မြန်မာသရဲကား “The NAKED GHOST ” က နိုင်ငံတကာရုပ်ရှင်ဆု ၃ဆု ဆွတ်ခူး
mmtimes.com
|
2020-05-16



ဓာတ်ပုံ- ငြိမ်းချမ်းကျော် facebook

မြန်မာသရဲကား “The NAKED GHOST ” က နိုင်ငံတကာရုပ်ရှင်ဆု ၃ဆု ဆွတ်ခူး

ဇန်နဝါရီလတွင် ကျင်းပခဲ့သော နိုင်ငံတကာရုပ်ရှင်ပွဲတော်များအနက် Bhutan နိုင်ငံ၌ပြုလုပ်သည့် Druk International Film Festival နှင့် New York မြို့တွင် ကျင်းပသည့် New York Film Festival တို့တွင် မြန်မာသရဲကား “The NAKED GHOST” ရုပ်ရှင်ဇာတ်ကားက ဆုသုံးဆုဆွတ်ခူးခဲ့ကြောင်း သရုပ်ဆောင် ငြိမ်းချမ်းကျော်က မြန်မာတိုင်းမ်သို့ ပြောသည်။

"ကျွန်တော်တို့ ဇာတ်ကားက လောလောဆယ် နိုင်ငံတကာရုပ်ရှင်ဆု (၃) ဆုကို ဆွတ်ခူးရရှိထားတာပါ။ကျွန်တော်တို့က ဖေဖော်ဝါရီလကတည်းက ဆုရတာကို သိရပါတယ်။ကိုဗစ်ကာလဖြစ်နေတဲ့အချိန်မို့ လူတိုင်းက စိတ်ညစ်နေကြတဲ့အတွက် ဒီဆုရတဲ့အကြောင်းကို မတင်ဖြစ်တာပါ။ကျန်တဲ့ ဆုတွေကတော့ မသိရသေးပါဘူး။ကိုဗစ်ကာလမို့ ဒီပွဲတော်ကို ရက်တွေနောက်ရွှေ့သွားတယ်လို့ သိရတယ်။ဒီကားက သရဲကားတွေထဲမှာမှ ဇာတ်လမ်းဇာတ်အိမ်ရှိတဲ့ သရဲကားလို့ ပြောလို့ရပါတယ်။ဇာတ်ကားရဲ့ ၃၅ရာခိုင်နှုန်းမှာ သရဲကား စပါဝင်တာလည်း ဖြစ်ပါတယ်။မင်းသမီးရဲ့ အဓိကဇာတ်ပါ၊ပထမထွန်းထွန်းရဲ့ ကာရိုက်တာနေရာကို ကျွန်တော်တို့ချင်းပြောင်းရိုက်တာလည်းပါပါတယ် "ဟု ၎င်းက ပြောသည်။

အဆိုပါ ဇာတ်ကားသည် Media 5 ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ (အရုဏ်ဦး)ပွင့်သိင်္ဂီဇော်၏ ပထမဆုံးသရဲဇာတ်ကား The NAKED GHOST @ စွဲ (genre: Horror) ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး သရုပ်ဆောင်များအနေဖြင့် ထွန်းထွန်း ၊ငြိမ်းချမ်းကျော် ၊နေရဲ ၊ အလှမယ်ရွှေအိမ်စည်တို့က ပါဝင်သရုပ်ဆောင်ထားသည်။

နိုင်ငံတကာရုပ်ရှင်ပွဲတော်များအနက် Bhutan နိုင်ငံတွင်ပြုလုပ်သော Druk Int'l Film Festival ၏ Best Horror/Sci-Fi/Genre Film Awardဆု၊ New York မြို့တွင် ကျင်းပသည့် New York Film Festival ၏ Best Actor Award (ငြိမ်းချမ်းကျော်)ဆုနှင့် Honorable Mention (Sound Design) Award (Corey Zeya)ဆုတို့ အသီးသီးရရှိခဲ့သည်။




Some text some message..