
၁၂ လ ရာသီပွဲတော်များတွင် တပေါင်း လ (March) သဲပုံစေတီပွဲ ဟု တပေါင်းလ ဗုဒ္ဓဘုရားရှင်ကို ရည်မှန်းလျက် သဲများဖြင့် စေတီတည် ပူဇော်သည့်ထုံးတမ်းဟာ အလွန်ထင်ရှားခဲ့ပါတယ် ။ သဲပုံစေတီကို ခွေ အဆင့်ဆင့်ခံပြီး သဲဖြင့် တည်ထားသော စေတီဟု အနက်ဖွင့်ဆုပါတယ် ။ စေတီတော် လေးမျိုးဖြစ်သည့် ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိ ဘောဂစေတီနှင့် ဥဒ္ဒိသစေတီတို့အနက် သဲပုံစေတီ ဟာမြတ်စွာဘုရားရှင်ကို ရည်မှတ် ရှိခိုးပူဇော်ရန် တည်ထားကိုးကွယ်သည့် ဥဒ္ဒိသစေတီဖြစ်ပါတယ် ။

ပထမဆုံး သဲပုံစေတီ တည်ခြင်းဟာ ကဏှင်္ကရာ ဘုရားရှင်လက်ထက်က သူဆငျးရဲသားတဈီဥး စေတီဘုရား မတည်နိုင်၍ မြစ်ကမ်းနဖူးတစ်နေရာ မှာ နေရောင်ခြည်ကျရောက်ပြီး ငွေရောင်တောက်ပနေတဲ့ သဲပုံမို့မို့ တစ်ခုကို တွေ့ရှိပြီးတော့ ကြည်ညိုပြီး သဲ ရွံ့ တို့ ရောစပ်ကာ စေတီတစ်ဆူ ပြုလုပ်ခဲ့ပါတယ် ပြီးတော့ ပန်းများကို စိုက်ထိုးကာ ပူဇော်ခဲ့ခြင်းဖြစ်တာဆိုတာကို တော့ သိရပါတယ်။ သဲပုံစေတီများကို အများအားဖြင့် တပေါင်းလတွင် တည်ကြကာ အချို့ အရပ်၌ တန်ဆောင်မုန်းလနှင့် တန်ခူးလတို့တွင် သဲပုံစေတီပွဲ ကျင်းပခြင်းများလည်း ရှိကြပါတယ်။

သဲပုံစေတီများကိုတည်ရာတွင် ယေဘုယျအားဖြင့် ဉာဏ်တော် အမြင့် သည် အလွန်အရေးမကြီးဘဲ သုံးပေမှ ကိုးပေ အကြား တည်ကြပြီး အဝိုင်းပုံ ခွေ ငါးဆင့်ပါရှိပါတယ် ။ အပေါ်သို့ တစ်ဆင့်မှ တစ်ဆင့် သေးငယ်သွားသည့် ခွေ ငါးဆင့်သည် မြင့်မိုရ်တောင်၏ ဘုံငါးဆင့်ကို ရည်ညွှန်းသည်ဟု သိရပါတယ် ။ သဲပုံစေတီတည်ရန် ခွေများကို ကြိမ် သို့မဟုတ် ဝါး ဖြင့် ရက်လုပ်၍ အတွင်းသို့ သန့်ရှင်းသောသဲဖြူများ ဖြည့်သွင်းကာ ဘေးပတ်လည်ကို ရွှေလွှာ၊ ငွေလွှာများဖြင့် အလှဆင် ငှက်ပျောဖက်များ ဖြင့်လည်း ပတ်ထားလေ့ရှိကြပါတယ်။

စေတီ၏ထိပ်တွင် တံခွန်ကုက္ကားများ စိုက်ထူပြီးနောက် သဲပုံစေတီကို အနေကဇာတင်ကာ ဆွမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးနှင့် လှူဖွယ် ဝတ္ထုများ လှူဒါန်းကြပါတယ် ။ ရွာသူရွာသားများက အိုးစည်ဗုံမောင်းများတီးခတ်၊ ကခုန်၍ စေတီတော်ကို သုံးပတ် လှည့်လည် ပူဇော်ကြကာ သဲပုံစေတီပွဲကိုကျင်းပကြပါတယ် ။ အချို့ ဒေသများတွင် သံဃာတော်များကို ပင့်ဖိတ်၍ ရွာသူရွာသားများက သီလ ဆောက်တည်ကာ တရားနာယူလေ့ရှိခဲ့ကြတဲ့ ဓလေ့ရှိကြပါတယ် ။

ရှေးအခါက သဲပုံစေတီများကို မြစ်ချောင်းကမ်းများအနီး၌ တည်ထားလေ့ရှိခဲ့ကြပါတယ် ။ နွေဦးရာသီ တပေါင်းလ ရောက်လျှင် မြစ်ချောင်းများတွင် ရေလျော့နည်းလာကာ သဲများပေါ်လာပြီး ထိုသဲများဖြင့် စေတီတည်ကုသိုလ်ယူကြတာ ဖြစ်ကာ ဗုဒ္ဓဘာသာဝင်တို့၏ အလွန်မြတ်နိုး ဖွယ်ရာ ထုံးတမ်းတစ်ရပ်အဖြစ် ထွန်းကားလာတာဖြစ်ပါတယ် ။
သဲပုံစေတီများကို ကပ်ကြီးသုံးပါးမှ ကျော်လွန်နိုင်ရန် ရည်ရွယ်လျက် တည်ထားကိုးကွယ်မှုများရှိခဲ့ရာ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံနေရာ ဒေသများစွာတွင် ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းစေရန် သဲပုံစေတီများကို တည်ထားခဲ့ကြပါတယ်။