မူဝါဒတွေကြား ဒွိဟဖြစ်နေဆဲ နိုင်ငံခြားအရက် ရောင်းချမှု
mmtimes.com
|
2018-10-25

ရန်ကင်းမြို့နယ်အတွင်းရှိအရက်ရောင်းချသော ဆိုင်တစ်ဆိုင်တွင် နိုင်ငံခြားအရက်ပုလင်းများ တွေ့ရစဉ်။အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အဖျော်ယမကာဆိုင်ထဲ ဝင်သွားလိုက်သည်နှင့် ပြည်တွင်းဖြစ်အရက်မျိုးစုံနှင့် ဝိုင်ပုလင်းကြီးငယ်များက ဆိုင်၏စင်မြင့်ထက်တွင် သူ့အနေရာနှင့်သူအစီအရီ နေရာယူထားကြသည်ကို တွေ့ရသည်။ ပြည်တွင်းဖြစ်ဝိုင်များအပြင် နိုင်ငံခြားဖြစ် ဝိုင်အမျိုးအစားများကိုပါ တွေ့နိုင်သော်လည်း နိုင်ငံခြားဖြစ်အရက်ပုလင်းများကိုတော့ မမြင်ရပေ။

''ရောင်းခွင့်ပိတ်ထားလို့ ဆိုင်ပေါ်မှာ မတင်ထားဘူး''ဟုအဖျော်ယမကာဆိုင်အရောင်းဝန်ထမ်းမိန်းကလေးက ဝယ်သူ၏အမေးကို ရှင်းပြနေသည်။ တစ်ဆက်တည်းမှာပဲ သူက''နိုင်ငံခြားအရက် လိုချင်ရင်ရတယ်''ဟု ဆိုပြန်သည်။

ထိုအခြေအနေသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယစ်မျိုးလိုင်စင် (FL−12) ကိုင်ဆောင်ထားသည့်အဖျော်ယမကာဆိုင်အများစုတွင် ဖြစ်နေသော ရောင်းသူနှင့် ဝယ်သူကြား နိုင်ငံခြားအရက်ကို ပုန်းလျှိုးကွယ်လျှိုး ရောင်းချနေရသော မြင်ကွင်းဟု ဆိုနိုင်သည်။

ယခင်ကအဖျော်ယမကာဆိုင်များတွင် နိုင်ငံခြားအရက်အမျိုးမျိုးကို ပွင့်လင်းမြင်သာစွာ ဝယ်ယူရရှိနိုင်သော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့်အခြားသောဆက်စပ်ဝန်ကြီးဌာန တာဝန်ရှိသူများက စက်တင်ဘာလကုန်တွင် သက်ဆိုင်ရာလုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံပြီးနောက် ယင်းကဲ့သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။

နိုင်ငံခြားအရက်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တည်ဆဲဥပဒေအရအထူးကုန်စည်ခွန်ဥပဒေတွင် တရားဝင်တင်သွင်းခွင့် ကန့်သတ်ထားသော ကုန်စည်အမျိုးအစားဖြစ်သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသည် ၂ဝ၁၃အထိ နိုင်ငံခြားသွင်းကုန် ပစ္စည်းအမျိုးမျိုးကိုအဆင့်ဆင့်ဖြေလျော့ပေးခဲ့သော်လည်းအရက်၊ ဘီယာနှင့် စီးကရက်တို့ကို တရားဝင် တင်သွင်းခွင့် ကန့်သတ်ထားဆဲဖြစ်သည်။

နိုင်ငံခြားအရက်၊ ဘီယာနှင့် စီးကရက်တင်သွင်းခွင့်ကို ကန့်သတ်ထားဆဲဖြစ်သော်လည်း နိုင်ငံခြားဝိုင် တင်သွင်းခွင့်ကို ၂ဝ၁၅ တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖြေလျော့ပေးခဲ့သည်။

''အရက်ဘီယာတင်သွင်းခွင့် ကန့်သတ်ထားတာ တော်တော်ကို ကြာနေပါပြီ။ ဥပဒေမှာ ပြဌာန်းပြီးရင် လိုက်နာရမယ့်တာဝန်အားလုံးမှာ ရှိတယ်။ ဥပဒေမှာ မသိလို့ ရောင်းတာပါလို့ ပြောလို့မရဘူး'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူဝါဒအရအဖျော်ယမကာဆိုင်များတွင် နိုင်ငံခြားအရက်ပုလင်းများ တွေ့ရှိပါက ဆိုင်ရှိပစ္စည်းများအသိမ်းခံရမည့်အပြင် ပစ္စည်းတန်ဖိုး၏အဆ ၁ဝဝ ဒဏ်ကြေးငွေနှင့် ထောင်ဒဏ် သုံးနှစ်အထိအရေးယူခံရနိုင်သည်။

ထိုသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကန့်သတ်ထားသော်လည်း ပြည်ထဲရေးဝန်ကြီးဌာန၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် နိုင်ငံခြားအရက် ရောင်းချခွင့် (ဝါ) ယစ်မျိုး လိုင်စင် (FL−12) ကိုအင်္ဂလိပ်ခေတ်ကတည်းက ယစ်မျိုးဥပဒေပြဌာန်းကာ တရားဝင်ထုတ်ပေးထားသည်ဟု ကမာရွတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးသည့် ယစ်မျိုးလိုင်စင် (FL−12)တွင် 'နိုင်ငံခြားအရက်အမျိုးမျိုး ရောင်းချခွင့်' ဟုအဓိပ္ပါယ်ဖော်ပြပါရှိသော်လည်းအဖျော်ယမကာဆိုင်များ၏အရောင်းစင်မြင့်ထက်ရှိ နိုင်ငံခြားအရက်များသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအထူးကုန်စည်ခွန် ဥပဒေအရ တရားဝင် တင်သွင်းရောင်းချခွင့်မရှိသော ကုန်စည်များဖြစ်သည်။

''ယစ်မျိုးလိုင်စင် (FL−12) တွေကပြည်တွင်းမှာ ချက်တဲ့ နိုင်ငံခြားအရက်ပဲ ရောင်းချခွင့်ရှိတာလားဆိုတာ တိတိကျကျ မပြောနိုင်ဘူး။ FL ဆိုတာအင်္ဂလိပ်လို (Foreign Liquor) လို့ ဥပဒေမှာ ပြဌာန်းထားတဲ့အတွက်အတိအကျ ဘာသာပြန်ဖို့ခက်တယ်။ စီးပွားကူးသန်းဝန်းကြီးဌာနက သူ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေပြုပြီး သတ်မှတ်ရင်အဲဒီဥပဒေကအတည်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဘက်ကတော့ စည်းကမ်းတကျ ရောင်းဖို့နဲ့အခွန်ရရှိဖို့ပဲ တာဝန်ရှိပါတယ်'' ဟု ဦးသိန်းဇော်ဦးက ပြောသည်။

နိုင်ငံခြားအရက်များသည် ပြည်တွင်းအခွန်များ ဦးစီးဌာန၏အခွန်တံဆိပ်ခေါင်းများနှင့်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနယစ်မျိုးလိုင်စင် (FL−12) ဖြင့် ရောင်းချခွင့်ရှိသော ကုန်ပစ္စည်း ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်း၌ ချက်သော နိုင်ငံခြားအရက်များသာ ဆိုင်တွင် ရောင်းခွင့်ရှိသည်။

''ပြည်တွင်းဖြစ် နိုင်ငံခြားအရက်တွေပဲ ရောင်းခွင့်ရှိတယ်။ နမူနာ ပြောရမယ်ဆိုရင် ဂရင်းရွိုင်ရယ်ပေါ့။ ဆိုင်တော်တော်များများမှာလည်း နိုင်ငံခြားအရက်ရောင်းတာ သိပ်မတွေ့ရတော့ဘူး။ ပြည်တွင်းဖြစ်နိုင်ငံခြားအရက်တွေပဲ ရောင်းနေကြပါတယ်'' ဟု ဦးသိန်းဇော်ဦးက ပြောသည်။

