ပရိသတ်တွေကိုအရူးအမူးဖြစ်စေခဲ့တဲ့ လတ်တလောထွက်ရှိထားပြီး ရုပ်ရှင်နမူနာများ
yoyarlay.com
|
2018-09-26



ကဲ.. ကဲ.. ၂၀၁၈၊ ၂၀၁၉ကတော့ ရုပ်ရှင်ပရိသတ်တွေအတွက် ရွှေနှစ်ဆိုလည်း မမှားပါဘူး..အယ်လယ်..အရမ်းများ ကြော်ငြာဆန်သွားလား :P ၂၀၁၈-၁၉ မှာ ရုံတင်ခဲ့တဲ့၊ ရုံတင်မယ့် ကားတွေဟာ ဆိုရင်တော့ဖြင့် ရုံမတင်ခင်ကတည်းက ပွဲဆူစေခဲ့တဲ့

ဇာတ်ကားတွေ များလှပါတယ်.. ဥပမာ Infinity War တို့ Deadpoolတို့ ဘာတို့ပေါ့လေ.. Infinity War ရုံမတင်ခင် နောက်ဆုံးနမူနာ ထွက်တဲ့အချိန်နဲ့ ရုံတင်ပြီးချိန်၊ နောက် Blue Ray ထွက်လာချိန်တွေမှာအတော်လေး ပွဲဆူခဲ့ပေမဲ့ ဒီနောက်ပိုင်းမှာတော့အတော်လေး ငြိမ်သွားခဲ့ပါတယ်.. ခုချိန်မှာတော့ သိုင်းလောကကြီးကို ပြန်လည် ရှုပ်ထွေးစေမယ့် သိုင်းကျမ်းအဲလေ ရုပ်ရှင်နမူနာတွေ ထွက်ရှိလို့ လာခဲ့ပါပြီ။ တစ်ကားတည်းလားဆိုတော့ ၄ကားလောက်ပါဖျာ့ လို့ ပြန်ဖြေရမှာပေါ့လေ.. ဆိုတော့ သိုင်းလောကကြီးကို ပြန်လည်လှုပ်ရှားလာအောင် ဘယ်ရုပ်ရှင်နမူနာတွေကများ စွမ်းဆောင်လိုက်သလဲဆိုရင်တော့ဖြင့်….

၁။ Venom




အမလေး…. မပြောချင်မှအဆုံး… :D Antihero ကာရိုက်တာ တစ်ခုဖြစ်တဲ့ Venom ဟာ သိုင်းလောကတစ်ခုလုံးကို We are Venom ဆိုတဲ့ စကားတစ်ခွန်းနဲ့ မြေလှန်ပစ်ခဲ့ပါတယ်.. သူ့ရုပ်ရှင်နမူနာကတော့ ထွက်ရှိတာ ကြာပြီဆိုတော့ နည်းနည်း သွေးအေးသွားပြီဖြစ်ပေမဲ့ ရုံတင်ရက်က နီးလာတော့ နည်းနည်းလေး လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာကြပြန်ပါပြီ.. နီးဆိုအောက်တိုဘာ ၅ ရက်နေ့ တင်မှာကိုး.. (နိုင်ငံတကာမှာပြောပါတယ်.. ဒီမှာတော့ မသိဘူး… တစ်ပတ်နောက်ကျလို့ကတော့ ခဲနဲ့သွားထုမှာ -_- )

