
လွန်ခဲ့တဲ့ လတွေ၊ ရက်တွေက နာမည်ပြန်ထွက်လာတဲ့ အကြောင်းအရာတစ်ခုက တို့ဆေး ဆိုတာပဲဖြစ်ပါတယ်။ တို့ဆေးကို လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ထဲက မြန်မာပြည်သူတွေ ကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ကြားရလာခဲ့ပါတယ်။ ဘတ်စ်ကား စီးရင်း တို့ဆေးတို့ခံလိုက်ရတာ၊ တယောက်ထဲ လမ်းလျှောက်ရင်း တို့ဆေးတို့ခံရတာ စသဖြင့်အမျိုးမျိုးကြားခဲ့ရပါတယ်။ အခုလည်း တို့ဆေးမိလို့ ပါသွားပြီဆိုပြီး ကြားရတဲ့သတင်းတွေကအရင်ကထက် ပိုစိပ်လာခဲ့ပါတယ်။

ဒါကြောင့် တို့ဆေးဆိုတာတကယ် ရှိလား၊ ဘယ်လိုဆေးမျိုးလဲ ဆိုတာ ပြောပြပေးသွားပါမယ်။ တို့ဆေးဆိုတာ ခန္ဓာကိုယ် အရေပြားကို ပုတ်လိုက်တာနဲ့ သတိလွတ်ပြီး မူးဝေသွားတယ် ဆိုပြီးအကြမ်းဖျင်းသိကြပါတယ်။ တကယ်တော့ ဆေးပညာရှုထောင့် အရပြောရင် အသားကိုပုတ်လိုက်ရုံနဲ့ လူကို ကြောင်အမ်းသွားပြီး၊ သတိလွတ်သွားအောင် လုပ်နိုင်တဲ့ ဆေးမျိုးမရှိသေးပါဘူး။ အခုတို့ဆေးလို့ပြောနေကြတဲ့ ဆေးဟာ ကတ်တမင်း (Ketamine) လို့ခေါ်တဲ့ တားမြစ်ဆေးတမျိုးကို ရည်ညွှန်းပြောတာဖြစ်နိုင်ပါတယ်။

ကတ်တမင်းဟာ မေ့ဆေးတမျိုးဖြစ်ပြီး ဥရောပနဲ့ အမေရိကားတိုမှာရှိတဲ့ တိရစ္ဆာန်ဆေးခန်းတွေမှာ အများဆုံးသုံးကြပေမယ့် ကတ်တမင်း ဟာ ဒုစရိုက်မှုတွေအတွက် အန္တရာယ်ရှိနိုင်တဲ့အတွက် နိုင်ငံတော်တော်များများမှာ "တားမြစ်၊ ထိန်းချုပ်" ဆေးဝါးအနေနဲ့ သတ်မှတ်ထားပါတယ်။ ကတ်တမင်းကို ခန္ဓာကိုယ်ထဲ ထိုးလိုက်ရင် မူးဝေသွားပြီး အမြင်ဝေဝါးလာတာ၊ နှလုံးခုန်နှေးသွားတာ၊ အာရုံစူးစိုက်မှုလျော့နည်းပြီး စိတ်လှုပ်ရှားလာတာနဲ့ သတိလစ်တာတွေ ဖြစ်နိုင်ပါတယ်။

ဆေးဟာ အရည်၊ အမှုန့်၊ အဆီ ပုံစံမျိုးစုံနဲ့ရှိနိုင်ပြီး ဒုစရိုက်သမားတွေအနေနဲ့ တော့ ကတ်တမင်း ကို အပ်သေးသေးလေးထဲထည့်ပြီး ပုတ်သလိုနဲ့ ခန္ဓာကိုယ်ထဲထိုးထည့်တာ၊ သောက်စရာ၊ စားစရာ တခုခုထဲ ခတ်တာ စသဖြင့် မျိုးစုံသုံးတတ်ကြပါတယ်။ မြန်မာပြည်မှာတော့ ကတ်တမင်းကို ကျန်းမာရေး၀န်ကြီးဌာနက ဆရာဝန် ခွင့်ပြုချက်နဲ့ပဲ သုံးနိုင်တဲ့ အထူးထိန်းချုပ် ဆေးဝါးအဖြစ်သတ်မှတ်ထားပါတယ်။ အပြင်မှာရောင်းချဖို့ ကန်သတ်ထားပေမယ်လို့တော့ အောက်လမ်းတေတွေကနေ အလွယ်တကူ ဝယ်လို့ရနိုင်ပါတယ်။

