
ကုန်းလိပ်ဖြစ်သောကြယ်လိပ်သည် မြန်မာနိုင်ငံ၏အပူပိုင်းသစ်တော်များတွင်သာ တွေ့ရသောဒေသမျိူးရင်းလိပ်ဖြစ်သည်။ တွေ့ရှိရာဒေသအလိုက် နတ်လိပ် ဆီးချိူလိပ် ပင့်ကူလိပ်ဟူ၍အမျိူးမျိူးခေါ်ဝေါ်ကြပါသည်။

လက်ရှိအချိန်တွင် ဒေသခံများ၏ဖမ်းဆီးသတ်ဖြတ်မှုနှင့် အိမ်နီးချင်းတရုတ်နိုင်ငံ၏အရောင်းအဝယ်များကြောင့် အကောင်ရေနည်းပါးလာကာ မျိူးသုဥ်းရန်အန္တရာယ်ရှိနေသောမျိူးစိတ်ဖြစ်ပါသည်။

ဤလိပ်၏အခွံသည် အလင်းတန်းဖြာထွက်နေသော ကြယ်ပုံစံများဖြစ်နေကာ အလင်းတန်းတစ်ခုစီသည် အခုံးကြောင်းများရှိနေသောကြောင့် ကြယ်ပုံပိုပေါ်ပါသည်။

လိပ်ဖြစ်သော်လည်းကုန်းပေါ်တွင်သာနေထိုင်သောမျိူးစိတ်ဖြစ်ကာ သဘာဝထဲတွင်တစ်နှစ်လျှင်လေးကြိမ်လောက်အထိ သားပေါက်နိုင်သည်။ ကြယ်လိပ်များသည် လူကသားဖောက်ပေးရန်ခက်ခဲသည့်မျိူးစိတ်ဖြစ်ရာ လူလုပ်သားဖောက်ခြင်းသည်၂၀၀၃ တွင်မှ ထိုင်ဝမ်နိုင်ငံရှိတိရိစ္ဆာန်ရုံတစ်ခုတွင်အောင်မြင်ခဲ့ခြင်းဖြစ်သည်။သတို့သည် မှိူနှင့်အသီးအရွက်များကိုအဓိကစားသုံးကြကာ ခရုနှင့်တီကောင်လေးများကိုလည်းစားတတ်ကြသည်။

ကြယ်လိပ်သည် တရုတ်နိုင်ငံရှိစားသောက်ဆိုင်များတွင်ရေပန်းစားသည့်အကောင်ဖြစ်ရာ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများစွာခံရသောလိပ်မျိူးစိတ်ဖြစ်သည်။ ကွင်းဆင်းလေ့လာမှုတစ်ခုတွင် ကြယ်လိပ်များ၏နေထိုင်ရာဒေသတစ်နေရာတွင် နာရီလေးရာကြာအောင်ရှာသော်လည်း ကြယ်လိပ်ငါးကောင်ခန့်ကိုသာတွေ့ခဲ့ရကြောင်းသိရသည်။

ထို့ကြောင့် မျိူးသုဥ်းအန္တရာယ်ကာကွယ်ရေးအဖွဲ့က ကြယ်လိပ်ရောင်းဝယ်ဖောက်ကားခြင်းကို အပြင်းအထန်တားမြစ်ထားပါသည်။မြန်မာနိုင်ငံတွင် ၂၀၀၄ မှစတင်၍ကြယ်လိပ်များမွေးမြူရေးကိုစတင်ဆောင်ရွက်ခဲ့သည်။

၂၀၁၇ အောက်တိုဘာလမှတ်တမ်းများအရ ကြယ်လိပ်အကောင်ရေ၁၄၀၀၀ကျော်ရှိနေကာ အများစုကိုသဘာဝထဲသို့ပြန်လွှတ်ပေးထားကြောင်းသိရပါသည်။ လက်ရှိအချိန်တွင်မြန်မာနိုင်ငံရှိတိရစ္ဆာန်ဥယျာဥ်သုံးရုံတွင် ကြယ်လိပ်များကိုထိန်းသိမ်းမွေးမြူထားပါသည်။