
လူတော်တော်များများကြောက်ပြီးရွံရှာကြတဲ့ မျှော့တွေဟာ အမှန်တော့ အကျိုးကျေးဇူးတွေပေးတတ်တဲ့အကောင်လေးတွေဖြစ်ပါတယ်။ တီကောင်တွေလိုမျိုးဖွဲ့စည်းတည်ဆောက်ပုံရှိတဲ့မျှော့တွေဟာ မျိုးခွဲပေါင်း ၇၀၀ ကျော်ရှိပြီးတော့ ရေချိုပတ်ဝန်းကျင်နှင့် ကုန်းမြေတွေပေါ်မှာနေထိုင်တတ်ကြပါတယ်။ သူတို့ဟာမေးရိုးသုံးခုရှိပြီးတော့ ဒီသုံးခုမှာပါဝင်တဲ့သွားသေးသေးလေးတွေနှင့် သားကောင်ပေါ်ကိုမလွတ်တမ်းတွယ်ထားတတ်ကြတာဖြစ်ပါတယ်။

ဒီမျှော့တွေဟာ ရှေးခေတ်ဆေးပညာမှာအရေးပါတဲ့နေရာကနေပါဝင်ခဲ့ကြတဲ့အကောင်တွေဖြစ်ပါတယ်။ သွေးပုတ်တွေကိုစုပ်ထုတ်တာအပါအဝင် ရောင်ရမ်းမှုတွေကိုကုသဖို့လည်းအသုံးပြုခဲ့ကြပါတယ်။ လက်ရှိဆေးပညာမှာလည်း သွေးစီးဆင်းမှုကောင်းမွန်စေဖို့ရည်ရွယ်ချက်နှင့် မျှော့တွေကိုအသုံးပြုကြတာရှိပါတယ်။ သူတို့ဟာသူတို့ခန္ဓာကိုယ်ထက်ငါးဆလောက်ကြီးမားတဲ့ ပမာဏရှိတဲ့သွေးကိုစုပ်နိုင်ကြပါတယ်။ ဒီလိုသွေးအဝစုပ်ပြီးသွားရင် လအတော်ကြာဘာမှမလုပ်ဘဲနေထိုင်ကြလေ့ရှိပါတယ်။

မျှော့တွေဟာ အပူချိန်နှင့်ပတ်ဝန်းကျင်ကိုအလွယ်တကူပဲလိုက်လျောညီထွေနေနိုင်ကြပါတယ်။ ဒီအရည်အချင်းကြောင့်ပဲ ပတ်ဝန်းကျင်ကသားကောင်တွေကိုအလွယ်တကူရှာဖွေနိုင်ပြီးတော့ သွေးစုပ်ယူနိုင်တာပါ။ သူတို့ဟာ ခေါင်းနှင့်ခြေနှစ်ဖက်လုံးမှာ ကပ်တွယ်တဲ့အရာတွေရှိနေပြီးတော့ ဒီအရာတွေကနေတစ်ဆင့် သားကောင်ဖြစ်သူကိုခိုင်မြဲနေအောင်ကပ်တွယ်နိုင်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပျောက်ဆုံးပျက်စီးသွားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပြန်ထုတ်နိုင်စွမ်းရှိတဲ့အကောင်တွေလည်းဖြစ်ပါတယ်။