
ငယ်ရွယ်နုပျိုနေချိန်မှာတော့အသားအရည်တွေဟာ တင်းရင်းစိုပြည်လှပနေကြတာပါပဲ။ဒါပေမဲ့ တဖြည်းဖြည်းအသက်အရွယ်ရလာလေအရေးအကြောင်းတွေဖြစ်လာမယ်။အသားအရည်တွေပျက်စီးလာမယ်။အဲ့ဒီလိုတွေမဖြစ်ရအောင်အသက် ၂၅ နှစ်ကျော်တာနဲ့ သိထားသင့်တဲ့
အချက်လေးတွေအကြောင်းပြောပြပေးလိုက်ပါတယ်။
*ခြောက်သွေ့အောင်မနေပါနဲ့

မျက်နှာတင်မက ခန္ဓာကိုယ်အသားအရည်ကိုလည်း ခြောက်သွေ့စေလို့မဖြစ်ပါဘူး။ရေဓာတ်ပြည့်ဝတဲ့အစားအစာတွေ၊အသီးအနှံတွေများများစားပေးသင့်သလို ရေဓာတ်အခြေခံထုတ်လုပ်ထားတဲ့အလှကုန်ပစ္စည်းတွေကိုလည်း ဆောင်ထားဖို့လိုပါတယ်။အရေးကြီးဆုံးကတော့
ရေများများသောက်ပေးဖို့ပါပဲ။
*မထိပါနဲ့

တစ်ချို့က မျက်နှာကိုခဏခဏလက်နဲ့ထိတတ်ကြတယ်။ဝက်ခြံဆိုလည်းညှစ်လိုက်တာပဲ။အားနေ မျက်နှာကိုကိုင်နေတဲ့သူတွေလည်းရှိပါတယ်။အဲ့ဒီလိုလုပ်တာဟာ လက်မှာကပ်နေတဲ့ဘတ်တီးရီးယားတွေကို မျက်နှာပေါ်ရွေ့ပြောင်းလိုက်သလိုပါပဲ။ကြာရင် ဝက်ခြံတင်းတိပ်အမည်းစက်တွေထွက်လာပြီးအသားအရည်ပျက်စီးလာပါလိမ့်မယ်။မျက်လုံးကိုလည်းဖြည်းဖြည်းချင်းပွတ်ပေးပြီး ကိုယ်အိပ်တဲ့ခေါင်းအုံးစွပ်တွေကို တစ်ပတ်နှစ်ခါလျှော်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ဖုန်းပြောတဲ့အခါမှာလည်း မျက်နှာနဲ့ ခပ်ဝေးဝေးမှာထားပြီးပြောရင်အကောင်းဆုံးပါပဲ။
*နေရောင်ခြည်ဒဏ်ကာကွယ်ပါ

အခုချိန်ထိ Sunscreenအဆင့်ကိုကျော်ပြီး တစ်ခြားအဆင့်တွေလိမ်းတဲ့သူတွေရှိပါတယ်။ဒါပေမဲ့ Sunscreen ကလည်းလိမ်းဖို့မမေ့သင့်ပါဘူး။နေရောင်ထိတဲ့အခါမှာအသားအရည်က ပိုပြီးမြန်မြန်ပျက်စီးလွယ်ပါတယ်။ဒါကြောင့်နေရောင်ဒဏ်ကနေ ကာကွယ်ဖို့ Sunscreen ဖြစ်စေ
Suncream ဖြစ်စေ လိမ်းပေးသင့်ပါတယ်။
*အကျင့်ဆိုးတွေစွန့်လွှတ်ပါ

အသက် ၂၅ နှစ်မတိုင်ခင်က လုပ်ခဲ့တဲ့အကျင့်ဆိုးတွေကို ဖျောက်ပစ်ဖို့လည်းလိုပါတယ်။ဒါမှမဟုတ် လျှော့တာမျိုးပေါ့။ဆေးလိပ်သောက်တာ၊အရက်သောက်တာ၊ညဘက်နောက်ကျမှအိပ်တာမျိုးပေါ့။ဒီအလေ့အကျင့်တွေဟာ မသိမသာနဲ့ သင့်ရဲ့အလှအပကိုရော ကျန်းမာရေးကိုပါ
ထိခိုက်စေတဲ့အရာတွေဖြစ်ပါတယ်။
*ပုံမှန်အသားအရည်ထိန်းသိမ်းပါ

မိတ်ကပ်တွေမဖျက်ပဲ မအိပ်လိုက်မိဖို့လိုသလို ပုံမှန်အသားအရည်ထိန်းဖို့လည်းလိုပါတယ်။အရင်တုန်းကအသားအရည်ကိုဂရုမစိုက်ခဲ့ဘူးဆိုရင်တောင် ၂၅ နှစ်ကျော်ပြီဆိုတာနဲ့အသားအရည်ပိုင်းကိုဦးစားပေးဂရုစိုက်သင့်ပါတယ်။တစ်ပတ်ကိုတစ်ခါ မျက်နှာပေါင်းတင်တာ၊ချေးချွတ်တာတွေလုပ်ပေးသင့်ပါတယ်။ဒါမှမဟုတ်လည်း တစ်လကို ၂ ခါလောက် ပေါင်းတင်ချေးချွတ်လုပ်ပေးနိုင်ပါတယ်။
*အရည်အသွေးမြင့်တဲ့အလှကုန်ပစ္စည်းတွေသုံးပါ

ဈေးသက်သာတဲ့အလှကုန်ပစ္စည်း ၁၀ မျိုးအရည်အသွေးမြင့်ပြီးအသားအရည်အတွက်တကယ်ထိရောက်တဲ့အလှကုန်ပစ္စည်း ၂မျိုး ၃ မျိုးရှိတာက ပိုကောင်းပါတယ်။မှန်ကန်တဲ့အလှကုန်ပစ္စည်းကိုရွေးချယ်တတ်ဖို့လိုပါတယ်။ဒါ့အပြင် သဘာဝနည်းလမ်းကောင်းတွေနဲ့
အသားအရည်ကိုထိန်းသိမ်းပေးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ကိုယ်လိမ်းခြယ်တဲ့မိတ်ကပ်ဖော့တွေ၊ဘရက်ရှ်တွေကိုလည်းတစ်ပတ်တစ်ခါဆေးကြောဖို့ မမေ့ပါနဲ့။
*ပြုံးပါ

နောက်ဆုံးတစ်ချက်ကတော့ ပြုံးဖို့ပါ။များများပြုံးလေ စိတ်ချမ်းသာရလေပါပဲ။စိတ်ချမ်းသာနေတဲ့အခါ မျက်နှာက ကြွက်သားတွေဟာလည်းအနားယူသလိုဖြစ်ပြီးအရေးအကြောင်းတွေမဖြစ်အောင်ကာကွယ်ပေးထားနိုင်ပါတယ်။မျက်မှောင်ခဏခဏကြုတ်တာ၊မျက်ခုံးတွန့်တာတွေကိုလည်းလျှော့သင့်ပါတယ်။အဲ့ဒါတွေက နဖူးအရေးအကြောင်းတွေမြန်မြန်ဖြစ်လာစေပါတယ်။
ဒီအချက်လေးတွေကိုသိထားပြီးလိုက်နာမယ်ဆိုရင်တော့အသက်ကြီးလာလည်းအသားအရည်ပျက်စီးမှာမစိုးရိမ်ရတော့ပါဘူး။
Source:Brightside