မျိုးတုန်းပျောက်ကွယ်တော့မယ့် တောဇီးကွက်တွေရဲ့ လူသိနည်းတဲ့အချက်များ
mmload.com
|
2024-05-19

Forest owlet ဇီးကွက်ဟာ အိန္ဒိယနိုင်ငံ အလယ်ပိုင်းသစ်တောဒေသမှာ အစုလိုက် တွေ့ရတဲ့ ဇီးကွက်မျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ပုံမှန်ဇီးကွက်မျိုးစု Strigidae မျိုးစိတ်က ဆင်းသက်လာတဲ့ ဇီးကွက်တစ်မျိုးဖြစ်ပြီး သိပ္ပံနာမည်ကတော့ Athene blewitti လို့ ခေါ်ပါတယ်။ ၁၈၇၃ ခုနှစ်မှာ ပထမဆုံး တရားဝင် ဖော်ပြခဲ့ပြီး ၁၉၈၄ ခုနှစ်နောက်ပိုင်းမှာ မတွေ့ရတော့တာကြောင့် မျိုးသုန်းပျောက်ကွယ်သွားပြီဟု သတ်မှတ်ထားကြတဲ့ တောဇီးကွက်တွေကို ၁၉၉၇ ခုနှစ်မှာ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာကြောင့် မျိုးသုန်းပျောက်ကွယ်မယ့် အန္တာရာယ်ကနေ လွတ်ခဲ့ပါတယ်။ အိန္ဒိယမျိုးရင်း ဇီးကွက်တစ်မျိုးဖြစ်ပြီး ပုံမှန်အရွယ်အစားရှိတဲ့ ဇီးကွက်မျိုးစိတ် တစ်ခုပဲ ဖြစ်ပါတယ်။ 


ပျမ်းမျှ ခန္ဓာကိုယ်အရှည်မှာ ၂၃ စင်တီမီတာ ( ၉ လက်မ ) ဝန်းကျင်ရှိပြီး လုံးဝန်းတဲ့ ဦး‌ခေါင်းခွံကို ပိုင်ဆိုင်ကြပါတယ်။ အမွေးထူတဲ့ ဇီးကွက်မျိုးစိတ်တစ်ခု ဖြစ်ပြီး အခြားဇီးကွက်တွေထက် အရောင်အစက်အပြောက် နည်းပါတယ်။ ခန္ဓာကိုယ် ကျောပိုင်းအမွေးအရောင်အဆင်းမှာ အညိုရောင် ၊ သံလွင်ရောင် တို့ရှိပြီး ရင်ဘတ်ပိုင်းကတော့ အဖြူရောင် အမွေးတောင်တို့နဲ့ ဖုံးအုပ်ထားပါတယ်။ ဒါအပြင် တောဇီးကွက်တွေမှာ စူးရှတောက်ပတဲ့ အဝါရောင် မျက်လုံးတောက်တောက်တို့ ပါရှိပါသေးတယ်။ နေ့အချိန်မှာ သစ်ပင် ၊ သစ်ကိုင်းတွေအပေါ်မှာ အိပ်စက် အနားယူလေ့ ရှိပြီး ညအချိန်မှာ သားကောင်ကို ချုံခိုကာ တိုက်ခိုက်ဖမ်းယူကြပါတယ်။အဓိကအားဖြင့် ပုတ်သင်ညို ၊ အိမ်မြှောင် ၊ ကြွက် နဲ့ ငှက်တို့ကို စားသုံးကြပြီး သစ်သီးသစ်ဥတွေကိုလည်း စားသုံးလေ့ ရှိပါတယ်။


ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလမှာ မိတ်လိုက်ရာသီအချိန်အခါ ဖြစ်ပြီး အထီးတွေဟာ သူတို့ရဲ့ အိမ်ထောက်ဖက်အမ ကိုယ်ဝန်ဆောင်ချိန်မှာ အသိုက်တွင် နေထိုင်ခိုင်းပြီး အစာရှာကျွေးတဲ့ ချစ်စရာ ငှက်မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ ဒီငှက်အထီးတွေဟာ လက်တွဲဖော်အမတွေ စိတ်ချမ်းသာဖို့ အမြဲ အရိပ်တကြည့်ကြည့် ကြည့်နေတတ်တယ်လို့လည်း ဆိုပါတယ်။ သူတို့ရဲ့ ဘဝသက်တမ်းကိုတော့ အတိအကျ မသိရသေးဘူးဖြစ်ပြီး ရာသီဥတု ဖောက်ပြားမှု ၊ သစ်တောပြုန်းတီးမှု ၊ လူတို့ရဲ့ စည်းကမ်းမဲ့ ဖမ်းဆီးမှုတို့ကြောင့် ၂၀၁၁ ခုနှစ်မှာ မျိုးသုန်းမဲ့ အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဇီးကွက်မျိုးစိတ် တစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် တောဇီးကွက်လေးတွေဟာ တွေ့တဲ့အခါ ဖမ်းဆီးမှုတွေ မလုပ်ဖို့ လိုအပ်တဲ့ ရှားပါးဇီးကွက် မျိုးစိတ်လေးပဲ ဖြစ်ပါတယ်။ 





Some text some message..