တကယ်တော့ Venom ဟာ ကျွန်တော်တို့နဲ့ မစိမ်းလှပါဘူး။ Spider Man 3 မှာကိုအတော်ရင်းရင်းနှီးနှီးသိခဲ့ရတဲ့ ဇာတ်ကောင်ပါ။ (အခြား ဇာတ်ကားတွေလည်း ရှိကောင်းရှိနိုင်ပါတယ်.. ကျွန်တော်မသိတာဖြစ်မှာပါ.. သိရင် ပြောသွားကြဦးနော့်..) ခု Venom ရုပ်ရှင်မှာတော့ ကျွန်တော်တို့ မြင်ဖူးခဲ့တဲ့ Venom ကို CGIအလန်းစားတွေနဲ့ တွေ့မြင်ကြရမှာပါ… Timeline တော့ မတူဘူးပေါ့လေ .. ထွေလာမှာတင်အီစတာကြက်ဥ :3 (ဝှက်ထားတဲ့ ဇာတ်ညွှန်းခေါ်ရမလား) လေးတွေ ရှာရတာအတော်ကို စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဥပမာ Scream နဲ့ Riot ဘာညာပေါ့လေ..Venom ဟာလည်း ကောမစ်ထဲကနဲ့ တူမှာမဟုတ်ဘူးလို့လည်း ခန့်မှန်းနေကြပါတယ်..အမျိုးမျိုးပေါ့လေ.. The World Has Enough Super Heroes ဆိုတာကလည်းအတော်ကို ဆွဲဆောင်နိုင်တဲ့ စကားလို့ ဆိုရမှာပေါ့.. စူပါဟီးရိုးတွေ လုံလောက်နေတဲ့ ကမ္ဘာကြီးအတွက် Venom က ဘယ်လိုအဖြစ်တွေ ဖန်တီးမလဲ.. Eddieအတွက်ကရော..အမလေးအမလေး… ပြောရင်းဆိုရင်း မစောင့်နိုင်တော့ပါဘူးနော်..အောက်တိုဘာ ၅ ရက်နေ့အမြန်ရောက်ပါတော့လို့ :’(

၂။ How to Train Your Dragon: The Hidden World




ဒါတော့ ထူးထူးထွေထွေ သိပ်ပြောနေစရာ လိုမယ် မထင်ပါဘူးနော်.. How to Train Your Dragon 1 , 2 ရဲ့အောင်မြင်မှုဟာလည်း ကြောက်ခမန်းလိလိပါပဲ..အမြီးတစ်ခြမ်းပြတ်နေတဲ့ နဂါးလေးတစ်ကောင် ရယ်၊ ခြေတစ်ဘက်မရှိတော့တဲ့ လူငယ်လေးတစ်ယောက်ရယ်… တတိယအကြိမ် နဂါးသိုက်ထဲ ရောက်သွားတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ ရင်ခုန်စရာပါ… ဒီတစ်ခါ ရောက်တဲ့ နဂါးသိုက်ကတော့ ပထမတစ်ကြိမ် ရော ဒုတိယအကြိမ် ရောက်သွားတာနဲ့ပါအကွာကြီးပါပဲ.. Hidden Worldအစား Mysterious World လို့တောင် ကျွန်တော်က တင်စားလိုက်ချင်ပါသေးတယ်…အင်း.. ကျွန်တော်တို့ ချစ်ခဲ့တဲ့ ပွဲတိုင်းကျော် Toothless လေးကတော့ ဒီဇာတ်ကားထဲ ရည်းစားများ ရသွားလေမလား :D ရမှာပါ ကျိန်းသေတယ်.. လိုက်ကြောင်တဲ့အကွက်တွေ ကြည့်ပါလား :D ထွေလာနဲ့တင် ပါးစပ်မစေ့ရဘူး.. ခွီနေရတာ :D