ပြည်တွင်းဖြစ် နိုင်ငံခြားအရက်ဆိုသည်မှာ ဖိုထွက်အရက်ဖြူမျိုးမဟုတ်ဘဲ ဂရင်းရွိုင်ရယ်ကဲ့သို့အရောင်ပါသည့်အရက်အမျိုးအစားများကို ဆိုလိုခြင်းဖြစ်သည်ဟု သူက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တင်သွင်းခွင့်ပြုမထားသည့် နိုင်ငံခြားအရက်များကို လက်လီလက်ကားဆိုင်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေသည်ဟုဆိုကာ ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ လိပ်မူပြီး တိုင်ကြားစာ နှစ်စောင် ရောက်ရှိလာသည့်အတွက် စားသုံးသူရေးရာဦးစီးဌာနအနေနှင့် ယစ်မျိုးလိုင်စင် (FL−12) လုပ်ငန်းရှင်များကို ခေါ်ယူ တွေ့ဆုံရခြင်း ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးမြင့်ချိုက စက်တင်ဘာလအတွင်းကအဖျော်ယမကာလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အစိုးရ၏ တရားဝင် တင်သွင်းခွင့် ကုန်စည်ထဲတွင် မပါဝင်သည့် နိုင်ငံခြားအရက်အမျိုးအစားများကို ဈေးကွက်ထဲတွင် တွေ့ရှိနေရသည့်အတွက် နိုင်ငံတော်အခွန် နစ်နာဆုံးရှုံးရသည့်အပြင်အဆိုပါအရက်များသည် ကျန်းမာရေးအာမခံချက်လည်း မရှိသည့်အတွက် ထိရောက်စွာအရေးယူပေးပါဟု ဆိုထားသော တိုင်ကြားစာအရ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သူက ပြောသည်။

''ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေအရ နိုင်ငံခြားအရက်ကို ကျွန်တော်တို့နိုင်ငံမှာအခုချိန်ထိအကန့်အသတ်နဲ့ပဲ တင်သွင်းခွင့်ရနေတာ ဖြစ်တဲ့အတွက် ဒီဈေးကွက်ထဲမှာရှိတဲ့ နိုင်ငံခြားအရက်တွေဟာ တိုင်ကြားချက်တွေအရ ဘယ်လို ရောက်လာသလဲဆိုတဲ့အနေအထားကို ဖော်ထုတ်အရေးယူရမှာ ဖြစ်တယ်''ဟု ဦးမြင့်ချိုက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးတွင် နိုင်ငံခြားအရက်ရောင်းချခွင့် ယစ်မျိုးလိုင်စင် (FL−12) ရအဖျော် ယမကာဆိုင်ပေါင်း ၂,၂၈၅ ဆိုင်ရှိသည်။အဆိုပါ လိုင်စင်ရ လုပ်ငန်းရှင်များသည် တစ်နှစ်လျှင် လိုင်စင်ကြေး ကျပ် ၁၅သိန်းကိုအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ပေးဆောင်ရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကအရက်ဘီယာနှင့်ပတ်သက်ပြီး ထုတ်ပေးထားသည့် ယစ်မျိုးလိုင်စင်အမျိုးအစားပေါင်းများစွာရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ယစ်မျိုးလိုင်စင် (FL−12) တစ်မျိုးတည်းက နှစ်စဉ် လိုင်စင်ကြေးရငွေမှာ ကျပ် ၃ ဒသမ ၄ ဘီလျံကျော် ရှိသည်။

''အရက်အမျိုးအစားအတု၊အမျိုးအစားမတူဘဲ ရောနှောထားတဲ့အရက်တွေ၊အရည်အသွေးနိမ့်တဲ့အရက်ကို ဈေးကြီးတဲ့အရက်ထဲ ထည့်မရောင်းဖို့၊ ဆက်လက်ပြီး ဒီဟာတွေကို ဖောက်ဖျက်ရင် ကျူးလွန်တဲ့ ပြစ်ဒဏ်အလိုက်အရေးယူသွားမယ်'' ဟု ဦးမြင့်ချိုကအဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထိုအစည်းဝေးတွင် နိုင်ငံခြားအရက် လက်ဝယ်တွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တည်ဆဲဥပဒေအရအရေးယူသွားမည်ဟုအသိပေးပြီးဖြစ်သော်လည်း လက်ရှိအချိန်ထိ လုပ်ငန်းရှင်များကို တစ်စုံတစ်ရာအရေးယူတာမျိုး မရှိသေးဘူးဟုအဖျော်ယမကာ လုပ်ငန်းရှင်များအရ သိရသည်။

''အစည်းအဝေး ခေါ်ပြီးကတည်းကအခုထိတော့ ဖမ်းဆီးတာမျိုး မရှိသေးဘူး။အမှန်က ဒီကိစ္စကို မြန်မြန်အဆုံးသတ်စေချင်တာ။အဖြေတစ်ခုထွက်စေချင်တာ''ဟုအဖျော်ယမကာ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမျိုးမင်းအောင်က ပြောသည်။

