
ကမ္ဘာပေါ်မှာ လူသုံးအများဆုံး ဘာသာစကားတွေက ဘာတွေလဲဆိုတာ တွေးကြည့်ဖူးပါသလား? ဒါက သင့်ကို ဘာသာစကား သင်ယူတဲ့နေရာမှာ အထောက်အကူပြုစေမှာပါ။ အင်္ဂလိပ်စာဘာသာစကားကတော့ ကမ္ဘာ့ နေရာအနှံ့အပြားမှာ လူသုံးများတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် တရုတ်စာဘာသာစကားကတော့ Native Speaker ပြောဆိုသုံးစွဲသူ အနေနဲ့ဆို နံပါတ်တစ်နေရာမှာ လက်ရှိပြေးနေပါတယ်။
ဒါဆိုရင်တော့ လက်ရှိ ၂၀၂၄ ခုနှစ် စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ ဘယ်ဘာသာစကားတွေက လူသုံး အများဆုံးလည်း ကြည့်လိုက်ကြရအောင်။ ဒါတွေကို သိရင်တော့ သင့်အနေနဲ့ ဘာသာစကားသင်တန်းတွေတက်ရောက်ဖို့ ရွေးချယ်တဲ့နေရာမှာလည်း အများကြီး အထောက်အကူပြုစေမှာပါ။
၁။ English - 1.4+ Billion Total Speakers
ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဘာသာစကားဟာ အားလုံးသိကြတဲ့အတိုင်း English ဘာသာစကားဖြစ်ပါတယ်။ စီးပွားရေး၊ နည်းပညာနဲ့ ပညာရေးပိုင်းမှာ အထောက်အကူပြုတဲ့ ဘာသာစကားတစ်ခုပါ။ သင်က English (4) Skills လုံးကို ပိုင်နိုင်ထားမယ်ဆိုရင် ဘယ်နိုင်ငံမှာမဆို ကျောင်းတက်ဖို့ရော အလုပ်လုပ်ဖို့ပါ အဆင်ပြေပါတယ်။
၂။ Mandarin - 1.1+ Billion Total Speakers
Native Speaker နဲ့ယှဥ်မယ်ဆို မန်ဒရင်းဘာသာစကားက အင်္ဂလိပ်ဘာသာစကားထက်ပိုပြီး ရှေ့ရောက်ပါတယ်။ ကမ္ဘာပေါ်မှာ အင်္ဂလိပ်ဘာသာစကားကို First Language အနေနဲ့ ပြောဆိုသုံးစွဲသူက ၃၇၃ သန်းသာရှိပြီး မန်းဒရင်းဘာသာစကားကိုတော့ ၉၂၉ သန်းက အသုံးပြုနေကြတာဖြစ်ပါတယ်။
၃။ Hindi - 602+ Million Total Speakers
Hindi ဘာသာစကားဟာ India နိုင်ငံမှာ တရားဝင် အသုံးပြုပြောဆိုနေတဲ့ ဘာသာစကား (၂၂) ခုထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Hindi ဘာသာစကားကို First Language အနေနဲ့ လူဦးရေ ၃၄၄ သန်း အသုံးပြုလျက်ရှိပြီး ကမ္ဘာတဝှမ်း စုစုပေါင်း ပြောဆိုသုံးစွဲသူကတော့ ၆၀၂ သန်းရှိပါတယ်။
၄။ Spanish - 548+ Million Total Speakers
Native Speaker အနေနဲ့ ယှဉ်မယ်ဆိုရင် စပိန်ဘာသာစကားဟာ မန်ဒရင်းပြီးရင် ဒုတိယအသုံးအများဆုံးဖြစ်ပါတယ်။ စပိန်ဘာသာစကားက စပိန်နိုင်ငံအပြင် စပိန်ကိုလိုနီလက်အောက်ခံအဖြစ် ရောက်ခဲ့ကြတဲ့ ဥရောပ၊ အမေရိက၊ အာဖရိကနဲ့ အာရှနိုင်ငံတွေမှာပါ ကျယ်ပြန့်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စပိန်ဘာသာစကားပြောနိုင်ငံ (၂၁) နိုင်ငံရှိပါတယ်။
၅။ French - 280 Million Total Speakers
စပိန်နဲ့ အင်္ဂလိပ်ဘာသာစကားလိုပဲ ပြင်သစ်ဘာသာစကားကလည်း ပြင်သစ်ကိုလိုနီအင်ပါယာနဲ့အတူ ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ပြင်သစ်စကားပြောနိုင်ငံ ၂၉ နိုင်ငံရှိပါတယ်။
အင်္ဂလိပ်ဘာသာစကားက စီးပွားရေးလုပ်ငန်းသုံး ဘာသာစကားဖြစ်တယ်ဆိုရင် ပြင်သစ်ဘာသာစကားကို ယဉ်ကျေးမှုဘာသာစကားအဖြစ် သတ်မှတ်နိုင်ပါတယ်။ မိခင်ဘာသာစကားမဟုတ်ဘဲ နိုင်ငံတကာမှာ အပြောများတဲ့ ဘာသာစကားတွေထဲမှာ ပြင်သစ်ဘာသာစကားက တတိယအဆင့်မှာရှိတဲ့အတွက်ကြောင့် ပြင်သစ်ဘာသာစကားရဲ့အရေးပါပုံကို ခန့်မှန်းနိုင်ပါတယ်။