တကယ်တော့ ကျွန်တော်တို့က ရုပ်ရှင်ချည်း ထိုင်စောင့်နေလို့ပါ.. How To Train Your Dragonက စီးရီးစ်လည်း ထွက်တယ်လေ.. ဒီစီးရီးစ်တွေထဲမှာတော့ နဂါးတွေအကြောင်း သေချာရှင်းပြထားပါတယ်… ဒါတွေ ကြည့်ရင် ဘယ်နဂါးက ဘယ်လို ပုံစံရှိတယ်၊ ဘာအစွမ်းတွေ ပိုင်တယ် ဘာညာ သေချာသိရမှာပေါ့နော်… (ပြောချင်တာက Hidden World သွားမကြည့်ခင် စီးရီးစ်ကြည့်သွားကြပါလို့စ်)အဲနောက် ကျွန်တော်တို့ သိသလောက် Toothless လို Night Fury ဟာ သူတစ်ကောင်တည်း ကျန်တော့တယ်ပေါ့နော်.. 2 မှာလည်း ဟစ်ကပ် (Hiccup) ရဲ့အမေ Valkaက “He might very well be the last of his kind” လို့တောင် ဆိုခဲ့ပါသေးတယ်.. ဒါပေမဲ့ ခုတော့ နောက်ထပ် Night Fury မလေးတစ်ကောင်တောင် ပေါ်လာလို့ပါလား :D ကျွန်တော်တို့လည်း How to Train Your Dragon ကြည့်ရင် ဇာတ်ကောင်တွေမကြည့်ဘဲ Toothless လေးကြည့်ပြီးပဲ ပျော်နေကြတဲ့အမျိုးမဟုတ်လား.. ဒီကားကတော့ ၂၀၁၉ မှ ရုံတင်မှာပေမဲ့ ကျွန်တော်တော့ ထွေလာကြည့်ပြီးတာနဲ့တင် ချက်ချင်းဆိုမှ ချက်ချင်းကို ကြည့်ချင်နေတော့တာပါပဲ...။

၃။ Bumblebee




Transformers ကြည့်ဖူးတဲ့သူတွေ Bumblebee ကို သိကြမှာပါ…အစက ကျွန်တော် ဒီဇာတ်ကားကို ထည့်မရေးဘဲ နေမလို့… ကျွန်တော်ကိုယ်တိုင်တောင် Timeline ကို မကွဲသေးဘူးလေ.. Transformers တွေ ကမ္ဘာကြီးပေါ်မှာ မရှိတော့တဲ့အချိန်လား၊ မရောက်သေးတဲ့အချိန်လား မသဲကွဲ  … Bumblebee ဆိုတာကလည်း ဒုတိယကမ္ဘာစစ်ကတည်းက စစ်ဝင်တိုက်နေတဲ့အမျိုးမဟုတ်လား… ဖြစ်နိုင်ချေရှိတာကတော့ The Last Knight နဲ့ Transformers ကြားထဲကအချိန်တစ်ခုခု ဖြစ်နိုင်ပါတယ်။ ဘာလို့ဆို Bee ပုံစံက Transformers ထဲကလို လန်ဘိုမဟုတ်ဘဲ ဗောက်စ်ဝက်ဂွန်လေးပဲ ဖြစ်နေတာကိုး…

နောက်ထပ်တွေ့ရတာက Decepticons တွေပါ။ သူတို့တွေ ၁၉၈၀ မှာ မက်ဂါထရွန်ကို ဂလက်ဆီတစ်ခုလုံး ပြဲပြဲစင်အောင် လိုက်ရှာကြတာ မှတ်မိကြသေးတယ်ဟုတ်? ဖြစ်နိုင်တာက သူတို့တွေ ရှာရင်း ကမ္ဘာပေါ်ရောက်လာတာကို Bee က စောင့်ကြည့်ဖို့ ရောက်နေတာမျိုးလားပေါ့…အော့ပ်တီးမတ်စ်ပရိုင်း (Optimas Prime) ရဲ့ "ဒီကမ္ဘာကို ငါတို့ ကာကွယ်ရမယ်" ဆိုတဲ့အသံလည်း ကြားလိုက်မိသလားပေါ့နော်.. ဆိုတော့ ဒါလည်း ဖြစ်နိုင်တာပဲလေ… ဒါပေမဲ့ Decepticons တွေက ဘာကြောင့် Transformers timeline ရောက်သည်ထိ မလှုပ်ရှားကြသေးတာလဲဆိုတာကလည်း စဉ်းစားစရာပဲလေနော်.. တကယ်လို့များသာ Decepticons တွေကသာ လူသားတွေရဲ့ နည်းပညာက Transformers တွေရဲ့ နည်းပညာကနေ ဆင်းသက်လာတယ်ဆိုတာများ ရိပ်မိသွားခဲ့သည်ရှိသော်… Bee တော့ ကျိန်းသေ ဒုက္ခရောက်မှာပါပဲ.. ဆိုတော့ နောက်ပိုင်းမှ ရိပ်မိသွားမလား… ဒီထဲမှာကတည်းက Bee နဲ့ တစ်ခုခု ငြိပြီး ကွိုင်ကြသလား… ဘာလား ညာလား.. ကြည့်မှ သိတော့မှာပါပဲ :D ပြောပါတယ်.. သိပ်မရေးချင်ပါဘူးဆို ဒီကားအကြောင်း :D

