
Giant Oarfish ငါးဟာ Regalecidae မျိုးစုက ဆင်းသက်လာတဲ့ ငါးမျိုးစိတ် တစ်မျိုးဖြစ်ပြီး Oarfish ငါးမျိုးစိတ် နှစ်မျိုးထဲက တစ်မျိုးပဲ ဖြစ်ပါတယ်။ Pacific oarfish ၊ ငါးသေတ္တာဘုရင် ၊ ribbonfish နဲ့ streamer fish လို့လည်း ခေါ်ကြပြီး နာမည်လိုက်အောင် အတော်ကို ကြီးတဲ့ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဝင်ရိုးစွန်းဒေသတွေကလွဲ ကမ္ဘာတစ်ဝှမ်းက သမုဒ္ဒရာရေပြင်အောက် ၁၀၀၀ မီတာ ( ၃၃၀၀ ပေ ) နက်ပြီးအလင်းရောင် မှိန်ပြပြသာ ရှိတဲ့ Mesopelagic zone တွေမှာ နေထိုင်ကြပါတယ်။ ဒါအပြင် Giant Oarfish တွေဟာ ကမ္ဘာပေါ်က အရှည်ဆုံး ရေငန်ငါးတစ်မျိုးပဲ ဖြစ်ပါတယ်။

သိပ္ပံနာမည်မှာ Regalecus glesne လို့ခေါ်ပြီး ၁၇၇၂ ခုနှစ်မှာ နော်ဝေး-ဒိန်းမတ် ဇီဝဗေဒပညာရှင် Peter Ascanius မှ စတင် တရားဝင် ဖော်ပြခဲ့ပါတယ်။ ပျမ်းမျှ ခန္ဓာကိုယ်အရှည်မှာ ၃ မီတာ ( ၉.၈ ပေ ) ရှိပြီး အမြင့်ဆုံး စံချိန်တင်အရွယ်အစားမှာ ၁၇ မီတာ ( ၅၈ ပေ ) အထိ ရှိခဲ့ပါတယ်။ ဦးခေါင်းထိပ်မှာ ထူးခြားတဲ့ အနီရောင်အမွေးတောင်တွေဟာ သရဖူကဲ့သို့ ထောင်လျက် ပါရှိတာကြောင့် ငါးဘုရင်လို့ ခေါ်တာလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ပင်လယ်မြွေတွေကဲ့သို့ ရှည်မျောမျော ပုံသဏ္ဍာန်ရှိပြီး ခန္ဓာကိုယ်တစ်လျှောက် အနီရောင် ဆူးတောင်တွေနဲ့ ဂန္ဓဝင်ဆန်ဆန် ဖွဲ့စည်းထားတဲ့ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

Giant Oarfish တို့ရဲ့ ခန္ဓာကိုယ်တစ်လျှောက်ရှိ ဆူးတောင်မှာ ၄၀၀ မှ ၄၅၀ ကြားအထိ ပါရှိပြီး ထူးထူးခြားခြား သွားတွေတော့ မပါရှိကြပါဘူး။ ဦးခေါင်းမှာ သေးငယ်ပြီး သားကောင်ကို အနံ့ခံအာရုံကို အဓိကထားကာ ပင်လယ်ရေကြောင်းကိုလိုက်ပြီး ရှာဖွေ စားကြတဲ့ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ Giant Oarfish တွေကို စီးပွားဖြစ်ငါးဖမ်းခြင်းမျိုး မရှိပေမယ့် ရှည်လျားတဲ့ ခန္ဓာကိုယ်ကြောင့် မကြာခဏ ပိုက်ကွန်မှာ မိတတ်ပါတယ်။ ခန္ဓာကိုယ် အရေပြားမှာ ငွေရောင် ၊ မီးခိုးရောင် သို့မဟုတ် အပြာရောင်ကို အနက်ရောင်အစက်အပြောက်အနည်းငယ်နဲ့ ရောစပ် ပါရှိကြပါတယ်။ ဒါကြောင့် ထူးခြားတဲ့ အနီရောင် သရဖူအမောက် နဲ့ ကမ္ဘာ့အရှည်ဆုံး Giant Oarfish ကို တွေ့တဲ့အခါ ဖမ်းဆီးမှုတွေ မလုပ်ဖို့ အထူးလိုအပ်ပါတယ်။