နိုင်ငံခြားအရက် ရောင်းချခြင်းနှင့် ပတ်သက်ပြီး ယစ်မျိုးလိုင်စင် (FL−12) လုပ်ငန်းရှင်များကို ခရိုင်အဆင့် သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံအသိပေးခဲ့သော်လည်း မြို့နယ်အဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပူးပေါင်းဆောင်ရွက်ပေးရန် သီးခြားညွှန်ကြားချက် မရှိသေးဘူးဟု ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောသည်။

''အရေးယူမယ်ဆိုရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပဲအရေးယူလို့ရမယ်။ လိုအပ်လို့ ပူးပေါင်းဆောင်ရွက်ပါဆိုရင် ဆောင်ရွက်ပေးရမှာပဲ။ ပြည်ထဲရေးက ညွှန်ကြားချက်ရောက်လာရင် ကျွန်တော်တို့ဘက်က ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ လက်ရှိအချိန်ထိ ဘာမှမပြောသေးတော့ တစ်စုံတစ်ရာ ဆောင်ရွက်မှု မရှိသေးဘူး'' ဟု ၎င်းက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် ၂ဝ၁၃ ခုနှစ်နောက်ပိုင်းကစပြီး ယစ်မျိုးနှင့်ပတ်သက်သည့် လိုင်စင်အသစ် ထပ်မံထုတ်ပေးခြင်း မရှိတော့ဘဲ လက်ရှိအချိန်ထိ ထုတ်ပေးထားသည့်ယစ်မျိုးလိုင်စင်ပေါင်း ၄၁,၁၅၃ ခုရှိသည်။

''အရက်ဆိုင်တွေများလာပြီးအထိန်းကွပ်မဲ့လာတာမျိုး မဖြစ်အောင် ယစ်မျိုးလိုင်စင်အသစ် ထပ်ထုတ်ပေးဖို့ မရှိဘူး။အခွန်ကိုတတ်နိုင်သမျှ တိုးမြှင့်ကောက်ခံပြီးအရက်သောက်တဲ့အလေ့အထ လျော့ကျသွားဖို့ ရည်ရွယ်တယ်'' ဟု ၎င်းက ပြောသည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မူဝါဒအရ ပြည်တွင်းဘီယာရောင်းသည့် ဆိုင်ရှင်များသည် ယစ်မျိုးလိုင်စင် (FL 9)၊ စားသောက်ဆိုင်နှင့် ဘားကဲ့သို့ နိုင်ငံခြားအရက်ရောင်းချသည့် ဆိုင်များသည် ယစ်မျိုးလိုင်စင် (FL 17) နှင့်နိုင်ငံခြားအရက် လက်လီလက်ကားရောင်းချသည့် ဆိုင်များသည် ယစ်မျိုးလိုင်စင် (FL 12) ကိုင်ဆောင်ထားရမည်ဖြစ်သည်။

နိုင်ငံခြားအရက် လက်လီလက်ကားရောင်းချသည့် ယစ်မျိုးလိုင်စင် (FL12) ဆိုင်များမှ တစ်ဆင့် ယစ်မျိုးလိုင်စင် (FL17)ကိုင်ဆောင်ထားသည့် စားသောက်ဆိုင်နှင့်ဘားဆိုင်များသည် နိုင်ငံခြားအရက်များကို တစ်ဆင့်ပြန်လည် ဝယ်ယူရသည်။

ထို့ကြောင့် ယစ်မျိုးလိုင်စင် (FL12) ဆိုင်များကို နိုင်ငံခြားအရက် ရောင်းခွင့် ပိတ်လိုက်ခြင်းသည် ရန်ကုန်မြို့တွင်းရှိ စားသောက်ဆိုင်၊နိုက်ကလပ်နှင့် ဘားဆိုင်ရှင်များပါအခက်တွေ့စေသောအကြောင်းရင်း ဖြစ်လာသည်။

''အခုလို ခရီးသွားလုပ်ငန်း ကျဆင်းနေချိန်မှာ နိုင်ငံခြားအရက်ရောင်းချခွင့် ပိတ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ ဒီကိစ္စကို ပြန်ပြီးတော့စိစစ်စေချင်ပါတယ်'' ဟု စားသောက်ဆိုင်နှင့်ဘားလုပ်ငန်းရှင် ဦးကောင်းမင်းခန့်ကအကြံပြုထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန မူဝါဒအရ မည့်သည့် ယစ်မျိုးလိုင်စင်မှအသစ်မချပေးတော့သည့်အတွက်အဆိုပါ ယစ်မျိုးလိုင်စင် လိုအပ်သူများသည် ဝန်ကြီးဌာန ပုံမှန်လိုင်စင်ကြေးထက်အဆများစွာ ပိုပေးပြီး တစ်ဆင့်ပြန်ဝယ်ယူရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လေဆိပ်အခွန်ကင်းလွတ်ခွင့်ရဆိုင်များ (duty free shop) နှင့် ဟိုတယ်ကြီးတချို့ကိုသာ နိုင်ငံခြားသားများအတွက် နိုင်ငံခြားအရက် တရားဝင် တင်သွင်း ရောင်းချခွင့် ပေးထားသည်။