၆။ Arabic - 274 Million Total Speakers
အာရဗီဘာသာစကားကို အသုံးပြုသူ လူဦးရေဟာ ကမ္ဘာပေါ်မှာ ၂၇၄ သန်း ရှိပြီး အာရပ်နိုင်ငံ (၂၅) နိုင်ငံရဲ့ ရုံးသုံးဘာသာစကား ဖြစ်ပါတယ်။ ပါလက်စတိုင်း၊ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ တူနီးရှား၊ ဘာရိန်း၊ ယူအေအီး၊ ယီမင်၊ မောရစ်သျှ၊ မိုရိုကို၊ အိုမန်၊ ကာတာ၊ ဂျော်ဒန်၊ အီရတ် အစရှိတဲ့ နိုင်ငံတွေမှာ အာရဗီဘာသာစကား ပြောပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေမှာ အလုပ်အကိုင် အခွင့်အလမ်းများများ ရချင်ရင် အာရဗီစကား တတ်ထားသင့်ပါတယ်။
၇။ Bengali - 272+ Million Total Speakers
ဘင်္ဂလီဘာသာစကားကို ကမ္ဘာ့လူဦးရေ သန်းပေါင်း ၂၇၂ သန်းကျော်က ပြောဆို သုံးစွဲနေကြပါတယ်။ ဘင်္ဂလီဘာသာစကားဟာ ဘင်္ဂလီနိုင်ငံရဲ့ မိခင်ဘာသာစကားဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ဒုတိယ အသုံးအများဆုံး ဘာသာစကားလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့ပိုင်းပြည်နယ်တွေမှာ ပိုမို အသုံးပြုကြပါတယ်။
၈။ Russian - 258+ Million Total Speakers
ရုရှားဘာသာစကားကို ကမ္ဘာပေါ်မှာ လူဦးရေ ၂၅၈ သန်းကျော် ပြောဆိုသုံးစွဲလျက်ကြပြီး ကမ္ဘာကုလသမ္မဂအဖွဲ့ကြီးရဲ့ တရားဝင်ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသော ဘာသာစကားခြောက်မျိုးထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အဆိုပါ ကုလသမ္မဂအဖွဲ့ကြီးရဲ့ တရားဝင်ရုံးသုံး ဘာသာစကား ခြောက်မျိုးကတော့ အာရဗီ၊ တရုတ် (မန်ဒရင်း)၊ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်နဲ့ ရုရှားဘာသာစကားတို့ ဖြစ်ပါတယ်။ ရုရှားဘာသာစကားဟာ ဥရောပနိုင်ငံတွေမှာ အသုံးများဆုံး ဘာသာစကားတစ်ခုလည်း ဖြစ်ပါတယ်။
၉။ Portuguese (257+ million speakers)
ပေါ်တူဂီနိုင်ငံကလည်း တစ်ချိန်တုန်းက နယ်ချဲ့ခဲ့လို့ ပေါ်တူဂီ လက်အောက်ရောက်ခဲ့တဲ့ နိုင်ငံတွေမှာ ပေါ်တူဂီ ဘာသာစကားကို အမွေရရှိခဲ့တာကြောင့် ကမ္ဘာပေါ်မှာ ပေါ်တူဂီဘာသာစကား ပြောဆိုသူ အများအပြား ရှိပါတယ်။ ပေါ်တူဂီစကားဟာ ဥရောပ၊ တောင်အမေရိက၊ အာဖရိကနဲ့ အာရှရှိ နိုင်ငံကိုးနိုင်ငံတို့ရဲ့ တရားဝင်ဘာသာစကားဖြစ်ပါတယ်။ ဒီထဲကမှ ဘရာဇီးနိုင်ငံက ပေါ်တူဂီစကားပြော အများဆုံးနိုင်ငံဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာ ပေါ်တူဂီဘာသာစကား ပြောဆိုသူ လူဦးရေ ၂၅၇ သန်းကျော် ရှိပါတယ်။
၁၀။ Urdu - 231.3 Million Total Speakers
အူရ်ဒူဘာသာစကားကတော့ ပါကစ္စတန်နိုင်ငံရဲ့ မိခင်ဘာသာစကားဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း ဟင်ဒီဘာသာစကားအဖြစ် အသုံးပြုကြပါတယ်။ ဟင်ဒီနဲ့ အူရ်ဒူဘာသာစကားဟာ ရေးသားပုံချင်းမတူပေမဲ့ အသံထွက် ပြောဆိုပုံချင်းတော့ တူပါတယ်။ ဟင်ဒီအရေးအသားက သက္ကတဘာသာစကားဖြင့် ပုံဖော်ထားပြီး အူရ်ဒူအရေးအသားကတော့ ပါရှန်ဘာသာဖြင့် အသုံးပြုထားပါတယ်။
Reference -
https://www.berlitz.com/blog/most-spoken-languages-world