၄။ Fantastic Beasts and Where to Find Them : The Crimes of Grindelwald




နောက်ဆုံးတော့… နောက်ဆုံးတော့…. နဗီးလ်လောင်းဘော့တွန်ကို ဆဲမိတော့တာပါပဲ… နာမည်ကျော် Harry Potter ဇာတ်လမ်းတွဲ ဖန်တီးသူ JK Rowling ရဲ့ လက်ရာပေါ့.. Fantastic Beasts (အဲလိုပဲအတိုပြောတော့မယ်နော်.. ) ပထမဇာတ်ကားမှာကတည်းက Newt နဲ့ Jacob ရဲ့အခွီကွက်တွေကို ပရိသတ်အကြိုက်တွေ့ခဲ့ကြတာပါ… လက်လက်လက်လက် မြင်ရင် မနေနိုင်တဲ့ နစ်ဖလာလေးနဲ့ နျုကို စိတ်ကောက်တတ်တဲ့ ဘိုးတပ်ကယ်လ်လေးတို့ကိုလည်း ဝိုင်းချစ်ကြတာ ဝက်ဝက်ကွဲပေါ့… ခု ဒုတိယကား ထွက်လာတဲ့အချိန်မှာတော့ ပေါ်တာခေါင်းတွေအားလုံးနီးနီးဟာ သည်းသည်းလှုပ်ကုန်ကြတော့တာပါပဲ…။

ဂရင်းဒီဝေါလ်ရဲ့ ပါဝါအကြမ်းစားတွေ၊ မတွေ့ဖူး၊ မမြင်ဖူးသေးတဲ့ သားရဲအသစ်တွေ၊ ဒမ်ဘယ်လ်ဒိုး ငယ်ဘဝနဲ့ နာဂီနီရဲ့ ဇစ်မြစ်တွေက ထွေလာကြည့်မိတဲ့သူတွေကို ဝိုးခနဲ၊ ဝါးခနဲ ဖြစ်သွားစေတဲ့အခန်းတွေပေါ့….။

လက်ရှိအချိန်မှာတော့ ဘယ်ဘက်ကို ကြည့်လိုက်ရင် နာဂီနီကို မတ်မတ်ဆိုပြီး ဝိုင်းကြွေနေကြတဲ့ ပေါ်တာခေါင်းတွေကို တွေ့ရမှာဖြစ်သလို ညာဘက်ကို ကြည့်လိုက်ရင်တော့ဖြင့် နာဂီနီကို ခေါင်းဖြတ်လိုက်တဲ့ နဗီးလ်ကို ဝိုင်းဆဲနေကြတဲ့ ပေါ်တာခေါင်းတွေကို တွေ့ရမှာ ဖြစ်ပါတယ်..အယ်လဲ့ :D ဘာလို့ဆို နာဂီနီရယ်လို့ ဖြစ်လာမယ့် မြွေမလေး (မြွေမကြီးမဟုတ်တော့ဘူး :3) ဟာ ခပ်ချောချော ခပ်မိုက်မိုက် မိန်းမလှလေးဖြစ်နေလို့ပါပဲ… ပထမဇာတ်ကားမှာ သေပြီလိုလိုပြခဲ့တဲ့ (အစလေးတစ်စ လွင့်သွားတော့ လွတ်သွားမှန်းသိလိုက်ပါတယ်.. ဒါပေမဲ့ မသေချာလေ) ခရီးဒန့်စ်ကလည်း ပြန်ပါလာပြီးအရမ်းတွေ ကြမ်းဆိုတော့ကာ….. မနေနိုင်တော့ပါဘူးနော်… နိုဝင်ဘာ ၁၆ ရောက်ချင်လှပါပြီ။

Angelic Demon (ရိုးရာလေး)




Some text some message..