်စေပါတယ်။
၆။ မျက်တောင်ကော့ဆေး သေချာ သုံးပါ။
မျက်တောင်ကော့ဆေး ဝယ်တဲ့အခါ ထူထဲအောင် လုပ်ပေးနိုင်တဲ့ Volume ပါတာကို ရွေးဝယ်စေချင်ပါတယ်။ မျက်တောင်ကို ထူထူလေး ဖြစ်အောင် ကော့ပေးတာကလည်း မျက်လုံးကို ဝိုင်းစေပါတယ်။
၇။ Eye Liner
Eye Liner ဆိုးတာကလည်း မျက်လုံးကို ခြယ်သတဲ့နေရာမှာ အရေးကြီးဆုံးပါပဲ။ အပေါ် မျက်ရစ်မှာ ဆွဲတဲ့အခါ အတွင်းဘက်ကနေ အပြင်ဘက်ကို တဖြည်းဖြည်း ထူသွားတဲ့အနေအထားလေးနဲ့ ဆိုးပေးပါနော်။ တစ်ပြေးညီတည်း ဆိုးလိုက်ရင် လိုင်နာက ထူပြီး မျက်လုံးကို ပိုမှေးစေပါတယ်။ ဒီအချက်လေးတွေအတိုင်း လေ့လာပြီး ပြင်ကြည့်မယ်ဆိုရင် သင့်မျက်လုံးလေးတွေက ဝိုင်းပြီး ကြီးသယောင် ထင်ရမှာပါ။