
Elizabeth Bathory ဟာ လယ်သမားမိန်းကလေး အယောက် ၆၅၀ ကို Transylvanian ရဲတိုက်မှာ ညှင်းပန်းသတ်ဖြတ်ခဲ့ပြီးနောက်မှာတော့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အမျိုးသမီးလူသတ်သမား ဖြစ်လာခဲ့ပါတယ်။ သူမဟာ ငယ်ရွယ်တဲ့ မိန်းကလေးငယ်တွေရဲ့ သွေးကို သောက်သုံးခဲ့ပြီးတော့ သူ့ကိုယ်သူ စာရေးဆရာ Bran Stroker ရဲ့ ဇာတ်ကောင် သွေးစုပ်ဖုတ်ကောင်လို့ ထင်ခဲ့ပါတယ်။

Elizabeth Bathory ကို ဟန်ဂေရီနိုင်ငံကိုအုပ်ချုပ်တဲ့ Bathory မိသားစုမှာ ၁၅၆၀ ခုနှစ်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ သွေးကို သောက်သုံးခြင်းက သူမရဲ့ နုပျိုမှုကို ထိန်းသိမ်းပေးမယ်လို့ ယုံကြည်ခဲ့တာကြောင့် မိန်းကလေးငယ်တွေကို အစေခံလုပ်ရန်အတွက် လစာကောင်းကောင်းပေးပြီး ခေါ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီလို ခေါ်ဆောင်ပြီးနောက်မှာတော့ သူတို့ကို Transylvanian ရဲတိုက်မှာ ပိတ်လှောင်ခဲ့ပါတယ်။

Elizabeth Bathory က ချုပ်နှောင်ထားတဲ့ မိန်းကလေးငယ်တွေကို ညှင်းပန်းနှိပ်စက်ခြင်းတွေပြုလုပ်ကာ ရိုက်နှက်ခဲ့ပြီး အစာရေစာ အငတ်ခံစေကာ သေအောင်လည်းပြုလုပ်ခဲ့ပါတယ်။ အစေခံမိန်းကလေးတွေ ရဲ့လက်သည်း အောက်မှာ ပင်အပ်တွေစိုက်ကာ နှိပ်စက်လေ့ရှိပြီး မိန်းကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ကို ပျားရည်များ လိမ်းပေးကာ ပျားအုံနဲ့ ပုရွတ်ဆိတ်အုံအနီးမှာ ချည်နှောင်နှိပ်စက်လေ့လည်းရှိပါတယ်။ မျက်နှာနဲ့လက်တွေကို ကတ်ကြေးဖြင့်ဖြတ်တောက်ခြင်းနဲ့ မီးပူပူဖြင့် ရှို့တဲ့နည်းလမ်းတွေအသုံးပြုကာလည်း ရက်စက်စွာ နှိပ်စက်လေ့ရှိပါတယ်။

Elizabeth Bathory က မိန်းကလေးငယ်တွေကို သတ်ဖြတ်ပြီးတဲ့အချိန်မှာ သေဆုံးသူတွေရဲ့ သွေးတွေကို သောက်သုံးလေ့ရှိပြီး တစ်ခါတစ်ရံမှာ သွေးဖြင့် ရေချိုးလေ့ရှိပါတယ်။ ၁၆၁၀ ခုနှစ်မှာ ဘုန်းကြီးတစ်ပါးက သူမရဲ့လုပ်ရပ်တွေကို ဟန်ဂေရီအာဏာပိုင်တွေဆီတိုင်ကြားခဲ့ပြီးနောက်မှာတော့ Elizabeth Bathory ဟာ Csetje ရဲတိုက်မှာ တိတ်တဆိတ် အကျဉ်းချခံခဲ့ရပါတယ်။ သူမကို ချုပ်နှောင်ထားတဲ့ အကျဉ်းခန်းမှာ လေဝင်စေဖို့နဲ့ အစားအသောက်တွေပို့ဆောင်ဖို့အတွက်သာ အပေါက်လေးတွေရှိပြီး သုံးနှစ်အကြာ သူမအသက် ၅၄ နှစ်ရောက်တဲ့အခါမှာတော့ သေဆုံးသွားခဲ့ပါတယ်။

Elizabeth Bathory ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Countess Dracula (1971) ဇာတ်ကားမှာတော့ Bathory အဖြစ် မင်းသမီး Ingrid Pitt က သရုပ်ဆောင်ထားပါတယ်။