သက်တံ့ရောင်ခရုခွံနဲ့ Liguus virgineus ခရု
mmload.com
|
2024-04-25

ထူးထူးခြားခြား သက်တံ့ရောင် ကာလာတွေနဲ့ ဆွဲဆောင်မှုရှိရှိ ခရုလေးတွေကတော့ Liguus virgineus လို့ခေါ်တဲ့ မြေပြင်ခရု တစ်မျိုးပဲ ဖြစ်ပါတယ်။ Candy cane snail လို့လည်း ခေါ်ပြီး ထူးခြားတဲ့ ခရုံခွံအရောင်ကြောင့် လူသိများ ထင်ရှားပါတယ်။ အညိုရောင် ၊ အနက်ရောင် ၊ ပန်းရောင် ၊ အစိမ်းရောင် ၊ ခရမ်းရင့်ရောင် သို့မဟုတ် အဝါဖျော့ရောင် အစင်းကြား အမျိုးမျိုး နဲ့ အောက်ခံ အဖြူရောင် တို့ ရှိတဲ့ Candy cane snail တို့ရဲ့ ခရုခွံဟာ ၃၀ မှ ၆၀ မီလီမီတာ ( ၁.၂ - ၂.၄ လက်မ ) အထိ ရှည်ကြပါတယ်။ ဒါအပြင် သူတို့ရဲ့အခွံဟာ ဘဲဥပုံသဏ္ဍာန်ရှိပြီး ပါးလွှာပေမယ့် ချောချောမွေ့မွေ့ ရှိတဲ့အပြင် မာကျောကြပါတယ်။


သစ်ပင်သစ်ကိုင်းတွေမှာ ရှိတဲ့ မှိုနဲ့ ရေညှိတို့ပေါင်းစပ်ဖြစ်လာတဲ့ လိုင်ကင် အမျိုးမျိုး ၊ သစ်ရွက် များနဲ့ အကိုင်းအခတ်များကို အဓိကစားသုံးကြပြီး ဂေဟစနစ်အတွက် အရေးပါတဲ့ ခရုမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ သစ်ပင်များ ၊ စိုစွတ်တဲ့ ကျောက်ဆောင်တန်းများ ပေါ်မှာ အများဆုံး နေထိုင်လေ့ရှိပြီး ဥဥ တဲ့အခါမှာတော့ မြေပြင် စိုစွတ်တဲ့နေရာတွေမှာ ဥလေ့ ရှိပါတယ်။ ပျမ်းမျှအားဖြင့် ၃ နှစ်မှ ၇ နှစ်ကြား နေထိုင်နိုင်ကြပြီး တောရိုင်းထဲမှာတော့ ၁၀ နှစ်ထိ အများဆုံး ရှင်သန်နိုင်ကြပါတယ်။ အလယ်အလတ်ကြီးတဲ့ ခရုမျိုးစိတ်တစ်မျိုး ဖြစ်ပြီး အရွယ်ရောက်လာတာနဲ့အမျှ ခရုခွံရဲ့ အရောင်မှာ ပိုထင်းလာတတ်ပါတယ်။


ကာရေဘီယံက Hispaniola ကျွန်းတစ်ခုတည်းရဲ့ သစ်တောမှာသာ တွေ့ရတဲ့ Candy cane ခရုတွေကတော့ သူတို့ရဲ့ လှပတဲ့ ခရုခွံအရောင်ကြောင့် ရာစုနှစ်ပေါင်းများစွာ လူတို့ရဲ့ အာရုံစိုက် ရှာဖွေမှုကို ခံခဲ့ရပါတယ်။ ဒါအပြင် ဒေသခံ‌တို့ရဲ့ ဖမ်းဆီးပြီး ဒေသထွက်အလှကုန်ပစ္စည်းအဖြစ် အသုံးပြုခြင်းခံရနေရတယ့် candy cane ခရုလေးတွေဟာ လက်ရှိမှာတော့ သုတေသီတို့ ရှာတွေ့ဖို့တောင် ခဲယဉ်းနေပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် Liguus Virgineus ခရုအကောင်အရေအတွက် အတိအကျ မသိရပေမယ့် ထိန်း‌သိမ်းစောင့်ရှောက်ရမယ့် ထူးထူးဆန်းဆန်း ခရုမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။





Some text some message..