ရှက်သွေးဖြာတဲ့ပါးနီလေးရဖို့ နည်းလမ်းမှန်မှန်ခြယ်သနည်း
shweinnlay.com
|
2019-12-30



မိန်းကလေးတော်တော်များများ ပါးနီဆိုးတဲ့အခါမှာ အရောင်ရွေးချယ်မှုအပိုင်းနဲ့ ခြယ်သရမယ့်နေရာမှားယွင်းနေတာလေးတွေကို တွေ့နေရပါတယ်။ မိတ်ကပ်ပြင်ဆင်ခြယ်သတဲ့အခါမှာ ပါးနီခြယ်သမှုကလည်း ပညာရပ်တစ်ခုပါပဲ။ ပါးနီမပါဝင်တဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှုက ပြီးပြည့်စုံမှုမရှိဘူးလို့ မိတ်ကပ်ကျွမ်းကျင်ပညာရှင်များက ဆိုထားပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့နည်းလမ်းနဲ့ ပြင်ဆင်ခြယ်သဖို့တော့ လိုပါတယ်နော်။


(၁) နီမြန်းနေအောင် အလွန်အကျူးခြယ်သခြင်းမျိုးရှောင်ပါ။

ပါးနီဆိုးတာက သွက်လက်ဖြတ်လက်တဲ့ လူငယ်တစ်ယောက်ရဲ့အသွင်ကို ပိုမိုဝင့်ကြွားစေတယ်ဆိုပေမယ့် အလွန်အကြူးဖြစ်သွားရင်တော့ အိုမင်းရင့်ရော်တဲ့အသွင် ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ပါးနီကိုပါးမို့မို့လေးပေါ်မှာ တင်တော့မယ်ဆိုရင် brushကိုဦးစွာ ခါလိုက်ပြီးမှ ခပ်ဖွဖွကလေး လိမ်းခြယ်တာက နည်းလမ်းအမှန်ဆုံးဖြစ်ပါတယ်။ ပါးနီကို အရောင်ခပ်တောက်တောက်လေးဖြစ်ချင်တယ်ဆိုရင်တောင် ပါးနီကိုပါးပေါ်မှာအပုံလိုက်ကြီးဖြစ်မနေဖို့ လိုပါတယ်။


(၂) အရောင်ရွေးချယ်မှုမှားယွင်းခြင်းက အလှပျက်စေပါတယ်။

ပန်းရောင်ပါးနီလေးတွေက မိန်းကလေးတိုင်းရဲ့ ရွေးချယ်မှုဖြစ်လိမ့်မယ်ထင်ပါတယ်။ ပန်းရောင်လေးက မိန်းကလေးဆန်ပြီး လူငယ်ဆန်ဆန်လှပစေတာကြောင့် ပန်းရောင်ပါးနီက မိန်းကလေးတွေရဲ့ အသည်းစွဲအရောင်ဖြစ်နေပါတယ်။ ဒါပေမယ့် ပါးနီပန်းရောင်က အသားအရေတိုင်းနဲ့ လိုက်ဖက်မှုမရှိလှပါဘူး။ အသားညိုသူနဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်များအနေနဲ့ ပန်းရောင်ကို လုံးဝမရွေးချယ်သင့်ပါဘူး။ ဒီလိုအသားအရေပိုင်ရှင်များအတွက် လိမ္မော်ရောင်နဲ့ မက်မွန်ရောင်လေးတွေနဲ့ လိုက်ဖက်မှုရှိလှပါတယ်။



(၃) အသားအရေနဲ့သင့်တော်မှုရှိတဲ့ထုတ်ကုန်ကိုသာရွေးချယ်အသုံးပြုပါ။

ပါးနီလို့ဆိုရာမှာ Powder, cream, gel, liquid ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အဆီပြန်ပြီး ပုံမှန်အသားအရေများအတွက် powder blush ကအသင့်တော်ဆုံးပါပဲ။ အသားအရေခြောက်သွေ့သူဆိုရင်တော့ cream, liquidနဲ့ gel ကိုအသုံးပြုနိုင်ပါတယ်။ sensitive ဖြစ်တဲ့အသားအရေပိုင်ရှင်များကလည်း ပါးနီကိုရွေးချယ်ရာမှာ ပေါင်ဒါကိုသာ ရွေးချယ်သင့်ပါတယ်။ cream, liquid နဲ့ gel blush များက မျက်နှာကိုပြောင်ပြောင်တင်းတင်းလေးဖြစ်စေတာမှန်ပေမယ့် sensitive ဖြစ်တဲ့အသားအရေပိုင်ရှင်များအနေနဲ့ ရွေးချယ်အသုံးပြုမယ်ဆိုရင် ချွေးပေါက်တွင်းကို စိမ့်ဝင်သွားပြီး အသားအရေပျက်စီးလွယ်ပါတယ်။ ဒါ့ကြောင့် powder blush ကိုသဘာဝဆန်ဆန် ခြယ်သတာက အကောင်းဆုံးရွေးချယ်မှုဖြစ်ပါလိမ့်မယ်။


(၄) ဘရက်ရှ်ကောင်းကောင်းရွေးချယ်လိုက်ပါ။

ပါးနီလိမ်းခြယ်တဲ့အခါမှာ ညက်ညက်ကလေးနဲ့ လှပနေစေဖို့ ဘရက်ရှ်ကိုအသုံးပြုတာက နည်းလမ်းအမှန်ဆုံးပါပဲ။ လက်နဲ့တို့ပြီး လိမ်းခြယ်ခြင်းနဲ့ တို့ဘက်ကိုအသုံးပြုပြီး ပြင်ဆင်ခြယ်သတာက မှားယွင်းတဲ့အယူအဆတွေပါ။ ဘရက်ရှ်နဲ့လိမ်းခြယ်ရာမှာလည်း အရည်အသွေးမြင့်မားတဲ့ ဘရက်ရှ်ကောင်းကောင်းကို အသုံးပြုတတ်ဖို့လိုပါတယ်။ ဘရက်ရှ်ဖွာခြင်း၊ ဘရက်ရှ်သေးလွန်းခြင်း၊ ဘရက်ရှ်ကြီးလွန်းခြင်း စတာတွေက ပါးနီလိမ်းခြယ်ရာမှာ မှားယွင်းသွားနိုင်ပါတယ်။ ဘရက်ရှ်ဖွာတာနဲ့ လိမ်းခြယ်မယ်ဆိုရင် ပါးနီတွေပျံ့သွားနိုင်ပြီး ညီညာညက်ညောမှု မရှိတော့ပါဘူး။ ဒါ့ကြောင့် ပါးနီလိမ်းခြယ်တဲ့အခါမှာ မှန်ကန်တဲ့ဘရက်ရှ်ကောင်းကောင်းရွေးချယ်တတ်ဖို့ကလည်း အရေးကြီးလှပါတယ်။

နန်း(ရွှေအင်းလေး)




Some text some message..