ဂိုင်ယာနာနိုင်ငံက ကမ္ဘာ့အမြင့်ဆုံး တစ်ဆက်တည်းရေတံခွန်
mmload.com
|
2024-04-22

Guyana နိုင်ငံ Kaieteur အမျိုးသားဥယျာဉ်ရှိ Potaro မြစ် စီးဆင်းမှုမှ ဖြစ်ပေါ်လာတဲ့ Kaieteur ရေတံခွန်ဟာ ကမ္ဘာပေါ်က တစ်ခုတည်းသော တစ်ဆက်တည်းရှိတဲ့ ရေတံခွန် တစ်ခုပဲ ဖြစ်ပါတယ်။ Guyana ရှိ အမေဇုန်တောထဲမှာ လျို့ဝှက်စွာ တည်ရှိနေတဲ့ Kaieteur ရေတံခွန်ဟာ တောင်ထိပ်ကနေ အောက်ခြေအထိ ၂၂၆ မီတာ သို့မဟုတ် ၇၄၁ ပေ မြင့်တဲ့ ရေတံခွန်တစ်ခု ဖြစ်ပါတယ်။ Potaro မြစ်ရဲ့ စီးဆင်းရာ တစ်လျှောက်မှာ ကမ်းပါးတွေကို တိုက်စားခဲ့တာကြောင့် ရေမှာ နီညိုရောင် ဖြစ်နေတတ်ပါတယ်။ ‌ပျမ်းမျှ တစ်စက္ကန့်ကို ရေစီးဆင်းနှုန်း ၂၃၄၀၀ ကုဗပေ ရှိတဲ့ Kaieteur ရေတံခွန်ဟာ ကမ္ဘာ့ရေစီးအားအပြင်းဆုံး ရေတံခွန်ထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။


ဒီရေတံခွန်ဖြစ်ရာ Potara မြစ်ဟာ တောင်အမေရိကရဲ့ ၃၄ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်ပြီး Guyana ရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ Essequibo မြစ်ထဲကို စီးဝင်ပါတယ်။ ဒဏ္ဍာရီတွေအရ Kaieteur ရေတံခွန်ကို တွေ့ရှိတဲ့ညမှာ အတူလာတဲ့ အဖွဲ့ထဲက အဖိုးအို တစ်ယောက်‌ပြုတ်ကျ ခဲ့ရတာကြောင့် အဘိုးအိုကို အစွဲပြုပြီး " Kaieteur " သို့မဟုတ် " old - man - fall " ( အဘိုးအိုကျဆုံးခြင်း ) လို့ ခေါ်ခဲ့တာလို့ ဆိုပါတယ်။ ၁၈၇၀ ခုနှစ် ဧပြီလမှာ ဒီရေတံခွန်ကို စတင်တွေ့ရှိခဲ့ပြီး ပြင်းထန်တဲ့ ရေစီးဆင်းမှု နဲ့ နက်ရှိုင်းတဲ့ ချောက်ကြီးကြောင့် လူအရောက်အပေါက် နည်းခဲ့ပါတယ်။


လက်ရှိမှာတော့ Kaieteur ရေတံခွန်ဟာ ဂိုင်ယာနာရှိ ခရီးသွားတွေအတွက် အဓိက ဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လာပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားတွေအတွက် ရင်သပ်ရှုမောဖွယ် အလှတွေနဲ့ ပြည့်နှက်နေတဲ့ Kaieteur ရေတံခွန်မှာ စိတ်မကောင်းဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။ အဲ့တာကတော့ ၂၀၁၅ ခုနှစ် နိူဝင်ဘာလမှာ " Tricia " လို့ခေါ်တဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတစ်ယောက် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ထူးခြားတဲ့ တည်ဆောက်ပုံတွေ ၊ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကြောင့် တစ်ခါလောက်တော့ သွားကြည့်သင့်တဲ့ ရေတံခွန်တစ်ခုပဲ ဖြစ်ပါတယ်။




Some text some message..