
ကျပ် ၁၀၀၀ တန် ထီလက်မှတ်များ။ ဓာတ်ပုံ- ရာဇာအောင်/မြန်မာတိုင်းမ်နေ့စဉ်
ကျပ်တစ်ထောင်တန်ထီလက်မှတ် စတင်ရောင်းချသည့် ပထမလအတွင်း ထီဈေးကွက်အတွင် ပင်ရင်း လက်ကားထီဆိုင်ကြီးများအနေဖြင့် ထီလက်မှတ်များရောင်းကုန်စေရန် ဈေးနှုန်းများလျှော့ချကာအရှုံးခံ ရောင်းနေရကြောင်း ထီလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ရွှေမြန်မာထီဆိုင်မှ ဦးစန်းယုကပြောသည်။
“ကျပ် ၅၀၀ တန်နဲ့ ကျပ် ၁၀၀၀ တန်ကိုတွဲထုတ်လိုက်တော့နှစ်မျိုးဖြစ်သွားတဲ့အခါကျတော့ လူတွေက ကျပ် ၅၀၀ တန်ကိုထိုးလိုက်တော့ ကျပ် ၁၀၀၀ တန်ကိုမထိုးနိုင်တော့ဘူး။ ငွေမနိုင်တဲ့သူတွေက ကျပ် ၅၀၀ တန်ပဲထိုးတော့ ကျပ် ၁၀၀၀ တန်က ကျန်သွားမယ်။ဝယ်လိုအားနဲ့ရောင်းလိုအားမှာ ဝယ်လိုအားနည်းနေပြီး ရောင်းလိုအား များနေတာ။အဝယ်မရှိတော့ ဈေးကျတယ်။ ထီသမိုင်းမှာအဆိုးဆုံးလို့ပြောလို့ရတယ်” ဟု ဦးစန်းယုက မြန်မာတိုင်းမ်နေ့စဉ်သို့ ဖေဖော်ဝါရီ ၂၁ ရက်ကပြောသည်။
ကျပ် ၁၀၀၀ တန်ထီတစ်စောင်လျှင် ကျပ် ၉၁၀ ခန့်အရင်းရှိပြီး လက်ရှိတွင် ထီလက်မှတ်များ လက်ထဲမကျန်စေရန်အတွက် ကျပ် ၁၀၀၀ တန်ထီတစ်စောင်လျှင် လက်ကားဆိုင်ကြီးများ၌ ကျပ် ၇၀၀ ခန့်အထိအရှုံးခံ ရောင်းချနေရကြောင်း ၎င်းကပြောသည်။
“ ဘာဖြစ်လို့အရှုံးခံရောင်းလဲဆိုရင် နောက်လအတွက်အရင်းပြန်လိုချင်လို့ ။ ဒီလကသေချာ ပေါက် စိုက်ရတော့မယ်။ ရှေ့လဆိုရင်တော့ ထီလက်ကားဆိုင်တွေက ရုံးကနေထုတ်တော့မယ့်နည်းသွား လိမ့်မယ်။ထီရောင်းတဲ့ပင်ရင်းထီဆိုင်တွေမှာ ထီမရှိဘဲနဲ့ ထီရုံးမှာပဲ ထီတွေကျန်နေနိုင်ပါတယ်။” ဟု ဦးစန်းယုကပြောသည်။
ယင်းနှင့်ပတ်သက်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွဋ်က “ ကျွန်တော်တို့ တော့ သူတို့ကိုရောင်းထုတ်လုပ်ပြီလေ။ သူတို့လိုချင်သလောက်အရေအတွက်ကိုတောင်းပြီး ဒီလောက်အရေအတွက်ကို ရောင်းနိုင်ပါတယ်ဆိုမှအဲဒီအတိုင်းရောင်းပေးရတာဖြစ်တယ်။အဲဒီအချိန်မှာအကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်မှာ ဒီလိုဖြစ်တဲ့အခါကျတော့ လုပ်ငန်းရှင်တွေက ရှုံးတာပေါ့။ ဒါကို ကျွန်တော်တို့က ဘယ်လိုမှလုပ်ပေးလို့မရဘူး။ ထီလက်မှတ်တွေကရိုက်ထားပြီးပြီ။ ဒါကြောင့်မို့ တချို့ကလည်းထီလက်မှတ်ဖွင့်ကာစမှာ လက်ပွေ့ရောင်းတဲ့ ဒီလိုအချိန်ကျရင်အသစ်တွေစရိုက်ချိန်မှာ ဈေးကွက်ကို ဒီလိုလေးနည်းနည်းမှန်းရခက်တော့ရှုံးတာတွေဖြစ်တယ်။” ဟုပြောသည်။
နောက်လများတွင် ထီလက်မှတ်လာမထုတ်ပါက ယင်းတို့၏ သုံးလစာစပေါ်များကို စာချုပ်ပါအတိုင်း သိမ်းဆည်းမည်ဖြစ်ကြောင်း ထီလက်မှတ်များမှာ လေးလစာခန့် ကြိုရိုက်နှိပ်ထားရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ရန်ကုန်မြို့အတွင်းရှိ လက်ကားဆိုင်ကြီးများ၏ လက်ခွဲဆိုင်များတွင် ကျပ် ၁၀၀၀ တန်ထီတစ်စောင်လျှင် ကျပ် ၁၀၀၀ ဖြင့်သာရောင်းချသော်လည်း ကျပ် ၁၀၀၀ ထီလက်မှတ် ၅ စောင်ဝယ်ယူပါက ကျပ် ၅၀၀ တန်ထီလက်မှတ် ၁ စောင် လက်ဆောင်ပြန်ပေးခြင်း၊ ၁၀ စောင်ဝယ်ယူပါက ကျပ် ၅၀၀ တန်ထီ ၂ စောင် နှင့် စုံတွဲအုပ်လိုက်ဝယ်ယူပါက ကျပ် ၅၀၀ တန်ထီ ငါး စောင်လက်ဆောင်ပေးလျက်ရှိသည်။
“ ကျပ် ၁၀၀၀ တန်ထီ ငါးစောင်ဝယ်ရင် ကျပ် ၅၀၀ တန်ထီတစ်စောင် ၊ ၁၀ စောင်ဝယ်ရင် နှစ်စောင်နဲ့အုပ်လိုက် ဆိုရင်တော့ ငါးစောင်လက်ဆောင်ပေးတယ်။ ပင်ရင်းကကို ဒီအတိုင်းရောင်းခိုင်းတာပါ။ တစ်စောင်ကို ကျပ် ၈၇၀ လောက်ကျတယ်လို့ပြောတယ်။” ဟု မိုးယံထီဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောသည်။
ဖေဖော်ဝါရီလ၊ ဧပြီလနှင့် နိုဝင်ဘာလများမှာ ထီရောင်းအားကျသည့်လများဖြစ်ပြီး ယခု ဖေဖော်ဝါရီလ တွင် ကျပ် ၁၀၀၀ တန်ထီကို ကျပ် ၅၀၀ တန်ထီနှင့်အတူ စတင်ရောင်းချခြင်းဖြစ်ကြောင်း ထီဥပဒေအရ ကျပ် ၁၀၀၀ တန်ထီလက်မှတ်ကို ကျပ် ၁၀၀၀အောက်ရောင်းချခြင်းမပြုရသဖြင့် ငွေကြေး လျှော့ချရောင်းခြင်းမဟုတ်ဘဲ ထီလက်မှတ်လက်ဆောင်ပြန်ပေးခြင်းဖြစ်ကြောင်းသိရသည်။