
ဓာတ်ပုံ- ရန်ကင်းစိုးမင်း/ မြန်မာတိုင်းမ်နေ့စဉ်
မော်တော်ယာဉ်အမည်ပေါက် ပြောင်းလဲခြင်းများ တွင်တွင်ကျယ်ကျယ် လုပ်ဆောင် စေလိုလျှင်အမည်ပေါက်အခွန်နှုန်းကိုဖြေလျှော့ပေးရန်လိုအပ်ကြောင်း မော်တော်ယာဉ် ပိုင်ရှင်များက တညီတညွတ်တည်းအကြံပြု ပြောဆိုခဲ့ကြသည်။
မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲ ခြင်းအတွက်အခွန်ကောက်ခံမှုမှာ ကားတန်ဖိုး ၏ ၁၅ ရာခိုင်နှုန်းအထိ ဖြစ်နေခြင်းကြောင့် မော်တော်ယာဉ် စီးရေ ၁၀ဝ တွင် တစ်စီးမျှသာအမည်ပေါက်ပြောင်းလဲရန် လာရောက်လုပ်ဆောင်ကြကြောင်း၊အမည်ပေါက်ပြောင်းလဲ ခြင်းကို ငွေကြေးအနည်းငယ်ဖြင့် လုပ်ဆောင် ပေးသင့်ကြောင်းအကြံပြုပြောဆိုနေကြခြင်း ဖြစ်သည်။
မော်တော်ယာဉ်အမည်ပေါက်လုပ်ဆောင်ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်အခွန်အကောက်ဥပဒေအရ ကားတန်ဖိုး၏ ၃ ရာခိုင်နှုန်းအခွန်ကောက်ခံ ခဲ့ပြီးအမည်ပြောင်းလဲခွင့် ပေးခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှစ၍ ၁၅ ရာခိုင်နှုန်းအခွန်ကောက်ခံနေခြင်းကြောင့် ကျပ် သိန်း ၁၀ဝ၀ တန် ကားတစ်စီး သိန်း ၁၅၀၊ ကျပ်သိန်း ၁၀ဝ တန် ကားတစ်စီး ၁၅ သိန်းအခွန်ပေးဆောင် ရမည်ဖြစ်ကြောင်း၊ ကျပ် ၁၅ သိန်းဟူသော ငွေပမာဏသည် ဂျပန်နိုင်ငံတွင် ကားတစ်စီး ဝယ်ယူနိုင်သော တန်ဖိုးဖြစ်ကြောင်း၊ ထို့ကြောင့် ကားတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းအခွန်ပေးသွင်း၍အမည်ပေါက် လာရောက်လုပ်ဆောင်မှု နည်းပါး ခြင်းဖြစ်ကြောင်း သိရသည်။
လုပ်ပေးသင့်
"အမည်ပြောင်းခွန် ကောက်တာက ၁၅ ရာခိုင်နှုန်းဆိုတော့အမည်ပြောင်းဖို့ ဘယ်သူမှ လာမလုပ်ကြတော့ဘူး။ ကျပ်သိန်း ၁၀ဝဝတန် ကားတစ်စီးကိုအမည်ပေါက်လုပ်ဖို့တင် သိန်း ၁၅၀ လောက်ကျနေပြီ။ ကျပ်သိန်း ၁၀ဝ တန်ကားတစ်စီးကို ကျပ် ၁၅ သိန်း ကျနေပြီ။အဲဒီငွေက ဂျပန်မှာ ကားတစ်စီးဝယ်လို့ရတဲ့ တန်ဖိုးဖြစ်နေပြီ။အမှန်က ပြည်သူတွေအမည်ပေါက် လွယ်လွယ်ကူကူ လာလုပ်လို့ရအောင်အမည်ပြောင်းခွန်ကို နည်းနည်းပဲ ကောက်သင့်တယ်။အမည်ပေါက်သွားမယ်ဆိုရင် ကားကိစ္စနဲ့ပတ်သက်လို့ မသမာမှုတွေ၊ ဒုစရိုက်မှုတွေလည်း မဖြစ်တော့ဘူး။ ကားပိုင်ရှင် ဘယ်သူဆိုတာ စာရင်းထဲမှာ ရှာလို့ရနိုင်တာကိုး။အခု ကားစီးရေ ၁၀ဝ မှာ တစ်စီးတောင်အမည်ပေါက်မရှိကြဘူး။အမည်ပေါက်ဖြစ်ဖို့အခွန်ကိုရာခိုင် နှုန်းနည်းနည်းနဲ့ လုပ်ပေးသင့်ပါတယ်"ဟု မော်တော်ယာဉ်အရောင်းအဝယ်ပြုလုပ်နေသူ ဦးအောင်ရဲသင်းလတ်က ဒီဇင်ဘာ ၂၂ ရက်က ပြောဆိုခဲ့သည်။