
ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာ၊ ပတ်ဝန်းကျင်ရဲ့ အလှတရားတွေမှာ ပန်းတွေကလည်း တစိတ်တစ်ပိုင်းပါဝင်တယ်။ ပန်းတွေဟာ သဘာဝတရားကြီးကို လှပစေသလို လူသားအပါအဝင် သက်ရှိ သတ္တဝါလည်း တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပန်းတွေ ချစ်မြတ်နိုးသူတွေအတွက် ကမ္ဘာပေါ်မှာ အမွှေးဆုံး ပန်းမျိုးစိတ် ၅ မျိုးအကြောင်းကို ရှာဖွေဖော်ပြပေးမှာပါ။
(၁) ခရမ်းပန်း (Wisteria)

ခရမ်းပန်း တွေဟာ တောင်ပေါ်ဒေသတွေမှာပဲ ပွင့်ကြပြီး အမေရီကန်၊ ကိုရီးယား ၊ ဂျပန်နှင့် တရုတ်တို့မှာ အဓိက ပေါက်ကြတာ ဖြစ်ပါတယ်။ စပျစ်သီးတွေလို့ ဖူးပွင့်ကြတဲ့ ခရမ်းပန်းတွေဟာ ဆွဲဆောင်မှုရှိတဲ့ ရနံ့ရှိပြီး အရောင်အားဖြင့် ခရမ်းရောင်၊ ပန်းရောင်နှင့် အဖြူရောင် အရောင်များဖြင့် ဖူးပွင့်ကြပါတယ်။ ဒါပေမယ့် ခရမ်းပန်း မျိုးစိတ်အားလုံးတော့ အမွှေးကြပါဘူး။
(၂) တရုတ်စံကား (Frangipani)

တရုတ်စံကားပန်းတွေဟာ တောင်အမေရိက၊ မက္ကဆီကိုနှင့် ကာရစ်ဘီယံကျွန်းစုများမှ ပေါက်ဖွားကြတဲ့အပူပိုင်းပန်းပွင့်အပင်ဖြစ်ပါတယ်။ တရုတ်စံကားပန်းဟာ နီကာရာဂွာနိုင်ငံရဲ့ အမျိုးသားပန်းလည်းဖြစ်ပါတယ်။ ဒီပန်းပွင့်တွေကရနံ့က ပုံမှန်အားဖြင့် ညဘက်တွေမှာပဲ ပိုပြီးမွှေးကြတာဖြစ်ပါတယ်။ အရောင်အားဖြင့် အဖြူရောင် ၊ ပန်းရောင်၊ အနီရောင်နှင့် အဝါရောင် ဆိုပြီး ရှိပါတယ်။ သူ့ရဲ့ မွှေးရနံ့က ဘယ်လောက်တောင် မွှေးလဲဆိုရင် စိတ်ဖိစီးမှုကို ပြေပျောက်စေတယ်လို့ ဆိုပါတယ်။
(၃) ဇီဇဝါပန်း (Gardenia)

ဇီဇဝါပန်းကတော့ ကျွန်တော် မြန်မာနိုင်ငံအပြင် တောင်အာရှနိုင်ငံများ၊ ဩစတြေးလျနှင့် အာဖရိက အပူပိုင်းဒေသများမှာ ရှင်သန်ပေါက်ရောက်ကြတဲ့ ဖယောင်းမွှေးပန်းမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ Gardenia ဆိုတဲ့ အမည်ကတော့ နာမည်ကျော် စကော့တလန် ရုက္ခဗေဒပညာရှင် Alexander Garden ကို အစွဲပြုပြီး အမည်ပေးထားတာဖြစ်ပါတယ်။
ဇီဇဝါပန်းက နှင်းဆီပန်းနဲ့ ဆင်တူသလို ရနံ့ကလည်း လူတော်တော်ကြိုက်နှစ်သက်တဲ့ ပန်းမျိုးဖြစ်ပါတယ်။ အချို့ဆိုရင် မင်္ဂလာပွဲအခမ်းအနားတွေမှာတောင် အသုံးပြုကြတာတွေလည်း ရှိပါတယ်။ ပြီးတော့ ရေမွှေးလုပ်တဲ့နေရာမှာလည်း အသုံးပြုသလို ကမ္ဘာ့နေရာအတော်များများမှာ ဆေးဖက်ဝင်အပင်အဖြစ်လည်း အသုံးပြုကြပါတယ်။
(၄) စံပယ်ပန်း (Jasmine)

စံပယ်ပန်းကတော့ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး အမွှေးဆုံး ပန်းတစ်မျိုးဖြစ်ပါတယ်။ သေးငယ်တဲ့ ပန်းပွင့်ကြတဲ့ စံပယ်ပန်းတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသများမှာ ရှင်သန်ပေါက်ရောက်ကြပါတယ်။ ကျွန်တော်မြန်မာနိုင်ငံမှာတော့ စံပယ်ပန်းကို မကြိုက်တဲ့ ခပ်ရှားရှားပါ။ အရောင်အားဖြင့် အဖြူ၊အဝါ၊ခရမ်းဆိုပြီး ၃ မျိုးလောက်ရှိပါတယ်။ ဆွဲဆောင်မှုရှိတဲ့ မွှေးရနံ့တွေကြောင့် ရေမွှေးနှင့် အလှကုန်တွေအပြင် အခမ်းအနားများနှင့် ရနံ့ကုထုံးများမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။
(၅) နှင်းဆီ (Rose)

နှင်းဆီပန်းကတော့ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အနံ့မွှေးတဲ့ ပန်းဆိုတာက သေချာပါတယ်။ ကမ္ဘာပေါ်မှာတော့ နှင်းဆီမျိုးစိတ်ပေါင်း ၁၀၀ လောက်ရှိပြီး မျိုးစိတ်အားလုံးဟာ ကိုယ်ပိုင် မွှေးရနံ့တွေနဲ့ ဂုဏ်ယူဝံ့ကြွားကြပါတယ်။ နှင်းဆီပန်းတွေကို ကျွန်တော်တို့ အာရှဒေသတွေအပြင် ဥရောပနှင့် မြောက်အမေရိကတို့မှာ တွေ့ရပါတယ်။ နှင်းဆီကို အများအားဖြင့် မင်္ဂလာဆောင် အခမ်းအနားများမှာသာမက ရေမွှေးပြုလုပ်ရာမှာလည်း တွင်ကျယ်စွာ အသုံးပြုကြပါတယ်။
အခုပန်းတွေက ကမ္ဘာပေါ်မှာ အမွှေးဆုံး ပန်းမျိုးစိတ်တွေထဲက အချို့ကိုသာ ဖော်ပြခြင်းဖြစ်ပါတယ်။ ဒီပန်းတွေထဲက သင်ကြိုက်နှစ်သက်တဲ့ ပန်းပါခဲ့ရင်လည်း ပြောပေးခဲ့ပါဦး။
Source - Internet