''နိုင်ငံခြားသားတွေအတွက် လေဆိပ်အခွန် ကင်းလွတ်ခွင့်ရ ဆိုင်တွေနဲ့ ဟိုတယ်ကြီးတချို့ကိုပဲ တရားဝင် တင်သွင်းရောင်းချခွင့်ပေးထားတယ်။ ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချခွင့် မပေးထားဘူး။ ဒါကြောင့် ပြည်တွင်းမှာရောင်းနေတဲ့ ကိစ္စတွေက တရားမဝင် ဖြစ်တယ်''ဟု ဦးခင်မောင်လွင်က ပြောသည်။

မည်သည့် ဟိုတယ်ကြီးများကို နိုင်ငံခြားအရက်တင်သွင်းခွင့် ပေးထားသည်ဟုအတိအကျ မသိရှိရသော်လည်း နိုင်ငံခြားဝိုင်တင်သွင်းရာတွင် ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနက သဘောထားထောက်ခံချက် ထုတ်ပေးရသည်ဟု ဟိုတယ်နှင့်ခရီးဝန်ကြီးဌာန၊ မူဝါဒရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ပြောသည်။

အရက်၊ ဘီယာနှင့်ပတ်သက်ပြီး တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသည့်အပိုင်းများအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းစစ်ဆေးရေးလုပ်ငန်းများ မကြာမီဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု ဦးခင်မောင်လွင်က ပြောသည်။

''နိုင်ငံခြားအရက်တင်သွင်းခွင့် တရားဝင် ခွင့်ပြုပေးဖို့ ကျွန်တော်တို့ စီးပွားကူးသန်းဝန်ကြီးဌာနတခုတည်းနဲ့ လုပ်လို့မရဘူး။ ကျန်းမာရေး၊ လူမှုရေး စတဲ့ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကအလုပ်ရုံ ဆွေးနွေးပွဲတွေထပ်ခါလုပ်ပြီးမှ သေချာစနစ်တကျ ဆောင်ရွက်ရမယ့်အရာဖြစ်တယ်''ဟု ဦးခင်မောင်လွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံခြားအရက်ရောင်းချသည့် ဆိုင်ရှင်များကိုအသိပညာပေးပြီးနောက် တခြားမြို့ကြီးများတွင်လည်း သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ရန်ရှိသည်ဟု ဦးခင်မောင်လွင်က ပြောသည်။

နိုင်ငံခြားအရက် ရောင်းချခွင့်ရှိသော ယစ်မျိုးလိုင်စင် (FL12) ဖြင့် ၁၉၉၆ ခုနှစ်ကတည်းက လုပ်ငန်းလုပ်ကိုင်လျက်ရှိသော ဦးမောင်လုံးက နိုင်ငံခြားအရက်များကို မရောင်းစေချင်တာလားဟု မေးခွန်းထုတ်ထားသည်။

''ဒီမိုကရေစီအစိုးရဆိုရင်အကုန်လုံးရှိရမယ်။ ရောင်းရတာ၊ မရောင်းတာရတာအစိုးရကိစ္စမဟုတ်ဘူး။အစိုးရကအခွန်ရနေဖို့ပဲအရေးကြီးတယ်။ နိုင်ငံခြားအရက် တရားဝင်တင်သွင်း ရောင်းချခွင့်ပေးလိုက်ရင်အစိုးရလည်းအခွန်ပိုရ၊ ကျွန်တော်တို့လည်းအဆင်ပြေပြီ'' ဟု ဦးမောင်လုံးက ပြောသည်။

နိုင်ငံခြားအရက် ရောင်းချခွင့် ယစ်မျိုးလိုင်စင် (FL−12) ရ လုပ်ငန်းရှင်များသည်အစိုးရသို့ ကုန်သွယ်ခွန်၊အမြတ်တော်ခွန်၊စည်ပင်ခွန်နှင့် လိုင်စင်ခွန်များနှစ်စဉ်ပေးဆောင်ကြရသည်။




Some text some message..