
ကွန်ဂိုဘာသာစကားနဲ့ Mbulu လို့ခေါ်တဲ့ Congo peafowl ငှက်ကတော့ သိပ္ပံနာမည် Afropavo congensis လို့ခေါ်ပြီး ကွန်ဂိုမြစ်ဝှမ်းမှာ စတင်တွေ့ရှိ မွေးဖွားတဲ့ ငှက်မျိုးစိတ်ပဲ ဖြစ်ပါတယ်။ အာဖရိကတိုက်က Pavoninae မျိုးစိတ်ဝင် တစ်မျိုးဖြစ်ပြီး ဦးခေါင်းထိပ်က အဖြူရောင် သရဖူအမွေးတို့ကြောင့် လူသိများ ထင်ရှားပါတယ်။ အရွယ်ရောက်ပြီးတဲ့ ကွန်ဂို peafowl ငှက်အထီးတစ်ကောင်ဟာ အရှည် ၆၄ မှ ၇၀ စင်တီမီတာ ( ၂၅ မှ ၂၈ လက်မ ) ဝန်းကျင်ရှိပြီး အတော်အတန်ကြီးတဲ့ ငှက်မျိုးစိတ်တစ်ခုပဲ ဖြစ်ပါတယ်။ ငှက်အမတွေထက် အထီးတွေက အရောင်အဆင်း ပိုလှကြပါတယ်။

ငှက်အထီးတွေဟာ အနီရောင်လည်ပင်း ၊ မီးခိုးရောင် ခြေတံ ၊အနက်ရောင် အမြီးရှည်များ နဲ့ ခန္ဓာကိုယ်ရဲ့ အမွေးတွေကတော့ သတ္တုစိမ်း နဲ့ ခရမ်းရောင် သို့မဟုတ် အပြာရောင် တို့ ရောစပ်ထားပြီး အတော်ကို ကြည့်လို့ကောင်းကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ ငှက်အမတစ်ကောင်ဟာ ပျမ်းမျှ အရှည် ၆၀ မှ ၆၃ စင်တီမီတာ ( ၂၄ မှ ၂၅ လက်မ ) ကြားရှိပြီး အနက်ရောင် အမွေးတွေနဲ့ ဖုံးအုပ်ထားတဲ့ ဝမ်းဗိုက် ၊ သတ္တုစိမ်းရောင် နောက်ကျော ၊ သစ်အယ်သီးအညိုရောင် အမောက်တို တို့ ပါရှိကြပါတယ်။ Congo peafowl ငှက်အထီးတွေရဲ့ ဦးခေါင်းဟာ အခြားငှက်တွေနဲ့ မတူဘဲ အဖြူရောင် သရဖူပုံစံ အမောက်ပါရှိပြီး ငှက်အမတွေကတော့ သစ်အယ်သီးအညိုရောင် ခမောက် တို့ ပါရှိကြပါတယ်။ အသီးအနှံ နဲ့ အင်းဆက်ပိုးမွှားတွေကို အဓိက စားသုံးကြပြီး tallow အပင် ၊ တောတွင်းသစ်သီး ၊ ဆီအုန်း ၊ ပင့်ကူ နဲ့ တွားသွားသတ္တဝါငယ်တို့ကို စားသုံးကြပါတယ်။

၂၀၁၃ ခုနှစ် စာရင်းများအရ တောရိုင်းက Congo peafowl ငှက်အကောင်ရေဟာ အရွယ်ရောက်ပြီးသူ အကောင် ၂၅၀၀ မှ ၉၀၀၀ ကြားသာ ရှိတော့တယ်လို့ ဆိုပါတယ်။ ထူးခြားတဲ့ အဖြူရောင် သရဖူ အမောက်ကြောင့် အမဲလိုက်သူတို့ မျက်စိကျစရာ ဖြစ်ခဲ့တဲ့ Congo peafowl ငှက်လေးတွေဟာ စည်းကမ်းမဲ့ အမဲလိုက်မှု အပါအဝင် သတ္တုတူးဖော်ခြင်း ၊ စိုက်ပျိုးရေးအတွက် မြေယာချဲ့ထွင်ခြင်း ၊ သစ်တောပြုန်းတီးခြင်း နဲ့ ရာသီဥတုပြောင်းလဲခြင်းတို့ကြောင့် Congo peafowl ငှက်များစွာ လျော့နည်းလျက်ရှိပြီး စနစ်တကျ ပြန်လည် မွေးမြူရမဲ့ မျိုးသုန်းတော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ချစ်စရာ ငှက်မျိုးစိတ်လေးတစ်မျိုးပဲ ဖြစ်ပါတယ်။