
ရေမြွေအများစုဟာအဆိပ်မရှိကြဘူးလို့ပဲ လူတွေကသတ်မှတ်ထားကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အနက်ရောင်နှင့်ငွေရောင်အစင်းကြောင်းလှလှလေးတွေရှိနေတဲ့ဒီရေမြွေတွေကတော့ အဆိပ်ပြင်းလွန်းတယ်ဆိုတဲ့ကုန်းမြွေတွေကိုတောင် အသာလေးအနိုင်ယူနိုင်တဲ့အထိအဆိပ်ပြင်းကြတဲ့မျိုးစိတ်ဖြစ်ပါတယ်။ သိပ္ပံနာမည်နှင့် Hydrophis belcheri လို့ခေါ်တဲ့ ဒီမြွေတွေဟာ အတော်လေးအဆိပ်ပြင်းထန်တဲ့ရေမြွေအမျိုးအစားဖြစ်ပါတယ်။

ဒါပေမဲ့ ဒီမြွေတွေဟာလူကြောက်တတ်တဲ့မြွေတွေဖြစ်ပြီးတော့ ရန်လိုတတ်တဲ့အမျိုးအစားမဟုတ်ပါဘူး။ ရန်သူနှင့်ထိပ်တိုက်တွေ့ဆုံချိန်မှသာကိုက်တတ်ကြတာဖြစ်ပြီးတော့ များသောအားဖြင့်အဆိပ်ကိုအကိုက်ခံရသူဆီကိုအများကြီးထိုးသွင်းကြတာမျိုးမရှိပါဘူး။ ပင်လယ်ပြင်မှာအလုပ်လုပ်တဲ့ငါးဖမ်းသမားတွေအကိုက်ခံရတာများပါတယ်။

အကိုက်ခံရတဲ့ လေးပုံတစ်ပုံကသာလျှင် အဆိပ်ရဲ့အကျိုးသက်ရောက်မှုခံရတာကြောင့် အကိုက်ခံရချိန်မှာအဆိပ်ထိုးသွင်းမှုအတော်လေးနည်းပါးတယ်လို့ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အဆိပ်အာနိသင်ကတော့ အချိန်မီကုသမှုမခံယူရင်အသက်အန္တာရာယ်ကိုပါထိခိုက်စေနိုင်သလို နာတာရှည်မကျန်းမာမှုတွေကိုပါဖြစ်စေနိုင်တာဖြစ်ပါတယ်။ အရောင်အဆင်းအတော်လေးလှပေမဲ့ အဆိပ်ကပြင်းထန်တာကြောင့် လူတွေဝေးဝေးရှောင်သင့်တဲ့မြွေဖြစ်ပါတယ်။