မန္တလေးတောသြင်္ကန် ဆိုင်ခန်းခ ၂ သိန်းကျပ်ကို ဦးရာလူစနစ်ဖြင့် ရောင်းချမည်
popolay.com
|
2019-03-07

မကြာမီ သြင်္ကန်အချိန်ခါရောက်တော့မည်ဖြစ်တဲ့အတွက် မန္တလေးမြို့တောသြင်္ကန်တွင် ဈေးရောင်းချလိုသူများအတွက် ဆိုင်းခန်းနေရာတစ်ခုကို ၂ သိန်းကျပ်ဖြင့် ဆိုင်ခန်း ၂၁၈ ခန်းအား ဦးရာလူစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

မတ်လ ၄ ရက်နေ့ထုတ် မန္တလေးသတင်းစာတွင် တောသြင်္ကန် ဆိုင်ခန်းများ ဌားရမ်းခကို တစ်ခန်းလျင်ငွေကျပ် ၅ သိန်း နှုန်းထားဖြင့် သတ်မှတ်ခဲ့ပြီးအာမခံကြေး ငွေကျပ် ၅ သောင်း ပေးသွင်းရမည် ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးနောက် မတ်လ ၆ ရက်နေ့တွင် ငွေကျပ် ၂ သိန်းသို့ ဈေးနှုန်းပြောင်းလဲ လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

၅ သိန်းနှုန်းနဲ့ ကနဦးဝယ်ယူခဲ့တဲ့ ဆိုင်ခန်း ၂၇ ခန်းကို ငွေပြန်အမ်းပေးသွားမှာဖြစ်ပြီး ဆိုင်ခန်းငှားရမ်းခကြောင့် ရောင်းချသည့် ပစ္စည်းများ ဈေးနှုန်းမြင့်တက်သွားမည်ကို မလိုလား၍ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီဝင် ဦအောင်ကျော်ဇော က ပြောကြားခဲ့သည်။

မန္တလေးကျုံးအရှေ့ဘက်လမ်းဖြစ်သော ၆၆ လမ်း တွင် ၁၉ လမ်း မှ ၂၃ လမ်းအထိ လမ်းဧရိယာ နယ်နမိတ်အတွင်း၌ ဆိုင်ခန်း ဧရိယာ ၁၀ ပေ ပတ်လည်အကျယ်ရှိပြီး နေ့ရော ညပါ ဖွင့်လှစ်ရောင်းချနိုင်မည့် တောသြင်္ကန်ဆိုင်ခန်း ၂၁၈ ခန်းအား ဦးရာလူစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။ မန္တလေးတောသြင်္ကန်ကို ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ် ထည့်သွင်းခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းရင်းမြစ် - သူရိန်လင်း(MDN)




Some text some message..