
Diving bell spider လို့ခေါ်တဲ့ ပင့်ကူကတော့ water spider ( ရေပင့်ကူ ) ဖြစ်ပြီး ရေအောက်မှာ အချိန်အားလုံးနီးပါး နေထိုင်နိုင်တဲ့ တစ်ခုတည်းသော ပင့်ကူမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီပင့်ကူဟာ genus Argyroneta ကဆင်းသက်လာပြီး သိပ္ပံနာမည်ကတော့ Argyroneta aquatica လို့ခေါ်ပါတယ်။ Water spider တွေကို ကန် ၊ ချောင်း ၊ တူးမြောင်း ၊ စိမ့်များကဲ့သို့ ရေနေအပင်တွေ ပေါက်တဲ့ စိုစွတ်နေရာတွေမှာ တွေ့ရလေ့ ရှိပြီး ရေချိုနေ ပင့်ကူမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဥရောပ နဲ့ အာရှ တစ်ခွင်မှာ ကျယ်ပြန့်စွာ တွေ့ရတဲ့ ဒီပင့်ကူတွေဟာ သူတို့ရဲ့ သဘာဝကိုက ရေထဲမှာ ရှင်သန်နေထိုင်ကြတာပဲ ဖြစ်ပါတယ်။

Argyroneta aquatica တွေဟာ သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက် အနားယူခြင်း ၊ သားကောင်ဖမ်းခြင်း ၊ စားခြင်း ၊ မိတ်လိုက်ခြင်း ၊ ဥဥခြင်း ၊ ဆောင်းခိုခြင်းအားလုံးကို ရေထဲမှာ ပြုလုပ်နိုင်ကြတဲ့ တစ်ခုတည်းသော ပင့်ကူမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အောက်ဆီဂျင်ကို ဖြည့်စည်းဖို့ ပင်လယ်ရေမျက်နှာပြင်ထက်ကို ခေတ္တမျှ တက်ပြီး ရက်ပေါင်းများစွာ ရေအောက်မှာ နေနိုင်ကြတာပဲ ဖြစ်ပါတယ်။ အမထက် အထီးက အကောင်အရွယ်အစား ပိုကြီးပြီး ပိုတက်ကြွတဲ့ ပင့်ကူမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ Diving bell spider အထီးတစ်ကောင်ရဲ့ ပျမ်းမျှအရွယ်အစားမှာ ၁၀ မှ ၁၅ မီလီမီတာ ( ၀.၃၉ မှ ၀.၅၉ လက်မ ) ရှိပြီး အမတွေမှာ ၈ မှ ၁၂ မီလီမီတာ ( ၀.၃၁ မှ ၀.၄၇ လက်မ ) ရှိကြပါတယ်။

Diving bell spider တွေဟာ ရေနေအင်းဆက်ပိုးမွှားငယ် တွေနဲ့ ခြင်သားလောင်းတို့ကို အဓိက စားသုံးကြပြီး တစ်ခါတစ်ရံ ကုန်းပေါ်တက်ကာ သားကောင် ရှာဖွေ တတ်ကြပါတယ်။ ဒါအပြင် ဒီပင့်ကူတွေရဲ့ အရေပြားမှာ အဆိပ်ပျော့ဓာတ် တစ်မျိုးပါရှိပါသေးတယ်။ Water spider တို့ရဲ့ အဆိပ်ဟာ လူတွေကို သေဆုံးတဲ့အထိ မဖြစ်စေပေမယ့် ရောင်ရမ်းခြင်း ၊ ကိုက်ခဲခြင်း ၊ ဖျားခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီပင့်ကူတွေကို ကိုင်မယ်ဆိုရင်တော့ သချာလေး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ထူးခြားတဲ့ ဖွဲ့စည်းမှု နဲ့ ရေအောက်မှာ ရှင်သန်နေထိုင်နိုင်တဲ့ တစ်ခုတည်းသော ပင့်ကူလေးဖြစ်တဲ့ Water spider ပင့်ကူတွေကို တွေ့တဲ့အခါ ဖမ်းဆီးခြင်းမပြုဖို့ အထူးလိုအပ်ပါတယ်။