
ပိုးဟပ်တွေဟာ Blattodea အနွယ်ဝင်အင်းဆက်မျိုးနွယ်များဖြစ်ကြပြီးမျိုးစိတ်ပေါင်း ၄၆၀၀ ခန့်ရှိပြီး လူသားတို့နဲ့အနီးစပ်ဆုံးနေထိုင်ရာများနဲ့ဆက်စပ်သောမျိုးစိတ်မှာ၃၀ ခန့်သာရှိပါတယ်။ပိုးဟပ်များဟာ လွန်ခဲ့သောနှစ်သန်းပေါင်း ၃၂၀ ခန့်ကတည်းကဖြစ်ပေါ်ခဲ့သော"roachoids" အမည်ရှိရှေးဟောင်းအုပ်စုဝင်တစ်မျိုးလည်းဖြစ်ပါတယ်။ အလွန်အေးသောအာတိတ်ဒေသမှအလွန်ပူသောဒေသများအထိတွေ့ရတဲ့ ပိုးဟပ်များဟာတော့ ပြင်းထန်သောရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိရုံမျှမကအချို့လူများကတော့ နျူးကလီးယား စွမ်းအင်ဒဏ်ကိုပင်ခံနိုင်ကြောင်းဆိုကြပါတယ်

အချို့သောလေ့လာသူတို့ကမူ ပိုးဟပ်များဟာအစာမရှိဘဲ၊လေမရှိဘဲနေနိုင်သည်သာမက အချို့သောလူသားတို့ အတွက်သေစေနိုင်သောဓာတ်ရောင်ခြည်များကိုပင်ခံနိုင်ရည်ရှိကြောင်းသိရပါတယ်။ထို့မျှမက ကမ္ဘာကြီးဟာ နျူးကလီးယားစွမ်းအင်ကြောင့်ပေါက်ကွဲမှုကြီးတစ်ခုဖြင့်အဆုံးသတ်သွားခဲ့လျှင်ပင် ပိုးဟပ်မျိုးစိတ်များဟာရှင်သန်ကာဆက်လက်ရှိနေနိုင်ကြောင်းဆိုကြပါတယ်။အချို့သောသူများကလည်း ဟီရိုရှီးမား နဲ့ နာဂါဆာကီတို့ အဏုမြူဗုံးကြဲချပြီးနောက်ပိုးဟပ်များပေါက်ဖွားလာခဲ့ကြောင်း ကောလဟာလဆိုကြပြန်ပါတယ်

သို့သော်လည်း နျူးကလီးယားပေါက်ကွဲမှုရဲ့ကျန်းမာရေးနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးဆက် ကိုလေ့လာသူ နိုဗယ်ဆုရှင်ပါမောက္ခ Tilman Ruff မှာတော့ ပျက်စီးခဲ့သောအပျက်အစီးများအကြားပိုးဟပ်သွားထားသောအထောက်အထားတစ်စုံတစ်ရာပင်မတွေ့ရကြောင်းဆိုထားပါတယ်။အချို့သောလေ့လာတွေ့ရှိမှုများမှာတော့ပိုဟပ်များဟာ လူသားတို့မခံနိုင်သောဓာတ်ရောင်ခြည်ဒဏ်ကိုခံနိုင်ရည်ရှိသော်လည်း နျူးကလီးယားပေါက်ကွဲမှုဒဏ်ကိုတော့တိုက်ရိုက်ထိတွေ့မှုကိုခံနိုင်ရည်မရှိကြောင်းသိရပါတယ်။ ထိုသို့လူသားတို့မခံနိုင်သောဓာတ်ရောင်ခြည်ဒဏ်များကိုခံနိုင်ရည်ရှိခြင်းမှာ ၎င်းတို့ရဲ့ဆဲလ်များဟာမျိုးပွားမှုနှေးကွေးပြီး၎င်းတို့ရဲ့ဆဲလ်များကိုပိုင်းခြားကြည့်သောအခါမှာတော့ ဓါတ်ရောင်ခြည်ရဲ့ဆိုးကျိုးများကိုလည်းခံနိုင်ရည်ရှိသောဓာတ်သတ္တိများပါရှိနေကြောင်းသိရပါတယ်