တစ်ခါကအသက်(၇၀)အရွယ်အဘိုးကြီးတစ်ယောက်ဟာအနီ၊အပြာ၊အနက်၊အဝါ၊အစိမ်းရောင်အစရှိတဲ့ ပူဖောင်းလေးတွေကို ပွဲဈေးတွေမှာ လိုက်လံရောင်းချပြီးအသက်မွေးဝမ်းကျောင်းပြုပါတယ်။ ဒီလိုနဲ့ရောင်းလာရင်း သူရဲ့ ပူဖောင်းလေးတွေဟာအရောင်းပါးလာပါတယ်။အဲဒီအခါအဘိုးကြီးဟာအရင်သာမန်ရိုးရိုး ပူဖောင်းလေးတွေအစား မိုးပျံပူဖောင်းလေးတွေကို ပြောင်းလဲရောင်းချပါတယ်။
သူဟာ မိုးပျံပူဖောင်းလေးတွေကို စက်ဘီးနောက်ခုံမှာ ချည်နှောင်ထားပြီး ရောင်းချပါတယ်။ လေထဲမှာလွင့်နေတဲ့ မိုးပျံပူဖောင်းလေးတွေကို ကလေးငယ်များကတွေ့ပြီး သူတို့မိဘတွေကို ဝယ်ယူပေးဖို့ပူဆာကြတဲ့အခါအဘိုးအိုကြီးရဲ့ ရောင်းအားဟာအရင်ရိုးရိုးပူဖောင်းရောင်းအားထက် ပိုပြီးတက်လာခဲ့ပါတယ်။
ဒီလိုနဲ့ ဒီနည်းအတိုင်းရောင်းလာခဲ့ရင်း တစ်နေ့မှာတော့ ကလေးငယ်လေးတစ်ဦးဟာ မိုးပျံပူဖောင်းလာဝယ်ပါတယ်။ ကလေးငယ်လေးဟာ စက်ဘီးနောက်ခံမှာ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းရောင်စုံတွေကို တစ်ချက်ကြည့်ပြီးအခုလိုပဲမေးလိုက်ပါတယ်။ "အဘိုး…အနက်ရောင် ပူဖောင်းလေးပေးပါ။အဲဒီအနက်ရောင် ပူဖောင်းလေးက တခြားပူဖောင်းလေးတွေထက်ပိုပြီးမြင့်တယ်။အဲဒါကြောင့် ဟိုးအဝေးကြီး ပျံနိုင်မယ်လို့ သား ထင်တယ် "လို့ပြောလိုက်ပါတယ်။ ဒီအခါအဘိုးကြီးကအနက်ရောင်ပူဖောင်းလေးကို ဖြုတ်ပေးပြီး " ကလေး…ဒီအနက်ရောင်ပူဖောင်းလေးကိုအောက်နေချည်ထားတဲ့ ကြိုးလေးက တခြားပူပေါင်းတွေထက်အနည်းငယ်ပိုရှည်လို့ ပိုမြင့်နေတာပါ။ ပြီးတော့အရောင်ပေါ်မူတည်ပြီးတော့ သူရဲ့မိုးပေါ်ပျံတက်နိင်တဲ့အစွမ်းသတ္တိကကွာခြားသွားတာမဟုတ်ဘူးကွယ့်။ ဒီပူပေါင်းတွေထဲမှာ ဟီလီယမ်လို့ ခေါ်တဲ့ ဓာတ်ငွေ့တစ်မျိုးကို ထည့်ထားတယ်။အဲဒီဓာတ်ငွေ့ကြောင့်သာ ပူပေါင်းလေးတွေက မိုးပေါ်ပျံတက်နိင်တာပါ။အရောင်အသွေးကြောင့် မိုးပေါ်ပျံတက်နိင်တာမဟုတ်ပါဘူး ကလေးရဲ့" လို့ပြောလိုက်ပါတယ်။
ဒီအကြောင်းအရာလေးနဲ့ ပတ်သက်ပြီးပေးချင်တဲ့အသိလေးတစ်ခုကတော့ ပူဖောင်းလေးမိုးပေါ်ပျံနိုင်တာအရောင်အသွေးကြောင့်မဟုတ်ဘဲ ဓာတ်ငွေ့အကူအညီနဲ့ ပျံနိင်သလိုမျိုး ဘယ်နေရာမှာမဆို ဖြစ်စဉ်အကြောင်းအရင်းအမှန်ကို သေသေချာချာသိရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဘယ်အရာကအရေးကြီးတယ် ဘယ်အရာကအရေးမကြီးဘူးဆိုတာခွဲခြားသိမြင်နိင်မှာဖြစ်ပြီး မှန်ကန်တဲ့အဖြေကိုရှာဖွေနိင်မှာဖြစ်ပါတယ်။အရာရာကိုအပေါ်ယံကြည့်ပြီးဆုံးဖြတ်ခြင်းက သင့်ကိုဆုံးဖြတ်ချက်မှားယွင်းစေနိင်တာကြောင့်အမြဲသတိထားဆင်ခြင်သင့်ပါတယ်။
Ref: "Building a positive attitude "
Paradise (ရိုးရာလေး)