
စနစ်သစ် အထက်တန်းပညာရေး G-12 စာမေးပွဲကြီးကို မတ်လ (၁၁) ရက်နေ့ကနေ စပြီး (၁၉) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ စနစ်သစ်ပညာရေးရဲ့ ပထမဆုံး စာမေးပွဲလည်းဖြစ်တာကြောင့် ဒီစာမေးပွဲကြီးမှာ ဝင်ရောက်ဖြေဆိုခဲ့ကြတဲ့ ညီ/ညီမငယ်တွေနဲ့အတူ မိဘတွေအတွက် စာမေးပွဲရလဒ်ကို အဆင့်သတ်မှတ်ပေးပုံနဲ့ တက္ကသိုလ်ဝင်ခွင့်တွေအကြောင်း သိရှိနားလည်စေဖို့ မျှဝေပေးချင်ပါတယ်။
စနစ်သစ်ပညာရေးမှာ စနစ်ဟောင်းတုန်းကလို စာမေးပွဲရလဒ်ကို ဘာသာရပ်တစ်ခုချင်းစီအလိုက် အမှတ်တွေပေးပြီး အအောင်/အရှုံး သတ်မှတ်မှာ မဟုတ်တော့ဘဲ Grade A, Grade B, Grade C, Grade D ဆိုပြီး အဆင့် (၄) ဆင့်ခွဲပြီး ကြေညာပေးမှာဖြစ်ပါတယ်။
ဒီနှစ် Grade 12 ဖြေဆိုထားတဲ့သူတွေအတွက် အောင်စာရင်းကို အောက်ပါအတိုင်း ထုတ်ပေးမှာပါ။
ဘာသာစုံ A ဆို Aအဆင့်
၃ဘာသာ A ကျန်သုံးဘာသာ B ဆို Aအဆင့်
ဘာသာစုံ B ဆို Bအဆင့်
၃ဘာသာ B ကျန်သုံးဘာသာ C ဆို Bအဆင့်
ဘာသာစုံ C ဆို C အဆင့်
၅ဘာသာ A ကျန်တစ်ဘာသာ D ဆို B အဆင့်
၃/၄ဘာသာ C ကျန်ဘာသာ D ဆို C အဆင့်
ဘာသာစုံ D ဆိုမှသာ D အဆင့်နဲ့ စာမေးပွဲ ကျတာပါ။
အမှတ်ပေးပုံ အဆင့်သတ်မှတ်ချက်တွေကို သိသွားပြီဆိုရင် နောက်တစ်ဆင့် စိတ်ပူရမှာက တက္ကသိုလ်ရွေးချယ်မှုအတွက် စဉ်းစားရဦးမှာပါ။ Grade 12 (ဒွာဒသမတန်း) မှာ ကျောင်းတွင်းစစ်စာမေးပွဲနဲ့ အစိုးရစစ်စာမေးပွဲဆိုပြီး စာမေးပွဲ (၂) ခုရှိပါတယ်။
ကျောင်းတွင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ရင် "အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းအောင်လက်မှတ်” (High School Completion Certificate - HSCC) ကို ရရှိမှာပါ။ HSCC ရရှိထားတဲ့ ကျောင်းသား/ကျောင်းသူတွေကတော့ နည်းပညာသိပ္ပံ၊ ကွန်ပျူတာကောလိပ်၊ အသက်မွေးဝမ်းကျောင်း ပညာသင်သိပ္ပံ၊ စိုက်ပျိုးရေး မွေးမြူရေးသိပ္ပံ၊ ဆရာအတတ်သင်ကောလိပ်စတဲ့ အသက်မွေးဝမ်းကျောင်းကောလိပ်တွေကို တက်ရောက်နိုင်ပါတယ်။
ဒီကောလိပ်တွေမှာ ၂ နှစ် ဒါမှမဟုတ် ၃ နှစ် တက်ရောက်သင်ယူပြီးပါက ဒီပလိုမာလက်မှတ်တွေ ရရှိပြီး လုပ်ငန်းခွင်ကို တန်းဝင်ချင်ရင်ရသလို တက္ကသိုလ်ဆက်တက်ချင်တယ်ဆိုလည်း တက်ရောက်ခွင့်ရှိပါတယ်။ ကိုယ်ရရှိထားတဲ့ ဒီပလိုမာလက်မှတ်နဲ့ ကိုက်ညီတဲ့ ဘာသာရပ်တက္ကသိုလ်တွေရဲ့ ဒုတိယနှစ် (သို့) တတိယနှစ်ကို ပေါင်းကူးအစီအစဉ်နဲ့ ဆက်လက်တက်ရောက်နိုင်ပြီး တက္ကသိုလ်ဘွဲ့ကို ရရှိနိုင်မှာဖြစ်ပါတယ်။