ခန္ဓာကိုယ်ထဲ ဆေးဝင်သွားပြီးရင် မိနစ်ပိုင်းအတွင်း ဆေးအာနိသင်ပြနိုင်ပြီး ဆေးပြယ်ဖို့တော့ နာရီပိုင်းထိကြာတတ်ပြီး အချို့ဆို ရက်ပိုင်း ထိကြာနိုင်ပါတယ်။ ဆေးရဲ့အဓိက အာနိသင်ဖြစ်တဲ့ မူးဝေထုံထိုင်းပြီး ခန္ဓာကိုယ်လှုပ်ရှားသွားလာဖို့ ခက်သွားတာ၊ အာလေးလျှာလေး ဖြစ်သွားတာ၊ ပတ်၀န်ကျင်က အသံတွေကို မကြားနိုင်တော့တာ တွေက ဒီဆေးကို ဒုစရိုက်သမားတွေ သုံးဖို့ အဓိက ရွေးရတဲ့အချက်ဖြစ်ပါတယ်။ ဆေးကို ဆေးပညာအရ အကိုက်အခဲပျောက်စေဖို့နဲ့ မေ့ဆေးအနေနဲ့ ဆရာဝန်တွေက ချင့်ချိန်သုံးစွဲကြပါတယ်။ဆေးပမာဏ အမြောက်အများ ခန္ဓာကိုယ်ထဲ ဝင်သွားရင် ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြုံနိုင်ပြီး ကျောက်ကပ်ပျက်တာ၊ ကိုမာ ဝင်သွားတွေအထိ ဖြစ်နိုင်တာကြောင့် နိုငိငံတကာမှာ ကတ်တမင်း ကိုတားမြစ် ထိန်းချုပ်ဆေးဝါးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် အားလုံးပြောနေကြတဲ့ တို့ဆေးဆိုတာဟာ တကယ်တော့အသားကို တို့တဲ့ဆေးမဟုတ်ဘဲ အသားထဲဝင် အောင်ထိုးထည့်တာ၊ အစားအသောက် ထဲထည့်ခတ်တာ၊ ရှုရှိုက်မိအောင်လုပ်တဲ့ ဆေးဝါးမျိုးဖြစ်ပါတယ်။ အားလုံးသိထားကြသလို သံပုရာသီးက တို့ဆေးကို ပြယ်စေတာကတော့ သိပ္ပံနည်းကျ သုတေသနပြုချက် တွေမရှိသေးပါဘူး။ ဒါကြောင့် လက်ရှိအချိန်မှာတော့ အပြင်ထွက်ရင် သတိထားပြီးသွားလာတာ၊ ပတ်ဝန်းကျင်ကို အမြဲမပြတ်အကဲခတ်နေတာ၊ လူပြတ်တဲ့နေရာတွေကို တယောက်ထဲမထွက်တာ၊ အစားအသောက်တွေ စားတဲ့အခါ ဆင်ခြင်စားသောက်တာ စသဖြင့် အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ် သတိနဲ့ကာကွယ်ကြဖို့ တိုက်တွန်းလိုပါတယ်။

စာကြွင်း။ ။ အခုဆောင်းပါးမှာ ဖော်ပြခဲ့သော တို့ဆေး ဆိုသည်မှာ သိပ္ပံနည်းကျ အချက်အလက်များ အရ အနောက်တိုင်းဆေး Ketamine သာဖြစ်နိုင်ပြီး၊ အခြားသော အရှေ့တိုင်း နဲ့ တိုင်းရင်းဆေးများလည်း ရှိနေနိုင်ပါကြောင်း သတိချပ်စေလိုပါသည်။