
မန္တလေးမြို့မ ရွှေဆိုင်တစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ-အောင်သန့်ခိုင်/ မြန်မာတိုင်းမ်နေ့စဉ်
ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းကအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,ဝ၆၆,၅၀ဝ ဖြင့်ဈေးဖွင့်ခဲ့သော်လည်း ညနေဈေးပိတ်ချိန်တွင်အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၁,ဝ၇၁,၅၀ဝအထိ စံချိန်တင်မြင့်တက် ခဲ့ကြောင်း ပြည်တွင်း ရွှေဈေးကွက်မှ စုံစမ်းသိရှိရသည်။
တရုတ်နိုင်ငံတွင် နှစ်ကူးကာလပြီးဆုံးမှု မရှိသေးသဖြင့် မြန်မာနိုင်ငံသို့ ရွှေအဝင်နည်းနေခြင်း၊ ကမ္ဘာ့ရွှေဈေးအနည်းငယ် မြင့်တက်လာခြင်းနှင့် ဗဟိုဘဏ်ကအမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်ရာတွင် နေ့စဉ်ရက်ဆက်ဆိုသလို ဒေါ်လာဈေးနှုန်းကို မြှင့်တင်သတ်မှတ်ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
"ကမ္ဘာ့ရွှေဈေးလည်းတက်လာသလို ဗဟိုဘဏ်ရဲ့ ဒေါ်လာဈေးကလည်း မကျဘူးဖြစ်နေတယ်။ ဗဟိုဘဏ်ကဒေါ်လာဈေးချပေးရမှာကို နေ့တိုင်း တက်နေတယ်။ ဒါကြောင့် ဈေးတွေတက်နေ တာဖြစ်တယ်။ တရုတ်မှာလည်း နှစ်ကူးဆိုတော့ ရွှေကအဝယ်လိုက်တယ်"ဟု ရန်ကုန်တိုင်းဒေသ ကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၈ ရက်၌ ပြောဆိုခဲ့သည်။
အရောင်းအဝယ်ပြုလုပ်
အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁,ဝ၇၁,၅၀ဝ၊ ၁၅ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၁,ဝ၀၈,၅၀ဝ ဖြင့် ရန်ကုန်ဈေးကွက်တွင်အရောင်းအဝယ် ဖြစ်ခဲ့ပြီး မန္တလေးဈေးကွက်၌အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၁,ဝ၇၀,ဝဝဝ၊ ၁၅ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၁,ဝ၀၈,၅၀ဝ ဖြင့် ရောင်းချခဲ့သည်။ ကမ္ဘာ့ဈေးကွက်၌ ဖေဖော် ဝါရီ ၈ ရက်ညနေပိုင်းတွင် ရွှေတစ်အောင်စလျှင် ၁၃၁၁ ဒေါ်လာဖြင့်အရောင်းအဝယ်ပြုလုပ် ခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက် (တနင်္လာနေ့) က ဗဟိုဘဏ်ရည်ညွှန်းကိန်းအရအမေရိကန် တစ်ဒေါ်လာလျှင် ၁၅၁၉ ကျပ် သတ်မှတ်ခဲ့ ပြီး ပြင်ပဈေးကွက်၌အမေရိကန် တစ်ဒေါ်လာ လျှင် ၁၅၁၄ ကျပ် (အဝယ်) နှင့် ၁၅၁၈ ကျပ် (အရောင်း) ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့သည်။
ဒေါ်လာဈေးကွက်မြင့်တက်
ဖေဖော်ဝါရီ ၈ ရက် (သောကြာနေ့) ညနေ ၄ နာရီတွင် ဗဟိုဘဏ် ရည်ညွှန်းကိန်းသတ်မှတ် ချက်အရအမေရိကန်တစ်ဒေါ်လာလျှင် ၁၅၃၈ ဒသမ ၄ ကျပ် သတ်မှတ်ခဲ့သည့်အတွက် ငါးရက်အတွင်း ဗဟိုဘဏ်က ဒေါ်လာနှင့်မြန်မာ ကျပ်ငွေလဲလှယ်မှုတွင် တစ်ဒေါ်လာလျှင် ၁၉ ကျပ်အထိ ဈေးနှုန်းပြင်ဆင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁၅၂၄ ကျပ်(အဝယ်)နှင့် ၁၅၂၈ ကျပ်(အရောင်း) ဖြင့်အရောင်းအဝယ်ပြုလုပ်ခဲ့သဖြင့် ဗဟိုဘဏ် သတ်မှတ်ရည်ညွှန်းကိန်းမှာ ပြင်ပဈေးကွက် ပေါက်ဈေးထက် တစ်ဒေါ်လာလျှင် ကျပ် ၁၀ ခန့် ပိုမိုမြင့်တက်လျက်ရှိသည်။