တက္ကသိုလ်တွေမှာ ပထမနှစ်တည်းက တက်ရောက်ချင်တာဆိုရင်တော့
နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကို ဖြေဆိုအောင်မြင်မှသာ တက်ရောက်ခွင့် ရရှိမှာပါ။ ကိုယ်က မြန်မာနိုင်ငံမှာရှိတဲ့ ကြိုက်နှစ်သက်ရာ ဘယ်တက္ကသိုလ်ကိုမဆို လျှောက်ထားခွင့် ရချင်တာမျိုးဆိုရင် Grade 10, 11, 12 သုံးနှစ်လုံးမှာ Grade A ရအောင် ကြိုးစားထားပါ။ Grade B နဲ့ C ရထားသူများကတော့ နိုင်ငံတော်အစိုးရက သတ်မှတ်ထားတဲ့ တက္ကသိုလ်တွေမှာသာ ဝင်ခွင့်ဖြေရမှာ ဖြစ်ပါတယ်။
တက္ကသိုလ်လျှောက်တဲ့အခါမှာလည်း ကိုယ်လျှောက်ချင်တဲ့ တက္ကသိုလ်က ကိုယ့်ရဲ့ Grade တွေကို ကြည့်ပြီးမှ ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ပြု/မပြုကို စစ်ဆေးဦးမှာဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရပြီးဆိုလည်း အဲ့စာမေးပွဲကို အောင်မြင်မှသာ ကိုယ်ရွေးချယ်ထားတဲ့ တက္ကသိုလ်မှာ တက်ရောက်ခွင့်ရမှာပါ။
Grade တွေက ဘာသာရပ်တိုင်းအတွက်တော့ ကောင်းစရာမလိုပါဘူး။ အဓိကက ကိုယ်ဆက်လျှောက်မယ့် တက္ကသိုလ်မှာ လိုအပ်မယ့် ဘာသာရပ်တွေကိုတော့ G-10 တည်းက ရွေးချယ်ပြီး အမှတ်ကောင်းအောင် ပြင်ဆင်ထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုရင် ဥပမာကို အောက်မှာ ဖော်ပြပေးထားပါတယ်။
ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုရင် -
-English
-Physics
-Chemistry
-Biology စတဲ့ လေးဘာသာရဲ့ Grade တွေကိုသာ ကြည့်ပြီး ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မှာပါ။
Engineering နဲ့ IT တက္ကသိုလ်များအတွက်ဆိုရင် -
-English
-Math
-Physics
-Chemistry စတဲ့ လေးဘာသာရဲ့ Grade တွေကိုသာ ကြည့်ပြီး ဝင်ခွင့်ဖြေဆိုခွင့်ပြု/မပြု ဆုံးဖြတ်မှာပါ။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာ တက္ကသိုလ်တွေကို ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မယ်။ Grade ကောင်းရုံနဲ့လည်း ကိုယ်ရွေးချယ်ထားတဲ့ တက္ကသိုလ်တက်ခွင့်ကို ရရှိမှာ မဟုတ်သေးပါဘူး။ ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရဦးမှာဖြစ်ပါတယ်။ ဝင်ခွင့်အောင်မှသာ တက္ကသိုလ် တက်ခွင့်ရမှာပါ။