
သိပ္ပံနာမည် Pterapogon kauderni လို့ခေါ်တဲ့ Banggai Cardinalfish ကတော့ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် လူသိများတဲ့ ငါးမျိုးစိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ Apogonidae မျိုးရင်းက ဆင်းသက်လာတဲ့ ငါးမျိုးစိတ် တစ်မျိုးဖြစ်ပြီး သေးငယ်တဲ့ အပူပိုင်းကာဒီနယ် ငါးလေးတွေပဲ ဖြစ်ပါတယ်။ ဒီငါးတွေကို အင်ဒိုနီးရှားနိုင်ငံ Banggai ကျွန်းမှာ ကျယ်ပြန့်စွာ တွေ့ရပြီး ရေတိမ်ပိုင်းက သန္တာကျောက်တန်း ၊ ကျောက်ဆောင်တွေမှာ အစုလိုက် နေထိုင်လေ့ ရှိပါတယ်။ ထူးခြားပြီး တောက်ပတဲ့ အဖြူ ၊ အနက် အစင်းကြောင်းတို့နဲ့ Banggai Cardinalfish ဟာ ငါးပြတိုက် နဲ့ အလှမွေး ငါးမွေးမြူရေးတို့မှာ နာမည်ကြီးတဲ့ ငါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

စုစုပေါင်း ခန္ဓာကိုယ်အရှည်မှာ ၈ စင်တီမီတာ ( ၃ လက်မ ) ရှိပြီး ထူးထူးခြားခြား ဆူးတောင်အပိုင်း ၃ ပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။ Banggai Cardinalfish တွေရဲ့ မျက်လုံးဟာ အခြားငါးမျိုးစိတ်တွေနဲ့မတူဘဲ ခန္ဓာကိုယ်အရေပြား နဲ့ တသားတည်း ရှိနေပါတယ်။ ရုတ်တရက် မြင်လိုက်ရသူတွေအဖို့ မျက်လုံးမရှိသလို ၊ မျက်လုံးမှိတ်နေသလို ဖြစ်စေတဲ့ ဒီငါးတွေဟာ ရှည်လျားတဲ့ အမြီးရှည်ခွဲ နှစ်ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ပျမ်းမျှ ၉ ကောင်ဝန်းကျင် အုပ်စုဖွဲ့ နေထိုင်လေ့ ရှိပြီး နေ့အချိန်မှာတော့ သန္တာကျောက်တန်း ၊ ကျောက်ဆောင် တွေကြားမှာ ပုန်းကွယ်နေလေ့ ရှိပါတယ်။ Banggai Cardinalfish တွေမှာ အခြားငါးမျိုးစိတ်တွေနဲ့မတူတဲ့ နောက်ထပ်ထူးခြားချက်တစ်ချက်လည်း ရှိနေပါသေးတယ်။

အဲ့တာကတော့ Banggai Cardinal ငါးအထီးတွေဟာ မိခင်မှ ဥပေါက်မွေးဖွားလာတဲ့ ငါးသားလောင်းတွေကို အရွယ်မရောက်ခင် ကာလအပိုင်းအခြားတစ်ခုထိ သူတို့ရဲ့ အာခံတွင်းထဲမှာ နေထိုင်စေပါတယ်။ ပျမ်းမျှ ဘဝသက်တမ်းမှာ ၁ နှစ် နဲ့ ၂ နှစ် ဝန်းကျင် ဖြစ်ပြီး အမြင့်ဆုံး စံချိန်တင် ဘဝသက်တမ်းမှာ ၄ နှစ်အထိ ရှိခဲ့ပါတယ်။ လှပတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှု နဲ့ ချစ်စရာ Banggai Cardinalfish လေးတွေဟာ လူတွေရဲ့ ဖမ်းဆီးမှုတွေ များစွာ ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ Banggai Cardinalfish အကောင်ရေများစွာ လျော့နည်းခဲ့ပြီး မျိုးသုန်းပျောက်ကွယ်တော့မယ့် အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သနားစရာ ငါးမျိုးစိတ်လေးပဲ ဖြစ်ပါတယ်။